ပရဟိတအဖွဲ့သို့လှူဒါန်းရန် စီရော်နယ်ဒိုက ၎င်းရရှိထားသည့် Ballond'Or ဆု တစ်ခုကို လေလံတင်ရောင်းချရာ အစ္စရေးသန်းကြွယ်သူဌေးတစ်ဦးကဝယ်ယူ
အယ်နာဆာအသင်းကစားသမား စီရော်နယ်ဒို က ၎င်းရရှိထားသည့် ကမ္ဘာ့အကောင်းဆုံးကစား သမားဆု (Ballond'Or) များထဲမှ တစ်ခုကို ပရဟိတအဖွဲ့သို့လှူဒါန်းရန် လေလံတင်ရောင်းချခဲ့ရာ အစ္စရေးသန်းကြွယ်သူဌေးတစ်ဦးဖြစ်သည့် အီဒန်အိုဖာက စတာလင်ပေါင် ခြောက်သိန်းဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။
စီရော်နယ်ဒိုသည် အလွန်ပြင်းထန်သည့် နာမကျန်း ဖြစ်မှုခံစားနေရသော ကလေးငယ်များကို ကူညီပေး နေသည့် ပရဟိတအဖွဲ့အစည်းဖြစ်သော Maske-A-Wish အမည်ရှိအဖွဲ့အစည်းထံ လှူဒါန်းရန်အတွက် ၂၀၁၃ ခုနှစ်က ၎င်းရရှိထားသည့် Ballond'Or ဆုကို လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် ပရော်ဖက်ရှင်နယ်ကစားသမား ဘဝတွင် Ballond'Or ဆုကို ၂၀၀၈ ခုနှစ်က မန်ယူ အသင်း၌ကစားစဉ် ပထမဆုံးအကြိမ်ရရှိခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ထပ်မံရရှိခဲ့ပြီး စုစုပေါင်း ငါးကြိမ်အထိ ရရှိခဲ့ကာ Ballond'Or ဆု ခုနစ်ကြိမ်ရရှိထားသည့် မက်ဆီ၏နောက်တွင် ဒုတိယမြောက် အများဆုံးဆွတ်ခူးထားသည့် ကစားသမားအဖြစ် ရပ်တည်နေသူ ဖြစ်သည်။
စီရော်နယ်ဒိုမတိုင်မီကလည်း Ballond'Or ဆု ဆွတ်ခူးနိုင်ခဲ့သည့် ကစားသမားများက ဆုတံဆိပ်များကို လေလံတင်ရောင်းချမှု ပြုလုပ်ခဲ့ဖူးပြီး ၂၀၂၁ ခုနှစ်က ရီးယဲလ်မက်ဒရစ်အသင်း ဂန္ထဝင်ကစားသမားကြီး ဒီစတီဖာနိုသည် ၁၉၅၇ ခုနှစ်က ရရှိခဲ့သည့် Ballond'Or ဆုကို လေလံတင်ရောင်းချခဲ့ရာတွင် စတာလင်ပေါင် ၆၀၈၀၀ ဖြင့်လည်းကောင်း၊ ၁၉၅၉ ခုနှစ်ကရရှိခဲ့သည့် Ballond'Or ဆုကို စတာလင်ပေါင် ၅၄၄၀၀၀ ဖြင့်လည်းကောင်း ရောင်းချနိုင်ခဲ့သည်။ လက်ရှိဘောလုံးလောကတွင် ဒီစတီဖာနို တစ်ဦးတည်းသာ ရရှိခဲ့ဖူးသည့် Super Ballond'Or ဆုကို လေလံတင်ရောင်းချခဲ့ရာတွင် စတာလင်ပေါင် ၁၈၇၅၀၀ ရရှိခဲ့ပြီး ယခုအခါ စီရော်နယ်ဒိုရောင်းချခဲ့သည့် Ballond'Or ဆုမှာ စတာလင်ပေါင် ခြောက်သိန်းရရှိကြောင်း သိရသည်။
Ref;Marca