ဆေးဖက်လည်းဝင် ဝင်ငွေလည်းတိုးသော မက္ကဒေးမီးယားပင်များ စိုက်ကြပါစို့

ဆေးဖက်လည်းဝင် ဝင်ငွေလည်းတိုးသော မက္ကဒေးမီးယားပင်များ စိုက်ကြပါစို့

 မက္ကဒေးမီးယားသည် Proteaceae မျိုးရင်းဝင်ဖြစ်ပြီး သြစတြေးလျနိုင်ငံ၏ တိုင်းရင်းအပင်မျိုးစိတ် လေးမျိုးထဲမှ  မျိုးစုတစ်ခု၏  အမည်ဖြစ်သည်။ ယင်းအပင်တို့၏ မူရင်းဒေသမှာ ကွင်းစလန်းပြည်နယ် အရှေ့တောင်ပိုင်းနှင့် နယူးဆောက်ဝေးလ်ပြည်နယ် အရှေ့မြောက်ပိုင်းတို့ ဖြစ်သည်။ စကော့-သြစတြေးလျ ဓာတုဗေဒပညာရှင်  ဂျွန်မက္ကာဒမ်ကို ဂုဏ်ပြုသောအားဖြင့် ၁၈၅၇ ခုနှစ်တွင် Macadamia အမည်ကိုပေးခဲ့ခြင်းဖြစ်ကြောင်း  လေ့လာ မှတ်သားရသည်။ အခြားခေါ်ဝေါ်သောအမည်များမှာ Queensland nut၊ Bush nut၊ Maroochi nut၊ Bauple nut နှင့် awaii nut တို့ဖြစ်သည်။ သြစတြေးလျ အာဘိုရီဂျီနယ် ဘာသာစကားအရ အသီးကို bauple၊ gyndl၊ Jindilli နှင့် Boombera ဟူ၍လည်း  လူသိများကြသည်။

မက္ကဒေးမီးယားသည် အမြဲစိမ်းအပင်မျိုးဖြစ်ပြီး ၂ မီတာ မှ ၁၂ မီတာ (၇ ပေ မှ ပေ ၄၀) အမြင့်ရှိတတ်သည်။ အရွက်များသည် သုံးရွက်မှ ခြောက်ရွက်အထိ  အပင်ကိုပတ်၍ထွက်ပြီး  ပုံသဏ္ဌာန်မှာ လှံထိပ်ဖျားပုံမှ ဘဲဥချွန်ပုံ သို့မဟုတ် ဘဲဥပုံဖြစ်ကာ ၆ စင်တီမီတာ မှ ၃၀ စင်တီမီတာ (၂ လက်မ မှ ၁၀ လက်မ) ရှည်ပြီး အကျယ်မှာ ၃ စင်တီမီတာ မှ ၁၃ စင်တီမီတာ (၁ လက်မ မှ ၅ လက်မ) ရှိသည်။ ပန်းပွင့်များသည် အရှည်လိုက် သေးသွယ်သော အချောင်း သဏ္ဌာန်ပွင့်ကာ ၅ စင်တီမီတာ မှ ၃၀ စင်တီမီတာ(၂ လက်မ မှ ၁၀ လက်မ) ရှည်လျားပြီး ပန်းပွင့် တစ်ခုချင်းစီသည် အရှည် ၁၀ မီလီမီတာ မှ ၁၅ မီလီမီတာ (သုည ဒသမ ၄ လက်မ မှ သုည ဒသမ ၆ လက်မ) ရှိပြီး အဖြူရောင်မှပန်းရောင် သို့မဟုတ် ခရမ်းရောင်ဖြစ်သည်။

အသီးမှာ အခွံမာသီးအမျိုးအစားဖြစ်ပြီး ထိပ်ချွန်ကာ အစေ့တစ်စေ့ သို့မဟုတ် နှစ်စေ့ပါဝင်သည်။ အပင်၏ အသီးဖြစ်သော မက္ကဒေးမီးယား (Macadamia nuts) ကို စီးပွားရေးအရ တင်ပို့ရောင်းချကြသည်။ အသီးအခွံ ချောသောအမျိုးနှင့် အသီးအခွံကြမ်းသောအမျိုးဟူ၍ နှစ်မျိုးရှိသည်။ အသီးအခွံချောသော အမျိုးသည် အသီးအလုံး ကြီး၍ အခွံကြမ်းမျိုးသည် အသီးအရွယ်သေးသည်။ အခွံချောမျိုးအသီးက လုံးဝိုင်းသည်။ ဈေးကွက်ထဲတွင် အခွံချော အလုံးကြီးပြီး အရွယ်လုံးဝိုင်းသည့်မျိုးကို လူကြိုက်များသည်။

ရင့်မှည့်အသီးများမှာ အခွံမာသီးဖြစ်၍ Heat House (ခေါ်) အပူလှန်းအိမ်အတွင်း ဖြန့်ခင်း အခြောက်ခံစနစ်ဖြင့်  အခြောက်ခံရပြီး ထိုအခွံမာသီးများ အားလုံးစင်ခွဲကိရိယာဖြင့်ခွဲထုတ်ရာမှ အစေ့အဆန်အဖြူလေးများ ရရှိ၍ တိုက်ရိုက် စားသုံးနိုင်သည်။ မက္ကဒေးမီးယားအပင်သည်  အသီးစတင်ဖြစ်ထွန်း လာပါက နှစ်တစ်ရာကျော်ထိတိုင် သီးပွင့်နိုင်သည်။ သို့သော် အမြစ်များတိမ်ခြင်းကြောင့် အပင်သည် မုန်တိုင်းဒဏ်မခံနိုင်ဘဲ ပြိုလဲနိုင်သလို အပင်အမြစ် ရောဂါ (Phytophthora) ကိုလည်း ခံနိုင်ရည်မရှိပေ။

နိုင်ငံခြားဝင်ငွေရသည့် မြန်မာ့မက္ကဒေးမီးယား

မြန်မာနိုင်ငံတွင် မက္ကဒေးမီးယားကို ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချိုမြို့နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံဒေသတို့တွင် အဓိကထားစိုက်ပျိုးလျက်ရှိပြီး တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပုဂေါဇွန်း၊  ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင် ပန်းတောင်းမြို့နယ်နှင့် ပန်းတောင်း-တောင်ကုတ် ကားလမ်းဘေးရှိ ညောင်ဂျိုးကျေးရွာ၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မန်ထိန်၊ မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်၊ မိုးကုတ် မြို့နယ်၊ မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ်တို့တွင်လည်း စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ 

မက္ကဒေးမီးယားအသီးများကို နှစ်စဉ် ဧပြီလတွင် တစ်ကြိမ်ခူးဆွတ်ရပြီး ဒုတိယအကြိမ်အဖြစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ရင့်မှည့် အသီးများထပ်မံရရှိသည်။ စက်တင်ဘာလနှင့် အောက်တိုဘာ နှစ်လတာကာလ အတွင်း ပြည်တွင်းထွက် မက္ကဒေးမီးယားအညို အခြောက်သီးတန်ချိန် ၂၀၀ ခန့်အား ပြည်ပနိုင်ငံများသို့ တင်ပို့ ထားပြီးဖြစ်ကာ တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေရပြီး ထိုင်းနိုင်ငံကတစ်ဆင့် တင်ပို့လျက်ရှိသည်။ လတ်တ လောတွင် ပြည်တွင်း၌ မက္ကဒေးမီးယားအခြောက် တစ်ကီလိုလျှင် ငွေကျပ် ၄၅၀၀ မှ ၅၅၀၀၊ ထိုင်းနိုင်ငံ၌ မက္ကဒေးမီးယား အခြောက်တစ်ကီလိုလျှင် ငွေကျပ် ၇၀၀၀မှ ၈၀၀၀၊ တရုတ်နိုင်ငံ၌ မက္ကဒေးမီးယားအခြောက် တစ်ကီလိုလျှင် ငွေကျပ် ၁၂၀၀၀ မှ ၁၃၀၀၀ အထိ ပေါက်ဈေးရှိကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချို မြို့နယ်ရှိ နောင်ချိုမက္ကဒေးမီးယား စီမံကိန်းမှ သိရသည်။

ဖော်ပြပါ နှစ်နိုင်ငံတို့အပြင် မြန်မာ့မက္ကဒေးမီးယား အစေ့အဆန်ကို စင်ကာပူနှင့် တောင်ကိုရီးယား နိုင်ငံတို့ကလည်း  ဝယ်ယူကြကြောင်း သိရသည်။ ဝမ်းသာစရာ သတင်းကောင်းရှိသည်။ ယခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ပြင်သစ်နိုင်ငံတွင် ကျင်းပခဲ့သည် SIAL Paris Inspire Food Business ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံက ပြသသည့် အသီးအနှံခြောက်မျိုးအနက် မက္ကဒေးမီးယားကို ပိုမို စိတ်ဝင်စားမှုရှိခဲ့ကြောင်း သိရသည်။

ယခုအခါ ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်သော အထူး ရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်သည့် မက္ကဒေးမီးယားစိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းဆိုင်ရာ TOT သင်တန်းကို နိုဝင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်ခဲ့သည်။  အဆိုပါ သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံ ဌာနခွဲမှ နည်းပြဆရာများက သက်ဆိုင်ရာဘာသာရပ်များကို စာတွေ့လက်တွေ့ပို့ချခဲ့ပြီး နမ့်စန်ခရိုင်၊ လွိုင်လင် ခရိုင်နှင့် လင်းခေးခရိုင်တို့မှ စိုက်ပျိုးရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် တောင်သူစုစုပေါင်း ၂၅ ဦး တက်ရောက် ခဲ့ကြသည်။

ဆေးဖက်ဝင်မက္ကဒေးမီးယား

မက္ကဒေးမီးယားအစေ့ကို   သီဟိုဠ်စေ့ကဲ့သို့ လှော်စားနိုင်သကဲ့သို့ ကြော်၍လည်းစားနိုင်သည်။ ထို့ပြင် ချောကလက်၊  ရေခဲမုန့်၊ သကြားလုံးတို့တွင်လည်း ထည့်စားကြသည်။

မက္ကဒေးမီးယားအစေ့ ၁၀၀ ဂရမ်တွင် ကယ်လိုရီ ၇၄၀ ပါဝင်ပြီး သိုင်ရာမင်း (အရွယ်ရောက်ပြီးသူ တစ်ယောက် နေ့စဉ်လိုအပ်ချက်၏ ရာခိုင်နှုန်းပြည့်)၊ ဗီတာမင်ဘီ-၆ (အရွယ်ရောက်ပြီးသူ တစ်ယောက် နေ့စဉ်လိုအပ်ချက်၏ ၂၁ ရာခိုင်နှုန်း)၊ မဂ္ဂနီးစ် (အရွယ်ရောက်ပြီးသူ တစ်ယောက် နေ့စဉ်လိုအပ်ချက်၏ ရာခိုင်နှုန်းပြည့်)၊ သံဓာတ် (အရွယ် ရောက်ပြီးသူ တစ်ယောက် နေ့စဉ်လိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်း)၊ မဂ္ဂနီဆီယမ် (အရွယ်ရောက်ပြီးသူ တစ်ယောက် နေ့စဉ်လိုအပ်ချက်၏ ၃၇ ရာခိုင်နှုန်း)၊ ဖော့စဖိတ် (အရွယ်ရောက်ပြီးသူ တစ်ယောက် နေ့စဉ်လိုအပ်ချက်၏ ၂၇ ရာခိုင်နှုန်း) စသည့် အာဟာရဓာတ် များစွာပါရှိနေကြသည်။ ထို့ပြင် လူသားအကျိုးပြု အဆီဓာတ် ၇၆ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၉ ရာခိုင်နှုန်း၊ ကာဗိုဟိုက်ဒရိတ် ၁၄ ရာခိုင်နှုန်းနှင့် ပရိုတင်း ၈ ရာခိုင်နှုန်း တို့ပါရှိသည်။

အခြားသော စားသုံးနိုင်သည့် အခွံမာသီးများနှင့်ယှဉ်ပါက မက္ကဒေးမီးယားအစေ့၏ အားသာချက်များမှာ အဆီ အအိမ့်နှင့် ကိုလက်စထရော ပါဝင်မှုနည်းသည့် ကမ္ဘာ့ပထမတန်းစာရင်းဝင် အစေ့အဆန်ဖြစ်ခြင်း၊ ချိုဆိမ့်သော အရသာရှိပြီး ဗာဒံစေ့ထက် ပိုကောင်းသော အနံ့အရသာရှိခြင်းတို့ဖြစ်သည်။

မက္ကဒေးမီးယားအစေ့အဆန်ကို နေ့စဉ်စားသုံးပေးခြင်းဖြင့်  အရွယ်တင်နုပျိုခြင်း၊ ဦးနှောက်ဖွံ့ဖြိုး တိုးတက်စေခြင်း၊  သွားနှင့်အရိုးများသန်စွမ်းစေခြင်း၊ အစာခြေစနစ်ကောင်းစေခြင်း၊ ဆီးချိုသွေးချိုကာကွယ်ပေးခြင်း၊ နှလုံးအား ကောင်းစေခြင်း၊ သွေးကြောအတွင်း အဆီဓာတ်လျော့ကျစေခြင်း၊ နှလုံးနှင့်နှလုံးသွေးကြောများကို ကျန်းမာစေ ခြင်း၊ ကင်ဆာရောဂါများမှ ကာကွယ်ပေးခြင်း၊ အသားအရေကို ကျန်းမာစေပြီး အမာရွတ်များ လျော့ကျစေခြင်း၊ အသား အရေစိုပြည်စေခြင်း၊ ဆံကေသာ ကျန်းမာသန်စွမ်းခြင်း စသည်တို့အပြင်  ဗီတာမင်ဓာတ်များ လုံလောက်စွာ ပါရှိခြင်းတို့ကြောင့် လူသားတို့အတွက် လိုအပ်သည့် အာဟာရဓာတ်များ ရရှိနိုင်မည်ဖြစ်သည်။

ဗဟုသုတတစ်ရပ်အနေဖြင့် ဖော်ပြလိုပါသည်။ မက္ကဒေးမီးယားသည် ခွေးများအတွက် အဆိပ်ဖြစ်စေသည်။ မက္ကဒေး မီးယား အစေ့အဆန်ကို ခွေးများ စားသုံးမိပါက စားသုံးပြီး ၁၂ နာရီအတွင်း နောက်ခြေများ ဆိုင်းတွသွားကာ  မတ်တတ် မရပ်နိုင်တော့ပေ။ ခွေးအရွယ်အစားနှင့် ၎င်းစားသုံးမိသည့် ပမာဏပေါ် မူတည်၍ ကြွက်သားများ တုန်ခြင်း၊ အဆစ်များနာခြင်း နှင့် ဆိုးဆိုးရွားရွား ဗိုက်နာခြင်းကို ဖြစ်စေတတ်သည်။

အချုပ်အားဖြင့်ဆိုသော်  မက္ကဒေးမီးယားအစေ့အဆန်သည်    လူသားတို့ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးမရှိ အားသာချက်အလွန်များသဖြင့် “အစာလည်းဆေး၊ ဆေးလည်းအစာ” အဖြစ် မှီဝဲစားသုံးသင့်သည်။ သို့သော် မက္ကဒေးမီးယား အစေ့အဆန်သည် အခြားသောအခွံမာသီး အစေ့အဆန်တို့လောက် လက်တစ်ကမ်းတွင် မရနိုင်ဘဲ လူတန်းစေ့ စားသုံးနိုင်ခြင်းမရှိသေးပေ။ ထို့ကြောင့် တန်ဖိုးကြီးမားလှသလောက် အာဟာရဓာတ်ကြွယ်ဝကာ နိုင်ငံခြားဝင်ငွေရရှိသည့် ဆေးဖက်ဝင် မက္ကဒေးမီးယားအပင်များကို  ယခုထက်ပို၍  တိုးချဲ့စိုက်ပျိုးကြစေလိုပါသည်။

ပေါက်ပေါက်