ဆီးဂိမ်းအကြို ကမ္ဘောဒီးယားရိုးရာစစ်တုရင်ပြိုင်ပွဲတွင် မြန်မာအသင်းရွှေတစ်ခုနှင့် ကြေးနှစ်ခုဆွတ်ခူး

ဆီးဂိမ်းအကြို ကမ္ဘောဒီးယားရိုးရာစစ်တုရင်ပြိုင်ပွဲတွင် မြန်မာအသင်းရွှေတစ်ခုနှင့် ကြေးနှစ်ခုဆွတ်ခူး

ရန်ကုန်  ဇန်နဝါရီ  ၁၃

 

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား(ဆီးဂိမ်း)ပြိုင်ပွဲ အကြိုအဖြစ် ကျင်းပသည့် ကမ္ဘောဒီးယားရိုးရာ စစ်တုရင်ပြိုင်ပွဲသို့  ဝင်ရောက်ယှဉ်ပြိုင်သော မြန်မာစစ်တုရင်အသင်းသည်  ပြိုင်ပွဲအပြီးတွင် ရွှေတံဆိပ်တစ်ခု၊  ကြေးတံဆိပ်နှစ်ခု  ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ  ဖနွမ်းပင်မြို့ရှိ ရွိုင်ရယ်တက္ကသိုလ်၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၁၃ ရက်အထိ ကျင်းပသည့် စစ်တုရင်ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစားခြောက်မျိုးထည့်သွင်းယှဉ်ပြိုင်ခဲ့ရာ မြန်မာစစ်တုရင် အသင်းသည်   အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆု၊ အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် တတိယကြေး တံဆိပ်ဆုနှင့်  အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရများ ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲအမျိုးအစား ခြောက်မျိုးမှ ရွှေတံဆိပ်ခြောက်ခုအား အိမ်ရှင်ကမ္ဘောဒီးယားကရွှေသုံးခု၊ ဗီယက်နမ်ကရွှေနှစ်ခု၊ မြန်မာက  ရွှေတစ်ခုရရှိခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်၊ လာအိုနိုင်ငံတို့မှ ကစားသမားအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာမှ ကစားသမားလေးဦးသာ  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘောဒီးယားရိုးရာစစ်တုရင်ကစားနည်း ပြိုင်ပွဲခြောက်မျိုးတွင် အမျိုးသားငါးဦး၊ အမျိုးသမီး တစ်ဦးသည် ၂၀၂၃ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင်  ပြုလုပ်မည့် (၃၂)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစား(ဆီးဂိမ်း)ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်သည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား(ဆီးဂိမ်း)ပြိုင်ပွဲ ကမ္ဘောဒီးယားရိုးရာစစ်တုရင်ပြိုင်ပွဲတွင်  အောင်မြင်မှုရရှိစေရန် ပဏာမလက်ရွေးစင်လူရွေးချယ်ပွဲကို ၂၀၂၂  ခုနှစ် ဒီဇင်ဘာ  ၂၄  ရက်မှ ၂၈ ရက်အထိ  ရန်ကုန်မြို့ အောင်ဆန်းကွင်းရှိ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်၌ ငါးရက်ကြာ ပြုလုပ်ခဲ့ကြောင်းလည်း   သိရသည်။                           

 ဝန်းရံခ