မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီလ - ၁၂
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ မဟာဇေယျသုခဓမ္မာရုံ၌ ပြုလုပ်ရာ ကချင်ပြည်နယ်၊ သံဃာ့နာယက အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဝန်းသိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ကေတုမာလ အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝန်းသိုကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပဋ္ဌာန်းအကြောင်း သိကောင်း စရာဩဝါဒများ နာယူကြည်ညိုကြသည်။ ထို့နောက် ပတ္တမြားကျောင်းတိုက် ဆရာတော်က ပဋ္ဌာန်းရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ ပဋ္ဌာန်းအမွှန်းဂါထာကို ရွတ်ဖတ်ပူဇော်ပြီး သံဃာတော်များနှင့် တက်ရောက်လာကြသူများက ပဋ္ဌာန်း ပစ္စယုဒ္ဒေသပါဠိတော်မြတ်ကို သုံးကြိမ် ရွတ်ဖတ်ပူဇော်ကြကာ အလှည့်ကျ ဘာဏက သံဃာတော်များက ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြ သည်။ အဆိုပါ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၁၆ ရက်အထိ ၅ ရက်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။