ဘန်လေအသင်း တိုက်စစ်ကစားသမား ဝက်ဟော့ချ်ကို ယခုဘောလုံးရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူရန် မန်ယူအသင်း သဘောတူညီမှုရရှိ
မန်ယူအသင်းက အသင်းတိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းသည့်အနေဖြင့် ဘန်လေအသင်း တိုက်စစ် ကစားသမား ဝက်ဟော့ချ်ကို ယခုဘောလုံး ရာသီကုန်အထိ အငှားစာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
အသက် ၃၀ အရွယ် ဝက်ဟော့ချ်သည် ယခု ဘောလုံးရာသီတွင် ဘန်လေအသင်းမှ တူရကီကလပ် ဘီဆစ်တပ်အသင်းသို့ အငှားစာချုပ်ဖြင့် သွားရောက် ကစားနေသော်လည်း မန်ယူအသင်းက ခေါ်ယူမည် ဖြစ်သည့်အတွက် ဝက်ဟော့ချ်ကိုယ်တိုင်က ဘီဆစ်တပ် အသင်းနှင့် စာချုပ်ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းက ဝက်ဟော့ချ်ကိုခေါ်ယူရန် ဘီဆစ် တပ်အသင်းထံ စာချုပ်ဖျက်သိမ်းကြေး စတာလင် ပေါင် သုံးသန်းပေးချေခဲ့ရပြီး လက်ရှိတွင် ဝက်ဟော့ချ်သည် မန်ယူအသင်းနှင့် စာချုပ်ချုပ်ဆိုရန် တူရကီနိုင်ငံ မှ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့၌ ရောက်ရှိနေပြီ ဖြစ်သည်။
မန်ယူအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလတွင် အသင်းမှ ဝါရင့်တိုက်စစ်ကစားသမား စီရော်နယ်ဒို နှင့် စာချုပ်ဖျက်သိမ်းပြီးနောက် ဇန်နဝါရီကစား သမားအပြောင်းအရွှေ့ ကာလတွင် အသင်းတိုက်စစ်ပိုင်း အင်အားဖြည့်တင်းရန် အစောပိုင်းက ပီအက်စ်ဗွီအသင်း မှ ဂက်စ်ပိုနှင့် အက်သလက်တီကို အသင်းမှ ဂျာအို ဖီးလစ်တို့ကို ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း လက်လွှတ်ခဲ့ရသည့်အတွက် ယခုအခါ ဝက်ဟော့ချ်ကို ခေါ်ယူရန်ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။