စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၁-က)
အဲ့ဒီတုန်းက မိမိတို့နိုင်ငံမှာ ဟိုနေရာ ဒီနေရာ ကြက်ဆူပင်စိုက်ပွဲတွေ စည်စည်ကားကားလုပ်နေကြတာကိုး။ ဒါပေမဲ့ ဒီလိုတာဝန်ခံပြောကြားခဲ့တဲ့ ဌာနကတော့ ကြက်ဆူပင်ကိစ္စ တာဝန်ခံဆောင်ရွက်ရတဲ့ဌာနမဟုတ်ပါဘူး။
ဒီအစည်းအဝေးပြီးတော့ ဖိလစ်ပိုင်က သူ့နိုင်ငံမှာ ကြေညာချက်တစ်ခုထုတ်တယ်။ ဒီဇယ်ဆီလောင်စာ အားလုံးမှာ Biofuet ရာခိုင်နှုန်းစပြီး ရောစပ်သုံးရမယ်။ နောက်နှစ်နှစ်အတွင်း ၅ ရာခိုင်နှုန်း ရောပြီးသုံးရမယ်။ ဥပဒေပြဋ္ဌာန်းပြီးရင်တော့ ၁၀ ရာခိုင်နှုန်း ရောစပ်သုံးရမယ်လို့ ကြေညာပါတယ်။ ကြေညာတဲ့အတိုင်းပဲ ၂၀၀၇ ခုနှစ်မှာ Republic Act 9367 နဲ့ ''Biofuel Act'' ကို ပြဋ္ဌာန်းလိုက်တယ်။ နောက်တစ်နှစ် ၂၀၀၈ ခုနှစ်မှာ Renewable Act ထပ်မံပြဋ္ဌာန်းပြန်တယ်။ ဒီဥပဒေတွေမှာ Renewable ကို မဖြစ်မနေလုပ်ရမယ့် ပြဋ္ဌာန်းချက်တွေ ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်သူတွေကို အခွန်သက်သာခွင့်ကင်းလွတ် ခွင့်ပေးမှာတွေပါတယ်။ ပြည်ပက ဝယ်သွင်းလာရင်တောင် သွင်းကုန်ပေါ်မှာ အခွန်မကောက်ပါဘူးဆိုတာထိပါတဲ့ ဥပဒေတွေပါပဲ။
ထိုင်းနိုင်ငံကလည်း အလားတူပါပဲ၊ လိုအပ်တဲ့ မူဝါဒတွေ ဥပဒေတွေပြဋ္ဌာန်းပြီး ထိထိရောက်ရောက် လုပ်လာပါတယ်။ နိုင်ငံတော်တော်များများ တူနေတာတွေများလို့ အချို့နိုင်ငံတွေပဲ ကောက်နုတ်ဖော်ပြပါမယ်။
တရုတ်ကလည်း Renewable Biofuel ကို အားပေးလာတယ်။ ကုမ္ပဏီကြီး ၄၅ ခုက ငြသ်ကနူ ထုတ်ဖို့ စိုက်ပျိုးရေးတွေ စလုပ်လာတယ်။ ပြည်ပကုမ္ပဏီတွေဖြစ်တဲ့ Biolux Energy, Bright Biofuel(BBF), Sunshine Technology Group, Asia Energy စတဲ့ ကုမ္ပဏီတွေလည်း ဝင်ရောက်ဆောင်ရွက်ကြတယ်။ ဒီလိုအလုပ်တွေကို တရုတ်က ၂၀၀၇ ခုနှစ်ရောက်မှ စပြီးဆောင်ရွက်တာမဟုတ်ပါဘူး။ ၁၉၉၀ ပြည့်နှစ်တွေ ကတည်းက စပြီးအားထည့်လာတာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ပထမ ၅ နှစ်စီမံကိန်းဆိုပြီး တိတိကျကျအားထည့်လာပါတယ်။ ၂၀၀၂ ခုနှစ်မှာ National Development and Reform Commission (NDRC) (တရုတ်အမျိုးသား ဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးကော်မရှင်) နဲ့ ဆိုင်ရာဝန်ကြီးဌာန ၇ ခုတို့ပူးပေါင်းပြီး ပေါ်လစီ (မူဝါဒ) ၂ ခုထုတ်ပြန်တယ်။ အဲ့ဒါတွေရဲ့ အကျဉ်းချုပ်ကတော့-
(၁) Pilot testing Programme of Bioethanol for automobiles (bioethanol ကို ယာဉ်တွေမှာ စမ်းသပ်အသုံးပြုမယ်။)
(၂) Detail regulation for implementing the pilot program of Bioethanol gasoline for automobile
(စမ်းသပ်အသုံးပြုမည့် ကိစ္စအတွက် အသေးစိတ် ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်မယ်။)
ဆိုတဲ့ ပေါ်လစီနှစ်ခုကိုချပြီး အားထည့်ခဲ့တယ်။
ဒီလိုနဲ့ ၂၀၀၃ ခုနှစ်ရောက်တော့ ဟီနန်ပြည်နယ် (Henan Provence) ထဲက မြို့တစ်မြို့နဲ့ ဟေလောင်ဂျင်းပြည်နယ် (Heilongjing Provence) ထဲက မြို့နှစ်မြို့ကို အထူးဒေသတွေအဖြစ် ဆောင်ရွက်ခဲ့တယ်။ အီသနောပါဝင်မှု ၁၀ ရာခိုင်နှုန်း ( E10) ပါတဲ့ ဆီကိုသုံးရင် စားသုံးသူပေးရမယ့် အခွန် ၅ ရာခိုင်နှုန်းလည်း ပေးစရာမလို၊ ကုန်ပစ္စည်းပေါ်မှာ Value Added Tax (VAT) ရာခိုင်နှုန်းကိုလည်း နိုင်ငံတော်က နှစ်ကုန်ရင် ပြန်အမ်းပေးမယ်။ တကယ်လို့ တောင်သူက စိုက်ပျိုးရာမှာ တစ်ခုခုချို့ယွင်းသွားလို့ စိုက်စရိတ်အရင်း မရဘူးဆိုရင် ကုန်ကျစရိတ်ကို ဒေသအစိုးရနဲ့ ဗဟိုအစိုးရတို့က မျှခံပေးမယ်။ တကယ်လို့ သီးနှံပေါ်ချိန်မှာ ဈေးကွက်ပျောက်နေခဲ့ရင် ပေါက်ဈေးနဲ့ နိုင်ငံတော်က ပြန်ဝယ်ပေးမယ် စတဲ့အာမခံချက်တွေကို တောင်သူတွေကို ပေးတယ်။
အလွန်ကြီးမားတဲ့ ကုမ္ပဏီကြီးတွေပါ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြတယ်။
၂၀၀၃-၂၀၀၄ ခုနှစ်ကစပြီး မြေဧရိယာ ဟက်တာ ၇ ဒသမ ၃ သန်း (ဧက ၁၈ သန်းခန့်) စိုက်ပျိုးနိုင်ခဲ့တယ်။ ဒီမြေပမာဏဟာ တစ်နိုင်ငံလုံး ကြိုးဝိုင်းကန့်သတ်မြေ ဧရိယာ (Reserve Land) ရဲ့ ၈ ဒသမ ၂၄ ရာခိုင်နှုန်းရှိတယ်။
အိန္ဒိယလည်း ၂၀၀၃ ခုနှစ်ကတည်းက Bioethanol ၅ ရာခိုင်နှုန်းကို လောင်စာဆီတွေမှာ ရောနေပြီဖြစ်တယ်။ ပြည်နယ် ၉ ခုနဲ့ သီးခြားနယ်မြေ ၄ ခုမှာ စပြီးဆောင်ရွက်ခဲ့တယ်။ ၂၀၀၅ ခုနှစ်ရောက်တော့ ကမ္ဘာ့အကြီးဆုံး Bioethanol ထုတ်လုပ်တဲ့နိုင်ငံဖြစ်လာတယ်။ Bioethanol ပိုပြီးထုတ်လုပ်ဖို့ ကြံကို ပိုစိုက်လာတယ်။ ဒီမှာပဲ အိန္ဒိယဟာ ကမ္ဘာမှာ အများဆုံးသကြားထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာတယ်။ အဲ့ဒီနှစ်က Ethanol ဂါလန်သန်းပေါင်း ၃၅၀ ထွက်ရှိခဲ့တယ်။
၂၀၀၃ မှ ၂၀၀၇ ခုနှစ်အတွင်း Biodiesel ထုတ်လုပ်ဖို့အတွက် စံပြစိုက်ကွက် စပြီးစိုက်တယ်။ မျိုးစေ့လိုအပ်ချက်ကို ဒီစမ်းသပ်စိုက်ကွက်က ရလာတဲ့ အစေ့ကိုသုံးခဲ့တယ်။ အချို့ကို ဆီကြိတ်ပြတယ်။ တစ်နိုင်ငံလုံးက စိုက်ပျိုးချင်သူတွေကို နိုင်ငံတော်က စီစဉ်ပြီးခေါ်ပြတယ်။ တစ်ဖက်ကလည်း တရုတ်တို့၊ ဖိလစ်ပိုင်တို့လို အခွန်တွေ ကင်းလွတ်ခွင့်ပေးတယ်။ ၂၀၁၂ ခုနှစ်ကျတော့ အမျိုးသားဇီဝလောင်စာအဖွဲ့ National Biodiesel Mission (NBM) ကနေ ဒီဇယ်မှာ ၂၀ ရာခိုင်နှုန်း Biodiesel ရောဖို့ စီစဉ်ခဲ့တယ်။
အင်ဒိုနီးရှားကတော့ ၂၀၀၆ ခုနှစ်မှာ သမ္မတရုံးကနေ ညွှန်ကြားချက်အမှတ်၊ ၁-၂၀၀၆ ဆိုပြီး Legal Frame Work အဖြစ် ''Provision and Utilisation of Biofuel as Alternative Fuel'' ဆိုတာကို ထုတ်ပြန်တယ်။ ဒီထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ ဒီဇယ်ဆီအားလုံးကို ငြသ်ကနူ ရောခွင့်ပေးတယ်။ အခွန်တွေ ကင်းလွတ်ခွင့်ပေးတယ်။ သူပေးတာတွေထဲက အချို့ကတော့ -
- ဒီလုပ်ငန်းလုပ်ရင် အသားတင်ဝင်ငွေ ခွန်ဆောင်ရမယ့်ငွေရဲ့ ၃၀ ရာခိုင်နှုန်းကို လျော့ပေါ့ ခံစားစေရန်၊
- နိုင်ငံခြားသားများအတွက်ကောက်ခံတဲ့ အခွန် ၁၅ ရာခိုင်နှုန်းကို ဒီလုပ်ငန်းလုပ်ရင် ၁၀ ရာခိုင်နှုန်းအထိ အခွန်လျှော့ချစေရန်၊
- ငြသ်ကနူ စိုက်မယ့် လယ်သမားကို ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေချေးစေရန် စတာတွေ ပါတယ်။ ၂၀၀၆ ခုနှစ်ကစပြီး လီတာသန်းချီပြီး နှစ်စဉ်ထုတ်လုပ်ခဲ့ပါတယ်။
မလေးရှားလည်း အားထည့်တာပဲ။ မလေးရှားက ၂၀၀၅ ခုနှစ်မှာ အမျိုးသားဇီဝလောင်စာမူဝါဒ (National Biofuel Policy) (NBP) ကို ချမှတ်ခဲ့တယ်။ မူဝါဒတွေက
(က) Biofuel for Transport B5 လို့ခေါ်တဲ့ (Biofuel ၅ ရာခိုင်နှုန်းပါသောဆီ) ကို ကုန်းလမ်း၊ ရေလမ်းသယ်ယူပို့ဆောင်ရေး ယာဉ်အားလုံး သုံးရမယ်။
(ခ) Biofuel for Industry -B 5 ကို စက်မှုလုပ်ငန်းတွေ၊ ဘွိုင်လာမီးထိုးနေတဲ့နေရာတွေ၊ တည်ဆောက်ရေးသုံးယန္တရားတွေ၊ ဒီဇယ်သုံးဓာတ်အားပေးစက်တွေ အားလုံးမှာ သုံးရမယ်။
(ဂ) Biofuel Technology - Biofuel အတွက် သုတေသန ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်။
စတာတွေချမှတ်ပြီး စနစ်တကျလုပ်ခဲ့တယ်။
ကြက်ဆူစိုက်တာကို ယတြာလို့ထင်တဲ့နိုင်ငံ ဖော်ပြစရာနိုင်ငံတွေကတော့ အများကြီးပါ။ သူ့နိုင်ငံနဲ့သူ လုပ်သင့်တာတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်၊ နှစ် ၂၀ ကတည်းက လုပ်ခဲ့ကြတယ်။ စနစ်တကျလုပ်တယ်။ ပေါ်လစီ(မူဝါဒ) ချတယ်။ နောက်ကဥပဒေပါလိုက်တယ်။ အစိုးရက ထိထိရောက်ရောက် ဦးဆောင်တယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကိုရော လယ်သမားကိုပါ ထိထိမိမိ မက်လုံးပေးတယ်။ ထောက်ပံ့ကူညီတယ်။ ဒီလိုအချိန် မိမိတို့တစ်တွေ ဘာလုပ်နေခဲ့ကြသလဲ။ တာဝန်ရှိသူတွေကတော့ သာစည်(လှိုင်းတက်)မှာ နမူနာစိုက်ခင်း လုပ်ပြတယ်။ ဒေသအုပ်ချုပ်သူတွေကတော့ အပေါ်ကခိုင်းလို့ လုပ်ရတဲ့စိတ်နဲ့ အကောင်အထည်ဖော် ခဲ့ကြတယ်။
ဆက်လက်ဖော်ပြပါမည်။