ငှက်ဖျား(Malarias)ရောဂါအကြောင်း သိကောင်းစရာ

ငှက်ဖျား(Malarias)ရောဂါအကြောင်း သိကောင်းစရာ

ငှက်ဖျားဆိုတာအရေးကြီးပြီး    ချမ်းတုန်တဲ့ပြင်းထန်ရောဂါတစ်မျိုးဖြစ်ပါတယ်။   ရောဂါပိုးသယ်ဆောင်ထားတဲ့ အင်နိုဖိလစ် (Anopheles) ခြင်မအမျိုးအစားကိုက်တာကနေ ကူးစက်တာဖြစ်တယ်။

ရောဂါပိုးကူးစက်ခံရတဲ့ခြင်ကငှက်ဖျား (Plasmodium)ပိုးတွေ သယ်ဆောင်ထားတာဖြစ်တယ်။ ရောဂါပိုး သယ်ဆောင်ထားတဲ့ခြင်က လူကိုကိုက်တဲ့အခါရောဂါပိုးက သွေးကြောထဲရောက်ရှိသွားပါတယ်။ ပိုးတွေက ခန္ဓာကိုယ်ထဲ ရောက်ရှိသွားတဲ့အခါ အသည်းဆီရောက်ရှိသွားပြီး အသည်းမှာ  ရှင်သန်ကြီးထွားလာတယ်။

အရွယ်ရောက်လာတဲ့အခါမှာ ပိုးတွေက သွေးကြောထဲရောက်ရှိသွားပြီး သွေးနီဥဆဲလ်တွေဆီကို စတင်ကူးစက်ပါတယ်။ သွေးနီဥဆဲလ်တွေထဲ ရောက်ရှိသွားပြီး(၄၈-၇၂)နာရီအတွင်း ပေါက်ပွားကာ ဆဲလ်တွေဆီကူးစက်တာ ဖြစ်တယ်။ ပိုးတွေက  သွေးနီဥဆဲလ်တွေထဲမှာ ဆက်လက်ပျံ့နှံ့နေပြီး(၂-၃)ရက်ကြာမှ ရောဂါလက္ခဏာတွေ  စပြီးပေါ်ပေါက်လာတယ်။

သာမန်ငှက်ဖျား (Uncomplicated Malaria) နဲ့ ပြင်းထန်ငှက်ဖျား  (Severe Malaria)  ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။

သာမန်ငှက်ဖျားရောဂါကို  လက္ခဏာပေါ်တဲ့ အချိန်မှသာသိရှိတာဖြစ်တယ်။ ပြင်းထန်တာမျိုးနဲ့ ကိုယ်တွင်းအင်္ဂါ ထိခိုက်တာမျိုး တွေမရှိပါဘူး။ မကုသဘဲနေမယ်၊ ကိုယ်ခံအားနည်းနေမယ်ဆိုရင်တော့ ရောဂါပြင်းထန် နိုင်ပါတယ်။  ရောဂါလက္ခဏာတွေအနေနဲ့ ချွေးထွက်တာ၊ အေးစိမ့်စိမ့်ဖြစ်ပြီး ခိုက်ခိုက်တုန်ချမ်းတာ၊  အဖျားတက်တာ၊ ခေါင်းကိုက်တာနဲ့အော့အန်တာ၊ ငယ်ရွယ်တဲ့သူတွေမှာ  အဖျားကြီးပြီးတက်တာ၊ ချွေးတအားထွက်ပြီး   အပူချိန်ကျသွားပေမယ့် နုန်းချည့်သွားတာမျိုးခံစားရနိုင်ပါတယ်။

ပြင်းထန်ငှက်ဖျား(Severe Malaria)ကို ဓာတ်ခွဲစမ်းသပ်မှုတွေလုပ်တဲ့အခါ  ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနေတာမျိုးတွေ တွေ့ရပါတယ်။ ရောဂါလက္ခဏာတွေကအဖျားတက်တာ (104’F အောက်) ချမ်းတုန်ပြီးတက်တာ၊ သတိလစ်တာ၊ နုန်းချည့်တာ၊ အသက်ရှူကျပ်တာ၊  ပုံမှန်မဟုတ်တဲ့ သွေးယိုစီးမှုဖြစ်တာ၊ သွေးဆုတ်သွေးလန့်ဖြစ်တာ၊ အသားဝါတာ၊  အရေးပါတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ပျက်စီး လာတာတွေဖြစ်ပြီး  ပြင်းထန်တဲ့ငှက်ဖျားရောဂါကို အချိန်မီကုသမှုမခံယူရင် သေဆုံးနိုင်တယ်။

ငှက်ဖျားမှာ ကာကွယ်ဆေးက  တီထွင်ဆဲရှိပါသေးတယ်။ ငှက်ဖျားရောဂါပိုးရှိတဲ့ နေရာဒေသတွေကို သွားရောက်မယ်ဆိုရင် မသွားခင်ဆရာဝန်နဲ့ အရင်တိုင်ပင်ကာ ရောဂါကာကွယ်ကုသနိုင်တဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ တိုက်သင့်ပါတယ်။ ခြင်ကိုက်မခံရအောင် ခြင်ဆေးရည်(Abate)စိမ်ထားတဲ့ ခြင်ထောင်နဲ့အိပ်စက်သင့်တယ်။ သို့မဟုတ် နေ့၊ ညခြင်ထောင်နဲ့အိပ်သင့်ပါတယ်။ ခြင်ကိုက်မခံရအောင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်သင့်ပါတယ်။  ခြင်လူးဆေး  (DEET,Repito)  ပါတဲ့ ခြင်နိုင်ဆေးလူး သင့်ပါတယ်။

ငှက်ဖျားရောဂါဟာ  သမပိုင်းဒေသတွေထက်အပူပိုင်းနဲ့အပူလျော့ပိုင်းဒေသတွေမှာ  အဖြစ်များပါတယ်။    အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်များကို လျှော့ချခြင်းက စီမံနိုင်ပါတယ်။ အချက်အလက်များ ထပ်မံတည်ရှိဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ပလက်စမိုဒီယမ်(Plasmodium)ခေါ် အဏုကြည့်မှန်ပြောင်းနဲ့မြင်ရတဲ့ ကပ်ပါးပိုးက ငှက်ဖျားဖြစ်စေတဲ့ အကြောင်းရင်း ဖြစ်တယ်။ ဆည်းဆာချိန်နဲ့ ညအခတွေမှာ အင်နိုဖိလစ်ခြင်မ ကိုက်ရာမှကူးစက်ခြင်း ဖြစ်တယ်။ ပလက်စမိုဒီယမ်(Plasmodium)ကပ်ပါးအများကြီးထဲမှာမှ ငါးမျိုးသာ  လူကိုငှက်ဖျားဖြစ်စေတယ်။ အချို့အမျိုးအစားတွေက   အသည်းမှာနှစ်ချီအောင်း နေတတ်ကြတယ်။

ရောဂါဖြစ်နိုင်ခြေမြင့်တက်စေတဲ့ အချက်များက ရောဂါအဖြစ်များတဲ့ အာဖရိကနိုင်ငံများ၊ ဆာဟာရ သဲကန္တာရနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ဆော်လမွန်ကျွန်းများ၊  ပါပူအာနယူးဂီနီ၊ ဟေတီနိုင်ငံတို့လို အပူပိုင်းဒေသတွေမှာနေထိုင်ရင်  သို့မဟုတ် ခရီးသွားဖူးရင်၊ အသက်ငယ်လွန်းရင်ဥပမာ-တစ်နှစ်သားအောက်နဲ့ ကလေးများ၊ ဆင်းရဲချို့တဲ့ခြင်း၊ ဗဟုသုတမရှိခြင်း၊  ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်းတို့ကြောင့် ရောဂါဖြစ်ပွားသေဆုံးမှု မြင့်တက်ပါတယ်။

ငှက်ဖျားပိုး ရှိ၊ မရှိ အဖျားတက်ချိန်မှာ ဆလိုက်ပြားပေါ် သွေးတစ်စက်လက်ချောင်းလေးမှဖောက်ပြီး မိုက်ခရိုစကုပ်နဲ့ ကြည့်ခြင်း၊ ငှက်ဖျားစတစ်(Malaria Stick)နဲ့စမ်းသပ်ခြင်းကနေ ငှက်ဖျား ရှိ၊ မရှိသိနိုင်ပါတယ်။ အချို့ဘေလုံးနဲ့ အသည်းကြီးပြီးငှက်ဖျားဒေသမှ ထွက်ခွာသွားတဲ့တိုင် ငှက်ဖျားပိုးအသည်းထဲခိုအောင်းနေနိုင်လို့ ဖျားတတ်ပါတယ်။

ကုသမှုအခြေအနေကိုဆုံးဖြတ်နိုင်ဖို့ ကပ်ပါးပိုးရှိ၊ မရှိသွေးစစ်နိုင်တယ်။ စစ်ဆေးမှုမှ ငှက်ဖျားပိုးရှိရင် ဖယ်ဆီပါရမ်(Falciparum) က ဗိုင်းဗက်  (Vivax) လား၊   Mixed  Type  လားပြောပြီး ငှက်ဖျားဆေးဝါး ပေးပါတယ်။ ဗိုင်းဗက် (Vivax) ၊ ငှက်ဖျားပိုး ဦးနှောက်ထဲမရောက်ရှိဘဲ အဖျားကြီးလွန်းတာဖြစ်လို့ ကလိုရိုကွင်း (Chloroquine)   သုံးရက်ဆက်တိုက်ပေးခြင်း သို့မဟုတ် မက်ဖရိုကွင်းလေးလုံး(Mefloquine 4 set) တိုက်ခြင်းနည်းနဲ့ ရောဂါပျောက်နိုင်တယ်။

ဖယ်ဆီပါရမ်အတွက် ငှက်ဖျားဆေးနှစ်မျိုးအနည်းဆုံး ပေးသင့်ပါတယ်။ ယခင်က မက်ဖရိုကွင်းသုံးလုံး တစ်ရက်၊ နှစ်လုံး တစ်ရက်နဲ့ အာတီစနိတ်နေ့စဉ် လေးပြားသုံးရက်ပေးပြီး  ရောဂါပျောက်ကင်းအောင်ကုသဖူးတယ်။ ယခုအခါ အာတီမီတာ(Artemether 20mg)နဲ့လူမီထရင်း(Lumefantrine 120 mg)ပါဆေးပြားလေးပြား၊ မနက် လေးပြား၊ ည လေးပြားနဲ့ သုံးရက်ဆက်ပေးရင်  ဖယ်ဆီပါရမ်  (Falciparum) ငှက်ဖျားပျောက်ကင်းပါတယ်။ ဆေးနှစ်မျိုးစပ်ပြီးပေးတာကြောင့် ငှက်ဖျားကုသမှုထိရောက်က ဆေးယဉ်ပါးမှု လျော့နည်းပြီး ဘေးထွက်ဆိုးကျိုးလည်း နည်းပါးပါတယ်။

ငှက်ဖျားရောဂါကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ သတိထားသင့်တယ်။ ကွီနိုင်ထိုးဆေး၊ စားဆေးမပေးသင့်ဘူး။ ပေးလိုက်ရင်ရက်မပြည့်၊ လမစေ့ကလေးမွေးခြင်း၊ အမျိုးသမီးမီးဖွားပြီးသွေးသွန်ခြင်း၊ အပူချိန်ကြီးခြင်း၊ တက်ခြင်းနဲ့  သေဆုံးတတ်တယ်။ ငှက်ဖျားရောဂါကလေးတွေမှာရှိရင်လည်း မကြောက်သင့်ပါ။  ကိုယ်အလေးချိန်အလိုက် လူကြီးငှက်ဖျားဆေးရဲ့ လေးပုံတစ်ပုံ၊ နှစ်ပုံတစ်ပုံတိုက်ကျွေးရင် ပျောက်ကင်းနိုင်ပါတယ်။ ငှက်ဖျားမဖြစ်အောင်၊ ခြင်မပေါက်ပွားနိုင်အောင် ခြင်ဆေးဖျန်းခြင်း (DDT, Malathion)၊

နေ့၊ ညအိပ်ရင် ခြင်ထောင်နဲ့အိပ်ခြင်း၊ ခြင်လူးဆေး (Repito) လိမ်းခြင်း၊  ခြင်ဆေးခွေထွန်းညှိခြင်း၊ ငှက်ဖျားရောဂါကုသရက်များ စနစ်တကျကုသခြင်း၊  ဆရာဝန်ညွှန်ကြားတဲ့ဆေးအတိုင်းကုသခြင်းက ရောဂါပျောက်ကင်းရုံမက ဘေးထွက်ဆိုးကျိုးနည်းပြီး  ငှက်ဖျားဆေးယဉ်ပါးမှုမှ ကာကွယ်နိုင်ပါတယ်။  ။

ဒေါက်တာလွင်သန့်