နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ စက်သုံးဆီချွေတာကြပါစို့

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ စက်သုံးဆီချွေတာကြပါစို့

    သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီများကို  မဖြစ်မနေ အသုံးပြုကြရသည်။  လူတို့၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ် အသုံးပြုနေရမှုနှင့်အတူ လတ်တလောဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် ဆီဈေးနှုန်းများ ကြီးမြင့်လာရာ ကျွဲကူးရေပါဆိုသလို အခြားသော ထုတ်ကုန်ပစ္စည်းများသည်လည်း  ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ မြန်မာနိုင်ငံတွင်   စက်သုံးဆီဖူလုံမှု မရှိသေးသဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းနေရသည်။ နိုင်ငံခြားငွေ သုံးစွဲနေရသည်။ နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ရန်   ပြည်ပမှ တင်သွင်းနေရမှုများကို   လျှော့ချခြင်း၊ တရားမဝင် တင်သွင်းနေသော  ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူခြင်း  စသည့်နည်းလမ်းများဖြင့် ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်များစွာက  မန္တလေးမြို့ကို စက်ဘီးမြို့တော်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ မန္တလေးတွင် စက်ဘီးကိုယ်စီဖြင့်   သွားလာနေကြသည်မှာ  ချစ်စရာကောင်းသလို ယာဉ်မတော်တဆဖြစ်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းမရှိပေ။  စက်ဘီးစီးခြင်းသည်  ကျန်းမာရေးနှင့် လွန်စွာညီညွတ်သည်။ ရန်ကုန်မြို့တော်တွင် မော်တော်ယာဉ်လိုင်းများ မြို့အနှံ့ပြေးဆွဲနေပြီ ဖြစ်သည့်အတွက်  ခရီးသွားပြည်သူ အများစုမှာ ဈေးနှုန်းချိုသာသော    မော်တော်ယာဉ်လိုင်းကားများဖြင့်သာ လိုရာခရီးသို့သွားကြရသည်။ ရုံးဝန်ထမ်းများသည်လည်း   ထိုနည်းလည်းကောင်းပင် ဘတ်စကားများ တိုးဝှေ့စီးနင်းလိုက်ပါ၍    ရုံးတက်ခဲ့ကြသည်။

ခေတ်ကာလ တိုးတက်လာမှုနှင့်အတူ  မန္တလေးမြို့တော်တွင် စက်ဘီးထက် မော်တော်ဆိုင်ကယ်စီးနင်းမှု များပြားလာခဲ့သည်။ ငွေကြေးပြည့်စုံသူများက ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် မောင်းနှင်သွားလာကြသည်။   ရန်ကုန်တွင် လည်းကောင်း၊   အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်မြို့ကြီးများတွင် လည်းကောင်း စက်ဘီးနေရာတွင် မော်တော်ဆိုင်ကယ်များ၊  မော်တော်ယာဉ်များက  နေရာယူလာသည်။

စက်သုံးဆီလိုအပ်ချက်သည် တစ်နှစ်ထက်တစ်နှစ် ပိုမို လိုအပ်လာသဖြင့် စက်သုံးဆီကို  ပြည်ပမှ  ငွေကုန်ကြေးကျများစွာ ကျခံကာ ဝယ်ယူတင်သွင်းရသည်။

မြန်မာနိုင်ငံတွင်  မော်တော်ဆိုင်ကယ် အသုံးပြုသူတိုင်းက တစ်ရက်လျှင် စက်သုံးဆီဘူး တစ်ဝက်ခန့် လျှော့ချသုံးစွဲမည်ဆိုပါက   ဆိုင်ကယ်ခြောက်သန်း အတွက်  တစ်ရက်လျှင်  ၁၂၅ ဂါလန် သက်သာမည်ဖြစ်သည်။ 

ကားအသုံးပြုသူတိုင်းက ကားတစ်စီး တစ်ရက်လျှင် သုံးစွဲမှုဆီပုလင်းတစ်ဝက် လျှော့ချနိုင်လျှင် တစ်ရက်လျှင် ဂါလန်  ၁၂၅၀၀၀ လျှော့ချနိုင်မည်ဖြစ်သည်။ ယာဉ်အသုံးပြုသူများအနေဖြင့်    မိမိတို့ တစ်ဦးချင်းက  တစ်ပတ်လျှင် အနည်းဆုံး တစ်ရက်  ယာဉ်အသုံးမပြုဘဲ နေမည်ဆိုပါက  စက်သုံးဆီကို ချွေတာရာရောက်သကဲ့သို့ ကုန်ကျငွေကိုချွေတာခြင်း ဖြစ်သည်။

ပြည်သူတစ်ရပ်လုံး စက်သုံးဆီချွေတာ သုံးစွဲကြရန် နှိုးဆော်အသိပေးနေသကဲ့သို့ မဖြစ်မနေ သုံးစွဲနေကြရသူများအတွက် စက်သုံးဆီဈေးနှုန်း ချိုသာစွာ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်   ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေ လဲလှယ်နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီမှာယူ တင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဇန်နဝါရီ ၁၁ ရက်မှ စတင်ရောင်းချ ပေးလျက်ရှိသည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကုမ္ပဏီ ၁၈ ခု တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင်  စုစုပေါင်း  ၃၆၃  ဆိုင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။  မတ် ၁၂ ရက်တွင် ကုမ္ပဏီငါးခုမှ  တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် ၃၈ ဆိုင်တွင် အထူးဈေးနှုန်းဖြင့် ဒီဇယ်ရောင်းပေးခဲ့ကြောင်း သိရသည်။ စက်သုံးဆီ အရောင်းဆိုင်များတွင်  သတ်မှတ်ဈေးနှုန်း အတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ စားသုံးသူရေးရာ ဦးစီးဌာန  ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းတို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်းကိုလည်း အသိပေးထားသည်။

နိုင်ငံ၌  စက်သုံးဆီ၊  စားသုံးဆီ၊  အခြေခံဆောက်လုပ်ရေး ပစ္စည်းများနှင့် ချည်ထည်ပစ္စည်းများ ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်း၌ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး  နိုင်ငံတော်အစိုးရသည်  ဦးစားပေး လုပ်ကိုင်နေသလို   ပြည်သူလူထု တစ်ဦးချင်း  ပါဝင်ဆောင်ရွက်နိုင်သည့်   ချွေတာသုံးစွဲရေး လုပ်ငန်းစဉ် တစ်ရပ်ကိုလည်း  တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ စီးပွားရေး ကောင်းမွန်မှသာလျှင်    လူနေမှုဘဝ မြင့်မားလာမည်ဖြစ်သဖြင့်   ပြည်သူများ လိုက်ပါ လုပ်ဆောင်နိုင်သည့် စက်သုံးဆီကို ချွေတာသုံးစွဲသင့်သည်။

ပြည်တွင်း၌ စက်သုံးဆီဈေးနှုန်းများ ဆက်တိုက် မြင့်တက်လာနေမှု အပေါ်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းတို့ ပူးပေါင်းပြီး အထူးဈေးနှုန်းဖြင့် စက်သုံးဆီရောင်းချပေးမှုများ ရှိခဲ့သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရောင်းချပေးသည့် နိုင်ငံခြားငွေ ဒေါ်လာ ၃၄ သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းသည့် ကုမ္ပဏီများက ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို  ရန်ကုန်တိုင်းဒေသကြီးတွင် ၇၂ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ဆိုင် ၇၀၊ နေပြည်တော်၌ ၁၂ ဆိုင်၊ ပဲခူးတိုင်းဒေသကြီး၌ ၃၇ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် ၁၆ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂ ဆိုင်၊ တနင်္သာရီတိုင်း ဒေသကြီးတွင် နှစ်ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၄ ဆိုင်၊  ကရင်ပြည်နယ်တွင်  ရှစ်ဆိုင်၊ မွန်ပြည်နယ်တွင် ဆိုင် ၃၀၊ ရခိုင်ပြည်နယ်တွင် ကိုးဆိုင်၊ ရှမ်းပြည်နယ်တွင်  ၄၁  ဆိုင်တို့တွင် ရောင်းချပေးနေကြောင်း ကြေညာခဲ့သည်။

ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့၌ ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ  92  Ronတစ်လီတာ ၁၉၉၀ ကျပ်၊  95 Ron   တစ်လီတာ  ၂၀၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၃၂၅ ကျပ်ဖြစ်ကြောင်း သိရသည်။ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့်  အချို့စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်းချနေသည့် စက်သုံးဆီ အရောင်းဆိုင်များကို စိစစ်ပြီး  ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ(၂၀၁၇)အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေးအပါအဝင်  နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ရည်ညွှန်း လက်လီဈေးနှုန်းဖြင့်  ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်မှုကော်မတီမှ သိရသည်။ သီလဝါဆိပ်ကမ်း၌ စက်သုံးဆီဂါလန် ၁၆ သန်းကျော် ဆီချခဲ့သဖြင့် ရန်ကုန်သီလဝါ ဆီလှောင်ကန် လက်ကျန်များ၊ စက်သုံးဆီ အရောင်းဆိုင်များနှင့် ဖြန့်ဖြူးမှုလက်ကျန် အခြေအနေများအရ စက်သုံးဆီ ဖူလုံမှုရှိကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက  ထုတ်ပြန်ထားသည်။

စက်သုံးဆီ  တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့်    စက်သုံးဆီ အမျိုးအစားအလိုက် ဖူလုံမှုရှိစေရေး စိစစ်တင်သွင်း ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါ ဆိပ်ကမ်းရှိ Terminal များတွင် စက်သုံးဆီတင်ဆောင်လာသည့်  သင်္ဘောကြီးများ အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး  ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အပေါ် ဖူလုံမှုရှိကြောင်း သိရသည်။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ပမှ တင်သွင်းနေရသော စက်သုံးဆီများကို ချွေတာသုံးစွဲ သင့်ပြီး ခရီးသွားမည်ဆိုပါက အများသုံးသယ်ယူ ပို့ဆောင်ရေးယာဉ်၊ ရထားများကို အသုံးပြုကာ မသွားလျှင်မဖြစ်သော ခရီးမှအပ  ခရီးသွားလာမှုကို လျှော့ချသင့်သည်။  တစ်ဦးချင်းစီက   စက်သုံးဆီ ချွေတာမည်ဆိုပါက    ကောင်းကျိုးရလဒ်များသာ ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။    ။

အောင်ထက်လင်း(ကြိမ်ချောင်း)