မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေး စုံညီပွဲတော်ကျင်းပပြုလုပ်

မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေး စုံညီပွဲတော်ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၂

      မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။

      ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူများက “စုံညီပွဲတော် တို့နွှဲပျော်” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေး ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

      ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြည်နယ် ပညာရေးဌာနသို့ အလှူငွေများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။