၂၀၂၃ ခုနှစ် လာခြင်းကောင်းသောနှစ်ဖြစ်ပါစေ

၂၀၂၃ ခုနှစ် လာခြင်းကောင်းသောနှစ်ဖြစ်ပါစေ

    ၂၀၂၂ ခုနှစ် ကုန်ဆုံး၍ ၂၀၂၃ ခုနှစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ အချိန်နှင့် ဒီရေသည် လူကိုမစောင့် ဆိုသကဲ့သို့ ရက်၊ လ၊ နှစ်တို့သည် မရောက်နိုင်သေး၊ လိုသေးသည်ဟု   စိတ်တွင် မှတ်ယူနေသော်လည်း တရွေ့ရွေ့နှင့် အမှန်တကယ် ရောက်ရှိလာသည်သာ။ ပြန်ကြည့်လိုက်ရင်တော့ ကျန်ခဲ့သည့်အချိန်များမှာ မကြာသေးသလိုပင်။ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလသည် အတိတ်ကာလတည်းဟူသော  အကြောင်းတရားအပေါ် အခြေခံ၍ ဖြစ်တည်ခြင်း၊ ပျက်စီးခြင်း စသည့်အကျိုးတရားများ ပေါ်ပေါက်လာခြင်းဖြစ်ပေရာ လွန်လေပြီးသော ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ မိဘသဖွယ်မေတ္တာထား၍ စီမံအုပ်ချုပ်မှုအောက်တွင်   ကျွန်တော်တို့မြန်မာနိုင်ငံသည် ကောင်းမွန်သော အခြေခံအုတ်မြစ်များဖြင့် ဖြည်းဖြည်းမှန်မှန်  တိုးတက်ပြောင်းလဲ လာသည်ကို တွေ့မြင်ရသဖြင့်  ၂၀၂၃ ခုနှစ်သည် ပိုမိုကောင်းမွန်သော၊ လာခြင်းကောင်းသော နှစ်ဖြစ်မည်ဟု မျှော်လင့် မိသည်။

    နိုင်ငံတစ်ခုဖွံ့ဖြိုး တိုးတက်ရန်အတွက်  အခြေခံလိုအပ်ချက်များမှာ တည်ငြိမ်အေးချမ်းခြင်းနှင့် တရားဥပဒေ စိုးမိုးခြင်းပင်ဖြစ်သည်။ တည်ငြိမ်အေးချမ်းပြီး   တရားဥပဒေစိုးမိုးမှသာ ပြည်သူတို့ဘဝ လုံခြုံစိတ်ချရပြီး နိုင်ငံအတွက်အဓိက လိုအပ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊ ပညာရည်မြင့်မားရေး ကိစ္စရပ်များ၊  ကျန်းမာရေးနှင့်အခြား  လိုအပ်သည့် ကဏ္ဍပေါင်းစုံတို့ကို  ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည့်စုံသည့်အခြေ နေပျော်သည့်ဘဝသို့    ရောက်ရှိရန်မှာ အခြားဖွံ့ဖြိုးပြီးနိုင်ငံများကို   မှန်းမျှော်အားကျနေရုံမျှဖြင့် မရနိုင်ပေ။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဟူသောစကားအတိုင်း   တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက စည်းစည်းလုံးလုံးဖြင့်  ကျရာအခန်းကဏ္ဍတွင် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခြင်းဖြင့် တဖြည်းဖြည်းချင်း တည်ဆောက်ရမည်ဖြစ်သည်။

တည်ငြိမ်အေးချမ်းရေးနှင့် စပ်လျဉ်း၍  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က  ၂၀၂၃ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် “မိမိဒေသ၊ မိမိလူမျိုးရဲ့ ကောင်းကျိုးကို တကယ့်ရင်ထဲက စစ်မှန်တဲ့စေတနာ၊ မေတ္တာအမှန်တရားနဲ့ လိုလားဖို့ပဲ အရေးကြီးပါတယ်။ ကျွန်တော်တို့  လက်နက်ကိုင်ပဋိပက္ခတွေ ဖြေရှင်းနိုင်ရင် တိုင်းရင်းသားတွေနဲ့  တိုင်းရင်းသား ဒေသတွေရဲ့ အခွင့်အရေး ပိုမိုဆောင်ရွက်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ဒီမိုကရေစီ အခွင့်အရေးတွေ မဆုံးရှုံးစေဖို့ တိုင်းရင်းသားဒေသတွေ အပါအဝင်  တစ်နိုင်ငံလုံးနေရာအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်” ဟု  သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးသို့ ရည်ရွယ်၍  ပြောကြားခဲ့ပါသည်။ ဤသည်ကိုကြည့်ပါလျှင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည်  လိုအပ်ချက်အရ   နိုင်ငံတော် အာဏာကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသော်လည်း ဒီမိုကရေစီလမ်းစဉ်အား သွေဖည်သွားလိုသော ဆန္ဒမရှိကြောင်း  အထင်အရှား တွေ့မြင်နိုင်သည်။ ထို့အတူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံးကိုလည်း နေရာဒေသမရွေး တန်းတူညီသော အခွင့်အရေးကို ခံစားစေလိုသည့် စေတနာကိုလည်း ခံစားသိနိုင်သည်။ ထို့ကြောင့်ပင်လျှင် မိမိဒေသနှင့် မိမိလူမျိုးအပေါ်  အမှန်တကယ် စေတနာရှိပါက လက်နက်ကိုင်ပဋိပက္ခများကို  ဆွေးနွေးအဖြေရှာသော နည်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ကြရန် ကြိုတင်ကန့်သတ်ချက် မထားသော   ဖိတ်ခေါ်မှုများဖြင့် ငြိမ်းချမ်းရေး တံခါးဖွင့်ထားသည်ကို  တိုင်းသိပြည်သိပင်ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာဖို့ အခွင့်အရေးရှိပါလျက်  လက်နက်စွဲကိုင်၍  အများပြည်သူတို့၏ တည်ငြိမ်အေးချမ်းမှုကို ဖျက်လိုဖျက်ဆီးလုပ် နေမည်ဆိုပါက ထိုအဖွဲ့အစည်း၏  နယ်မြေဒေသ အပေါ်ထားသော စိတ်စေတနာကို ပြန်လည်ဆန်းစစ်ရန် လိုအပ်မည်ဖြစ်သည်။

အထက်ပါ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ဒီမိုကရေစီစနစ်နှင့် စပ်လျဉ်း၍လည်း “ကျွန်တော်တို့အားလုံး  အတူတကွလျှောက်လှမ်းချင်တဲ့  စစ်မှန်စည်းကမ်းပြည့်ဝတဲ့  ဒီမိုကရေစီစနစ် ခိုင်မာစေရန်နဲ့ ဒီမိုကရေစီနဲ့   ဖက်ဒရယ်စနစ်ကို  အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ယခုရှိပြီးသားထက် ပိုမိုတဲ့ပေါင်းစည်း ညီညွတ်မှုများနဲ့  ရှေ့ကိုခရီးဆက်ရမှာပဲဖြစ်ပါတယ်” ဟုပြောကြားထားပါသည်။ ထိုထဲတွင် ဒီမိုကရေစီဟူ၍ မပြီး  စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဟု ဆိုထားပါသည်။ မှန်ပါသည်။

    ကျွန်တော်တို့မြန်မာနိုင်ငံသည်   တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းတည်ထောင်အပ်သော ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို  လျှောက်လှမ်းနိုင်ရေး အားလုံးပါဝင်ဆောင်ရွက်ကြရမှာဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ  အထက်တွင် ဖော်ပြပြီးသော စစ်မှန်စည်းကမ်း ပြည့်ဝသော   ဒီမိုကရေစီဖြစ်ပြီး ဖက်ဒရယ်စနစ် ဆိုသည်မှာ   မတူကွဲပြားနေသည့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လူမျိုးများ၊ လူမျိုးစုများကို  စုစည်း လုပ်ကိုင်ရာမှ  လုပ်ကိုင်နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းကို ရည်ညွှန်းသည်။   ဖက်ဒရယ်စနစ်ကို ကျင့်သုံးသော နိုင်ငံများအနေဖြင့်  တစ်နိုင်ငံနှင့်တစ်နိုင်ငံ  အုပ်ချုပ်မှုပုံစံမတူကြပေ။ မိမိတို့နိုင်ငံနှင့် ကိုက်ညီသော    အုပ်ချုပ်ရေး စနစ်ကို ဖော်ဆောင်နိုင်ဖို့ လိုအပ်သည်။ ထို့အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရရှိရန် လိုအပ်သည်။

    တိုင်းရင်းသား  စည်းလုံးညီညွတ်မှု ရရှိနိုင်ရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက အဆုံးစွန်အထိ  တံခါးဖွင့်ကြိုဆိုလျက် ရှိကြောင်းကိုလည်း  အပြောမဟုတ် အလုပ်သက်သေအဖြစ် ၂၀၂၂  ခုနှစ် တစ်နှစ်လုံးကို  တပ်မတော်မှ တစ်ဖက်သတ်အပစ်အခတ် ရပ်စဲခဲ့သလို  ၂၀၂၃  ခုနှစ် ဇန်နဝါရီ  ၁  ရက်မှ  ဒီဇင်ဘာ ၃၁ ရက်အထိလည်း  ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာခဲ့သည်ကို ဖတ်ရှုရသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ အကျပ်အတည်းများနှင့် ကိုဗစ်ရောဂါဘေးတို့အကြား  အဘက်ဘက်က ယိုင်နဲ့ခဲ့သော နိုင်ငံအခြေအနေကို ၂၀၂၂ ခုနှစ်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ထူထောင် ထိန်းသိမ်းနိုင်ခဲ့ပါသည်။  တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်လည်း ကြီးမားသော မေတ္တာ၊ စေတနာတို့ကို အရင်းခံ၍ အမုန်းတရားများကို ဖယ်ရှားကာ ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးပွဲများကို   စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရပါသည်။ ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ခေတ်အဆက်ဆက်တွင် နိုင်ငံ့အကျိုးအား အပြစ်အနာအဆာ ကင်းမဲ့စွာဖြင့် သယ်ပိုးထမ်းဆောင်ခဲ့ကြသော လူပုဂ္ဂိုလ်များကိုလည်း လူမျိုး၊ ဘာသာ၊ ပါတီအရောင်အသွေး မခွဲခြားဘဲ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကြီးကိုလည်း   ကမ္ဘာ့အဆင့်မီမီ စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပေသည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်သို့ နှစ်သစ်ကူးသည့် နယူးရီးယားပွဲများကိုလည်း ဒေသအလိုက် လူငယ်အများ   ပျော်ရွှင်လုံခြုံစွာ ကျင်းပနိုင်ရေး စီမံဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။     ထိုထိုသော ကိစ္စရပ်များအား တိုင်းရင်းသားပြည်သူများ အားလုံးအတွက် ရည်မျှော်၍   နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်  အဖွဲ့ဝင်များသည်  နေ့မနားညမနားနိုင်ငံ၏ ဒေသအနှံ့သို့ လှည့်လည်သွားရောက်ကာ အစည်းအဝေးပွဲပေါင်း မြောက်မြားစွာ၊  တွေ့ဆုံပွဲမြောက်မြားစွာ၊  စီမံဆောင်ရွက်မှုမြောက်မြားစွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။

ယင်းကဲ့သို့ ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့မှုများ အရ တိုးတက်တည်ငြိမ်လာသော နိုင်ငံ၏အခြေအနေအား ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးတက်တည်ငြိမ်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။ ၂၀၂၃ ခုနှစ်သည် နိုင်ငံအတွက်  အရေးကြီးသောနှစ်ပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့လိုချင်သော ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို    အခြေခံသည့်   ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာရေးအတွက် လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား  ကျင်းပနိုင်ရေး ဆောင်ရွက်မည့်နှစ်ပင်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  နိုင်ငံတော်တာဝန်ကို စယူသည်နှင့် အောက်ပါရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်အကောင်အထည်ဖော်ခဲ့ပါသည်-

    (၁) ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး  မဲစာရင်းများ စစ်ဆေးခြင်းများအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို    ဥပဒေနှင့်အညီ ဆက်လက်လုပ်ဆောင်သွားမည်။

    (၂) လတ်တလော   ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမည်။

    (၃) ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့်   အမြန်ဆုံး ကုစားသွားမည်။

    (၄) တစ်နိုင်ငံလုံး   ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက်  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး  သဘောတူစာချုပ် (NCA)ပါသဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်။

   (၅) အရေးပေါ် ကာလဆိုင်ရာ  ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)  နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမိုကရေစီ    အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍   အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့် အညီ  နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး   ဆက်လက် ဆောင်ရွက်သွားမည်။

 ဆိုရသော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အခက်အခဲများကြားမှပင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များ အတိုင်း   အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။  သို့ပါသောကြောင့်   နိုင်ငံနှင့် လူမျိုး၏  ကောင်းကျိုးကိုမျှော်၍   သက်ဆိုင်သည့် အဖွဲ့အစည်း အားလုံးနှင့် လူပုဂ္ဂိုလ်အားလုံး တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီနှင့်    လက်တွဲ၍ ရှေ့လုပ်ငန်းစဉ်အား  ညီညွတ်စွာပါဝင် အကောင် အထည်ဖော်ကြမည်ဆိုပါလျှင်   ၂၀၂၃ ခုနှစ်သည် ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊   နိုင်ငံသားအားလုံးအတွက် လာခြင်းကောင်းသော နှစ်ဖြစ်မည်မှာ အမှန်ပင် ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသည်။    ။

စိုးဝင်းလ