နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိသည်။ အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME) စီးပွားရေးလုပ်ငန်း များကိုလည်း အထူးအားပေးလျက်ရှိသည်။ MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်ခြင်းမှာ ပုဂ္ဂလိကကို ဗဟိုပြုသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ တပ်မတော်အစိုးရ လက်ထက်ကတည်းက ဈေးကွက်စီးပွားရေးစနစ်ကို လမ်းခင်းဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဒီမိုကရေစီစနစ် စတင်လျှောက်လှမ်းချိန်၌လည်း ဈေးကွက်စီးပွားရေးစနစ်ကို ဆက်လက်ကျင့်သုံးခဲ့သည်။ ဒီမိုကရေစီပထမအစိုးရ သက်တမ်းငါးနှစ်အတွင်း နိုင်ငံ၏ GDP တိုးတက်မှုနှုန်းမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း သိရှိရသည်။
ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းတွင် နိုင်ငံ၏ GDP မှာ ပိုမိုတိုးတက်လာခြင်းမရှိဘဲ ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်။ စီးပွားရေးကျဆင်းရသည့်အကြောင်းရင်းများကိုလေ့လာကြည့်သည့်အခါ ပြည်ပ၏အကူအညီ အထောက်အပံ့များကို မှီခိုမှုများပြားခြင်းနှင့် ပြည်တွင်းစီးပွားရေးကို အားပေးမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်။
ထို့ပြင် စီးပွားရေးစီမံခန့်ခွဲမှုအားနည်းခြင်းများလည်းရှိခဲ့သည်။ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမှာ တိုးတက်လာခြင်းမရှိဘဲ ကျဆင်းရခြင်းဖြစ်ကြောင်းလေ့လာတွေ့ရှိရသည်။
ပြည်ပအကူအညီအထောက်အပံ့များမှာ နောင်တစ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည်သာဖြစ်သည်။ ပေးဆပ်သည့်အခါ အရင်းရောအတိုးပါပေးဆပ်ရခြင်း ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်မှ စတင်ကာ နိုင်ငံ့စီးပွား တိုးတက်မြင့်မားရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ မိမိနိုင်ငံ၏ အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အလေးထားပြီး အောင်မြင်အောင် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်တွင် ယခင်အစိုးရ လက်ထက်မှ စီးပွားရေးကျဆင်းခဲ့မှု၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ကမ္ဘာ့စီးပွားရေး ကျဆင်းခဲ့မှုများကြောင့် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကိုထိန်းချုပ်နိုင်ခြင်း၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေး ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပထမခြောက်လတာ ကာလအတွင်းမှာပင် အပေါင်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် နိုင်ငံ၏စီးပွားရေးမှာ ၈ ရာခိုင်နှုန်းခန့် ပြန်လည်တိုးတက်လာသည်။ ၂၀၂၁-၂၀၂၂ ခုနှစ် ဒုတိယခြောက်လတာကာလတွင် ၃ ဒသမ ၄ ရာခိုင်နှုန်းထိ ပြန်လည်တိုးတက်လာခဲ့ကြောင်း သိရှိရသည်။
ထိုကဲ့သို့တိုးတက်လာခြင်းမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ရှိသည့် ရေသယံဇာတ၊ မြေသယံဇာတများ၊ လယ်ယာ၊ သားငါးကဏ္ဍများ၊ သစ်တောကဏ္ဍများ၊ လူသားအရင်းအမြစ်များ၏ ဆောင်ရွက်နိုင်မှုများကို အသုံးချနိုင်မှုကြောင့် နိုင်ငံ့စီးပွားရေး တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်တွေ့ဆုံအားပေးလျက်ရှိရာ သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် ပိုမိုအောင်မြင်စွာ အားသွန်ခွန်စိုက်လုပ်ဆောင်ကြရန်ဖြစ်သည်။
နိုင်ငံလူဦးရေ၏ ၇၀ ရာခိုaင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အများဆုံး လုပ်ကိုင်လျက်ရှိကြသည်။ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အခြေခံသည့် ပြည်တွင်းထုတ်ကုန်များကို ဆောင်ရွက်နိုင်မည် ဆိုပါက ကျေးလက်ဖွံ့ဖြိုးမှုများကို များစွာအထောက်အကူပြုလာမည်ဖြစ်သည်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက် လာမည်ဆိုပါက ပြည်ပသွင်းကုန်များကို အစားထိုးနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်တွင်းထုတ်ကုန်များကို အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်၍ နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက် မြင့်မားရေးမှာ ပြည်ပမှသွင်းကုန်များကို လျှော့ချပြီး မိမိနိုင်ငံထုတ်ကုန် များကို ပြည်ပသို့များစွာ တင်ပို့နိုင်ခြင်းဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် မွေးမြူမည်ဆိုပါက ပြည်တွင်းစားသုံးမှုကို အထောက်အကူပြုနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များကို တင်ပို့နိုင်မည်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ခရီးသွားလုပ်ငန်းတိုးတက်အောင်ဆောင်ရွက်ခြင်းသည်လည်း တစ်ခုပါဝင်သည်။
ထို့ပြင် တရားမဝင်ကုန်သွယ်မှုများ ပပျောက်ရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ၏ GDP တိုးတက်ရေးအတွက် နိုင်ငံ၏ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်နိုင်မှုနှင့် ပို့ကုန်အဆင့်မြှင့်တင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။