ဆေးလည်းကုပေး စာသင်ပေးသည် ကောင်းကျိုးပွားများဇာနည်များ
ဆေးလည်းကုပေးတယ်၊ စာလည်းသင်ပေးတယ်ဆိုတော့ ဆရာဝန်တွေပဲ ဖြစ်မှာပေါ့။ သာမန် သွားလို့လာလို့ လွယ်ကူတဲ့နေရာတွေမှာတော့ စာသင်ပေးစရာအကြောင်းရှိမှာ မဟုတ်ပါဘူး။ ဆေးပဲကုသ ပေးမှာပေါ့။ ဆေးကုတဲ့အပြင် စာပါသင်ပေးတယ်ဆိုမှတော့ တကယ့်ကို ဝေးလံခေါင်းပါးတဲ့ ဒေသတွေပဲ ဖြစ်မှာပါ။ မှန်ပါတယ်။ မြန်မာနိုင်ငံမှာ တချို့ဒေသတွေဟာ သွားလာလို့လွယ်ကူမှုမရှိတဲ့ ဒေသတွေ ရှိပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျနေပြီး ကျန်းမာရေးစောင့်ရှောက်မှုပြည့်စုံအောင်မရတဲ့ဒေသတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှာ မြေပြန့်ဒေသတွေရှိနေသလို တောအထပ်ထပ် တောင်အသွယ်သွယ် တကယ့်ကိုမြင့်မားလွန်းတဲ့ တောင်ပေါ်ဒေသတွေလည်း ရှိပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးရဲ့နေရာအချို့၊ ချင်းပြည်နယ်ရဲ့ဒေသအချို့နဲ့ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေဟာ တကယ့်ကိုပဲဝေးလံခေါင်းပါးလှပါတယ်။ အရပ်ဘက်က ကျန်းမာရေး စောင့်ရှောက်မှုဟာ လိုအပ်သလောက်မရတဲ့အတွက် တပ်မတော်အနေနဲ့ အဲဒီဒေသတွေမှာရှိတဲ့ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ စီစဉ်ခဲ့ရပါတယ်။ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ နယ်မြေဒေသအနှံ့အပြားကို သွားလာတဲ့အခါတိုင်း ရောက်တဲ့ဒေသမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ပေးနေသလို ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။ ဒါပေမဲ့ အစဉ်အမြဲတစိုက် မတ်မတ်အခြေပြုပြီး ကျန်းမာရေး စောင့်ရှောက်ပေးတာမျိုးတော့ မလုပ်နိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်ကြောင်းဆိုတာကလည်း လိုအပ်တဲ့ နေရာတွေကို လှည့်လည်သွားလာနေရတာမို့ တစ်နေရာထဲမှာ အခြေပြုလို့ မရပါဘူး။
ဒါ့ကြောင့် ၂၀၁၆ ခုနှစ်ကစလို့ တပ်မတော်သားဆရာဝန် ၄၄ ဦးကို ပထမဆုံးအကြိမ် စတင်သွားရောက် တာဝန်ထမ်းဆောင်မှုပြုခဲ့ပါတယ်။ ဝေးလံခေါင်းပါးပြီး အစားအစာပါချို့တဲ့တာမို့ တပ်မတော်သားဆရာဝန်တွေ တာဝန်ထမ်းဆောင်ချင်စိတ် ရှိပါ့မလားလို့ တွေးထင်မိခဲ့ပေမယ့် အမှန်တကယ်တာဝန်ပေးဖို့ စီစဉ်တဲ့အခါမှာတော့ တပ်မတော်သားဆရာဝန်တွေဟာ အဆိုပါဒေသကို သွားရောက်တာဝန်ထမ်းဆောင်ဖို့ ကိုယ်တိုင်ဆန္ဒပြုသူတွေ များပြားခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ကိုအလှည့်ကျစနစ်နဲ့ပဲ တာဝန်ပေးအပ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဒုတိယအကြိမ်မှာလည်း တပ်မတော်သားဆရာဝန် ၄၄ ဦး သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေနဲ့ သက်ဆိုင်ရာဒေသမှာရှိတဲ့ ဆေးတပ်ရင်းတွေမှာ ဒေသခံပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးနေသလို နိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူတွေကိုလည်း ပြည့်စုံလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလျက်ရှိပါတယ်။ တစ်နေရာတည်းမှာမဟုတ်ဘဲ နယ်လှည့်ပြီး ဆေးကုသပေးနေတာ၊အင်တိုက်အားတိုက်ဆောင်ရွက်ပေးနေတာ ဒီကနေ့အထိပါပဲ။ တပ်မတော်အနေနဲ့ ပြည်သူလူထုအကျိုးစီးပွားကို ထာဝစဉ်ဦးထိပ်ထားတဲ့အတိုင်း ကျန်းမာရေး စောင့်ရှောက်မှုတွေကို နေရာလပ်မရှိအောင် ဆောင်ရွက်ပေးနေတာပါ။ နယ်လှည့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသလို လိုအပ်တဲ့နေရာမှာ နှစ်ရှည်လများ သွားရောက် တာဝန်ထမ်းဆောင်ပေးနေတာ ဖြစ်ပါတယ်။
ဝေးလံခေါင်းပါးတဲ့နေရာမှာ သွားရောက်တာဝန်ထမ်းဆောင်ရတဲ့ ကိစ္စဟာ တကယ်တော့ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ တပ်မတော်သားများပီပီ ကျန်းမာရေးကောင်းမွန်နေကြသလို ကြံ့ခိုင်မှုလည်းရှိပြီး စိတ်ဓာတ်လည်းကောင်းလို့သာ ထမ်းဆောင်နိုင်ကြတာဖြစ်ပါတယ်။ သူတို့တွေရဲ့ တာဝန်ထမ်းဆောင်မှုကို ဆက်လက်တင်ပြရရင် တတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်မှာ တပ်မတော်သားဆရာဝန် ၄၆ ဦး၊ စတုတ္ထအကြိမ်အဖြစ် ၂၀၂၂ ခုနှစ်မှာ ၁၈ ဦး သွားရောက်တာဝန် ထမ်းဆောင်ခဲ့ကြပါတယ်။ တပ်မတော်သားဆိုတာ စိတ်ဓာတ်ကောင်းရမယ်။ စည်းကမ်းကောင်းရမယ်။ နိုင်ငံနဲ့ပြည်သူအပေါ် သစ္စာရှိရမယ်။ အချင်းချင်းရဲဘော်စိတ်အပြည့်နဲ့ စည်းလုံးညီညွတ်မှုရှိရမယ်။ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဆိုတဲ့ စွမ်းရည်သုံးရပ်နဲ့ပြည့်စုံရမယ် ဆိုတဲ့ အရည်အချင်း ငါးပါးနဲ့ပြည့်စုံကြသူတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပြည်သူသာအမိ၊ ပြည်သူသာအဖဆိုတဲ့စိတ်နဲ့ ပြည်သူ့အကျိုးကို သယ်ပိုးလျက်ရှိပါတယ်။ သူတို့တွေဟာ တပ်မတော်သားဆရာဝန်ဆိုတဲ့အတိုင်း ပြောင်းလဲတိုးတက်လာတဲ့ ဆေးသိပ္ပံပညာရပ်တွေကိုလည်း စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေကြ ရပါတယ်။ သုတေသနလုပ်ငန်းတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဆေးဘက်ပညာရှင်တွေဖြစ်အောင်လည်း ကြိုးစားနေကြရပါတယ်။
တာဝန်ကျရာဒေသအသီးသီးမှာရှိတဲ့ တပ်မတော်သား မိသားစုဝင်တွေရဲ့ ကျန်းမာရေးသာမကဘဲ တိုင်းရင်းသားညီအစ်ကိုများရဲ့ ကျန်းမာရေးကိုလည်း စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ ဆိုတဲ့ ဆောင်ပုဒ်အတိုင်း စေတနာတရား၊ အကြင်နာတရားအပြည့်ဖြင့် ပြုစုစောင့်ရှောက်ပေးလျက်ရှိပါတယ်။ အခုအခါ တပ်မတော်ရဲ့ပြည်သူလူထုအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နယ်ပယ်ဟာ ပိုမိုကျယ်ဝန်းလာနေပါပြီ။ ဒေသခံတွေကို စဉ်ဆက်မပြတ်ကျန်းမာရေး စောင့်ရှောက်ပေးတဲ့အပြင် အခုလိုမျိုးဝေးလံခေါင်းပါးလွန်းတဲ့ ဒေသတွေကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုပြုနေတာ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုပြုတဲ့နေရာမှာ ဆေးကုသမှုပေးခြင်းတစ်မျိုးတည်းသာမဟုတ်ဘဲ စာသင်ပြဖို့ ကျောင်းဆရာအခက်အခဲရှိတဲ့နေရာတွေမှာ ကျောင်းဆရာအလုပ်ကိုလည်း စေတနာပါပါနဲ့ လုပ်ခဲ့ကြပါတယ်။ အသိဉာဏ်နဲ့အတွေးအခေါ် လွဲမှားနေသူတွေရှိနေရင်လည်း ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်တဲ့အတွက် ကျန်းမာရေးဗဟုသုတတွေကို ဟောပြောရပါသေးတယ်။ ဒေသခံပြည်သူတွေ ကိုယ်စီကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများမြင့်မားလာအောင် အသိပညာဖြန့်ဝေခြင်း၊ ကြိုတင်ကာကွယ်မှုနဲ့ ကုသမှုပြုခြင်းတွေ လုပ်ဆောင်ကြရပါသေးတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၂၁ ရက်နေ့ တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်းပွဲမှာ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေနဲ့ ဆေးရုံ/ဆေးတပ်ရင်းများတွင် သာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုများအတွက် ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နယ်လှည့်ဆေးကုသမှု လုပ်ငန်းများဆောင်ရွက်နိုင်ရန် တပ်မတော်အနေဖြင့် လိုအပ်သောဆေးကုသရေးဆိုင်ရာ ယန္တရား/ပစ္စည်းများ ဖြည့်တင်းပြီး နိုင်ငံအနှံ့ပြည်သူ့အကျိုးပြုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ခွဲစိတ်ကုသခြင်းများ၊ မီးဖွားခြင်းများနှင့် ပြင်ပလူနာကြည့်ရှုကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒေသခံပြည်သူတွေအတွက် တပ်မတော်သား ဆရာဝန်တွေ သူတို့ဒေသကိုရောက်ရှိလာတာဟာ မိုးနတ်မင်းကြီးက တမင်ရွေးချယ်စေလွှတ် ကောင်းချီးပေးလိုက်တာပါပဲလို့ ဒေသခံတွေရဲ့ပြောဆိုသံတွေကိုလည်းကြား သိရပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ လူတိုင်းအတွက်လိုအပ်တဲ့အရာဖြစ်ပါတယ်။ အာရောဂျံပရမံလာဘံ ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးပါပဲ။ ကောင်းတဲ့လာဘ်လာဘကို တပ်မတော်သားဆရာဝန်တွေက သူတို့ဒေသကိုယူဆောင်လာကြတာမို့ ပြည်သူအားလုံးသောင်းသောင်းဖြဖြ ကြိုဆိုနေကြပါတယ်။ ပြည်သူတွေသောင်းသောင်းဖြဖြ ကြိုဆိုမှုနဲ့ပတ်သက်လို့ တွေ့ကြုံရတာလေးတွေကိုလည်း ရေးသားချင်ပါသေးတယ်။ အဲဒါကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာကျရောက်နေတဲ့အချိန်မှာ CDM လုပ်သွားတဲ့ အရပ်သားဆရာဝန်တချို့ကြောင့် လစ်လပ်သွားတဲ့ နေရာဒေသတွေမှာ တပ်မတော်သားဆရာဝန်တွေဟာ ဝင်ရောက်တာဝန်ထမ်းဆောင်ရင်း ဒေသခံပြည်သူတွေ ကို ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ တပ်မတော်သားဆိုတာ သစ္စာလေးချက်မှာ ပါတဲ့အတိုင်းပါပဲ ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏ဆိုတဲ့အတိုင်းပါပဲ။ အခက်အခဲပေါင်းမြောက်မြားစွာထဲကနေ ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးခဲ့တာဟာ သမိုင်းမှာတကယ့်ကိုကောင်းမွန်တဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။
တပ်မတော်သားတွေဟာ သစ္စာတရားကို အမြဲတန်ဖိုးထားစောင့်ထိန်းကြပါတယ်။ ဒါ့ကြောင့် တပ်မတော်ရဲ့ ဂုဏ်ပေါင်းများစွာထဲမှာ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်ဆိုတဲ့ ဂုဏ်သိက္ခာဟာလည်း ယနေ့ထက်တိုင်ခိုင်မာတည်မြဲနေခြင်း ဖြစ်ပါတယ်။
နောင်လည်း ဆက်လက်တည်မြဲနေမှာ ဖြစ်ပါတယ်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေနဲ့ ဆရာဝန်၊ သူနာပြုစိတ်ထား၊ တပ်မတော်သားစိတ်ထားအပြည့်အဝနဲ့ ပြည်သူ့အကျိုးသယ်ပိုးနေခြင်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ပြင်းထန်နေချိန်မှာ မိမိတို့ရဲ့အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့သလို အခုလိုမျိုး ဝေးလံခေါင်းပါးလှတဲ့ ဒေသတွေမှာလည်း အခက်အခဲမျိုးစုံကြားမှ ရုန်းကန်လှုပ်ရှားနေရင်း ပြည်သူ့အကျိုး သယ်ပိုးနေခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုကြသလို ပြန်တော့မယ်ဆိုရင်လည်း ဝမ်းနည်းမျက်ရည်တွေနဲ့တွေ့မြင်ရတာ ဖြစ်ပါတယ်။ စာရေးသူအနေနဲ့ကတော့ သူတို့ဟာ တကယ့်ကိုဂုဏ်ပြုထိုက်သူတွေမို့...ဆောင်းပါးရေးသားဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)