ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား မက်ဆီကို စံချိန်တင်လုပ်ခလစာဖြင့် ခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းက ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား မက်ဆီကို စံချိန်တင်လုပ်ခလစာဖြင့် ခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်

    ဆော်ဒီထိပ်တန်းကလပ်   အသင်းတစ်သင်းဖြစ် သည့် အယ်လ်ဟီလယ် အသင်းအနေဖြင့် ပြိုင်ဘက် အယ်နာဆာအသင်းက  စီရော်နယ်ဒိုကို  စံချိန်တင် လုပ်ခလစာဖြင့် ခေါ်ယူနိုင်ခဲ့ပြီးနောက် ၎င်းတို့ကလည်း ပီအက်စ်ဂျီအသင်းနှင့် စာချုပ်ချုပ်ဆိုရန်ကြန့်ကြာ နေသည့်  တိုက်စစ်ကစားသမား မက်ဆီကို  စံချိန်တင် လုပ်ခလစာဖြင့်ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

မန်ယူအသင်းနှင့်  စာချုပ်ဖျက်သိမ်းပြီးနောက် ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် စီရော်နယ်ဒိုကို အယ်နာဆာအသင်းက လက်ရှိ ကမ္ဘာ့စံချိန်တင်လုပ်ခ လစာဖြစ်သည့်  တစ်နှစ်လုပ်ခ လစာ စတာလင်ပေါင် ၁၇၃ သန်းဖြင့် နှစ်နှစ်စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ ခြင်းဖြစ်သည်။

ဆော်ဒီပရိုလိဂ်ချန်ပီယံ အယ်လ်ဟီလယ်အသင်း ကလည်း   အယ်နာဆာ အသင်းကဲ့သို့    ပီအက်စ်ဂျီ အသင်းမှ မက်ဆီကို စီရော်နယ်ဒိုထက် မြင့်မားသည့် လုပ်ခလစာဖြင့် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် အယ်လ်ဟီလယ်အသင်းမှ  တာဝန်ရှိသူများ အနေဖြင့်  မက်ဆီ၏အေးဂျင့်အဖြစ်  လုပ်ဆောင် နေသည့် ၎င်းင်း၏ဖခင် ဟော်ဟဲမက်ဆီနှင့် ဆွေးနွေး မှုများပြုလုပ်နေပြီဟု သတင်းများ ထွက်ပေါ်လျက်ရှိ သည်။

မက်ဆီသည် ၂၀၂၁ ခုနှစ်က ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် နှစ်နှစ်စာချုပ်ချုပ်ဆိုကာ   ပြောင်းရွှေ့ကစားခဲ့ခြင်း ဖြစ်ပြီး  ယခုဘောလုံးရာသီ အကုန်တွင်  အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ လက်ရှိအချိန်ထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခြင်း    မရှိသေးဘဲ ကြန့်ကြာနေခြင်း ဖြစ်သည်။

မက်ဆီအနေဖြင့် အယ်လ်ဟီလယ်အသင်း ကမ်းလှမ်းခဲ့သည့်   တစ်နှစ်လုပ်ခလစာ စတာလင်ပေါင်  ၂၄၅ သန်းဖြင့် ပြောင်းရွှေ့ကစားမည် ဆိုပါက ကမ္ဘာ့ လုပ်ခလစာ အများဆုံးကစားသမား  ဖြစ်လာမည်ဖြစ် ကြောင်း သိရသည်။