IFFHS ၏ ၂၀၂၂ ခုနှစ် နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ကစားသမားသုံးဦးအထိပါဝင်
နိုင်ငံတကာဘောလုံးအဖွဲ့အစည်း၊ သမိုင်းနှင့် အချက်အလက်ဆိုင်ရာအဖွဲ့အစည်း(International Federation of Football History & Statistics-IFFHS) ၏ ၂၀၂၂ ခုနှစ်အတွက် နေရာအလိုက် အကောင်းဆုံးကစားသမား ၁၁ ဦးစာရင်းကို ထုတ်ပြန်ကြေညာရာတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ အများဆုံးအဖြစ် ကစားသမား သုံးဦးအထိပါဝင်လာကြောင်း သိရသည်။
IFFHS က ၂၀၂၂ ခုနှစ်အတွက် နေရာအလိုက် တစ်နှစ်တာအကောင်းဆုံးကစားသမား ၁၁ ဦးစာရင်း ကို ၄-၃-၃ ပုံစံဖြင့် ရွေးချယ်ခဲ့ပြီး ဂိုးသမားနေရာ၌ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့် ဂိုးသမားကော့တွိုက်စ်ပါဝင်လာသည်။
အလားတူ ခံစစ်ကစားသမားလေးဦးနေရာတွင် ညာတောင်ပံခံစစ်နေရာ၌ ဘိုင်ယန်မြူးနစ်အသင်းနှင့် ခြေစွမ်းပြနိုင်ခဲ့သည့် အဖွန်ဆိုဒေးဗီးလ်ပါဝင်လာပြီး ဘယ်တောင်ပံခံစစ်နေရာ၌ ပီအက်စ်ဂျီ အသင်းအပြင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုအသင်းနှင့်အတူ ခြေစွမ်းပြနိုင်ခဲ့သည့် ဟာကီမီ၊ ဗဟိုခံစစ် ကစားသမားနှစ်ဦး နေရာ၌ လီဗာပူးအသင်းမှ ဗန်ဒိုက်နှင့် လိုက်ပဇစ်အသင်းမှ ဂါဗယ်ဒီလိုတို့ ပါဝင်လာသည်။
အလားတူ ကွင်းလယ်ကစားသမား သုံးဦးနေရာတွင် ဗဟိုကွင်းလယ်ကစားသမားနေရာ၌ မန်စီးတီး အသင်းမှ ဒီဘရိုင်းနှင့် ဘယ်တောင်ပံနေရာ၌ အာဂျင်တီးနားအသင်းနှင့်အတူ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် ပီအက်စ်ဂျီ အသင်းမှ မက်ဆီ၊ ညာတောင်ပံနေရာ၌ ရီးယဲလ်မက်ဒရစ်အသင်းမှ မိုဒရစ်တို့ပါဝင်လာသည်။
တိုက်စစ်ကစားသမား သုံးဦးနေရာ၌ ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီ၊ မန်စီးတီးအသင်းမှ ဟာလန်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘင်ဇီမာတို့ ပါဝင်လာကြောင်း သိရသည်။
Ref;IFFHS.Com