နိုင်ငံ၏ လုံခြုံရေးအတွက် ရေငုပ်သင်္ဘောများတွင် မျိုးဆက်သစ် ဒုံးကျည်များဖြင့် အစားထိုးခဲ့သည့် တရုတ်
အင်ဒို-ပစိဖိတ်ဒေသ၌ ပြိုင်ဆိုင်မှုများ မြင့်တက်လာစဉ် တရုတ်နိုင်ငံသည် ၎င်းတို့၏ ရေငုပ်သင်္ဘောအခြေပြု ဒုံးကျည်အဟောင်းများ၏ နေရာတွင် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားသည့် JL-3 အမျိုးအစား ဒုံးကျည်များ တပ်ဆင်လိုက်ပြီဖြစ်သည်။
JL-3 ဒုံးကျည်များသည် သဘောတရားအရ အမေရိကန်အရှေ့ပိုင်းရှိ ဆော့လိတ်စီးတီးမြို့ကိုကျော်ဖြတ်၍ ယူထာပြည်နယ်အထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်အမျိုးအစားဖြစ်သည်။ ယင်းဒုံးကျည်၏ အကွာအဝေးသည် ယခင်က အကန့်အသတ်ဖြင့်သာ ရှိခဲ့သော်လည်း တရုတ်နိုင်ငံက ယင်းဒုံးကျည်တွင် နျူကလီးယားထိပ်ဖူးများကိုပါ တပ်ဆင်နိုင်ရန်ကြိုးပမ်းလျက်ရှိသည်။
တရုတ်နိုင်ငံသည် မျိုးဆက်သစ် JL-3 ဒုံးကျည်များကို ပထမအကြိမ်အဖြစ်အမေရိကန်၏ အနောက်ဘက်ကမ်းခြေသို့ ပစ်ခတ်နိုင်သည်အထိ နေရာဖြန့်ကြက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ JL-3 ဒုံးကျည်များကို တရုတ်နိုင်ငံက ၎င်းတို့၏ ပဲ့ထိန်းဒုံးကျည်တပ် ရေငုပ်သင်္ဘောများတွင် အစားထိုးတပ်ဆင်၍ တရုတ်လက်နက်ကိုင် တပ်ဖွဲ့၏ပစ်အားကို တိုးမြှင့်ရန် လုပ်ဆောင်ခဲ့သည်။
သို့ရာတွင် တရုတ်ရေငုပ်သင်္ဘောများသည် ၎င်းတို့ကင်းလှည့်ရာ ရေပြင်မှ အမေရိကန်အနီးသို့ ဝင်ရောက်နိုင်ခြင်းမရှိသောကြောင့် ဆော့လိတ်စီးတီးကဲ့သို့သောမြို့ကြီးအထိ ပစ်ခတ်နိုင်ရန် စီစဉ်ခဲ့ရခြင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် မျိုးဆက်သစ် JL-3 ဒုံးကျည်များကို ၎င်းတို့၏ Type 094ရေငုပ်သင်္ဘောများတွင် တပ်ဆင်ခဲ့ပြီး ယင်းဒုံးကျည်များသည် တောင်တရုတ်ပင်လယ်အတွင်းရှိ အခိုင်အမာခြေကုပ် ယူထားသည့်ခံတပ်မှနေ၍ အမေရိကန် ကုန်းမကြီးအထိ ပစ်ခတ်နိုင်ဖွယ် ရှိကြောင်း အမေရိကန်မဟာဗျူဟာ ထိန်းချုပ်ကွပ်ကဲမှု ဌာနချုပ်အကြီးအကဲ၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg ကဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံသည် ၎င်းတို့၏ ရေတပ်စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ရေး အတွက် ကြိုးပမ်းလျက်ရှိပြီး ၂၀၂၅ ခုနှစ်ခန့်တွင် တရုတ်ရေတပ်ရှိ စစ်ရေယာဉ် အရေအတွက်မှာ ၄၀၀ ခန့်အထိ မြင့်တက်လာနိုင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ခန့်မှန်းထားသည်။
တရုတ်နိုင်ငံ၏ Type 094 ရေငုပ်သင်္ဘောတစ်စင်းတွင် ဒုံးကျည်ပစ်စင် ၁၂ ခုပါဝင်ပြီး ရေယာဉ်စုတစ်ခုလုံးအတွက် ဒုံးကျည် ၇၂ စင်း တပ်ဆင်ထားသည်။ တရုတ်နိုင်ငံသည် အဆိုပါရေငုပ်သင်္ဘော အနည်းဆုံးလေးစင်းကို တောင်တရုတ် ပင်လယ်အတွင်းရှိ ဟိုင်နန်ကျွန်း၌ အခြေပြုထားပြီး နျူကလီးယား တားဆီးရေး အင်အားစုအဖြစ် ကင်းလှည့်ရာတွင် အသုံးပြုလျက်ရှိသည်။
ရေငုပ်သင်္ဘောများတွင် အစားထိုးတပ်ဆင်အသုံးပြုမည့် JL-3 ဒုံးကျည်များသည် အကွာအဝေး ၆၂၁၃ မိုင်အထိ ရောက်ရှိနိုင်ပြီး ယင်းဒုံးကျည်များသည် ထိပ်ဖူးတစ်စင်းထက်ပို၍ သယ်ဆောင်နိုင်စွမ်းရှိသည်ဟု အမျိုးသားလေကြောင်းနှင့် အာကာသထောက်လှမ်းရေး စင်တာက ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထို့ကြောင့် ဒုံးကျည်တစ်စင်းဖြင့် ပစ်မှတ်အများအပြားကို ပစ်ခတ်နိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ JL-3 ဒုံးကျည်များသည် အလက်စကာအခြေပြု အမေရိကန်ဒုံးကျည် ကာကွယ်ရေးစနစ်အတွက် ဖိအားများ ဖြစ်ပေါ်လာစေနိုင်ဖွယ်ရှိသည်။
အကယ်၍ တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ကင်းလှည့်စောင့်ကြည့်ရေး လမ်းကြောင်းကို ပိုဟိုင်ပင်လယ်အော်ကဲ့သို့သော နေရာများသို့ ရွှေ့ပြောင်းလိုက်မည်ဆိုပါက အမေရိကန်ရှိ တောင်ဒါကိုတာနှင့် မြောက်ဒါကိုတာပြည်နယ်တို့အပြင် မွန်တာနာ၊ အော်ရီဂွန်၊ ဝါရှင်တန်၊ နီဗားဒါး၊ ယူထာနှင့် ကယ်လီဖိုးနီးယားပြည်နယ်များမှာ တရုတ်ဒုံးကျည်များ၏ ပစ်ကွင်းအတွင်းသို့ ရောက်ရှိလာနိုင်ဖွယ် ရှိသည်။
အမေရိကန်အတွင်းရှိ ကျန်ပြည်နယ်များအား ပစ်ကွင်းအတွင်းသို့ ရောက်ရှိလာစေရန်အတွက် လုပ်ဆောင်မည်ဆိုပါက တရုတ်ရေငုပ်သင်္ဘောများ အနေဖြင့် အနောက်ပစိဖိတ်သို့ ရွှေ့ပြောင်းရန် လိုအပ်မည်ဖြစ်သည်။
သို့သော် ထိုသို့ရွှေ့ပြောင်းမည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် ရန်သူ၏ ရေငုပ်သင်္ဘောတိုက်ဖျက်ရေး တပ်ဖွဲ့များ၏ ရန်ကိုကာကွယ်ရာတွင် အခက်အခဲဖြစ်စေမည့်အလားအလာရှိနေသည်။ အကြောင်းမှာ တရုတ်ရေငုပ်သင်္ဘောများသည် အမေရိကန် ရေငုပ်သင်္ဘောများကဲ့သို့ မောင်းနှင်သွား လာရာတွင် တိတ်ဆိတ်မှုနည်းပါးပြီး ဆူညံမှုကို ဖြစ်ပေါ်စေသောကြောင့်ဖြစ်သည်။
တရုတ်နိုင်ငံက ၎င်းတို့၏မျိုးဆက်သစ် JL-3 ဒုံးကျည်များအား ရေငုပ်သင်္ဘောများတွင် အစားထိုး တပ်ဆင်လိုက်ခြင်းသည် တရုတ်နှင့် အမေရိကန်တို့ကြား မဟာဗျူဟာမြောက် ဟန်ချက်ညီမှုကို ထူးထူးခြားခြား ပြောင်းလဲစေမည် မဟုတ်သော်လည်း တရုတ်နိုင်ငံက ယခင်က အသုံးပြုခဲ့သည့် JL-2 ဒုံးကျည်များ၏ နေရာတွင် JL-3 ဒုံးကျည်များဖြင့် အလျင်အမြန် အစားထိုးနိုင်စွမ်းသည် ရေကြောင်းအခြေပြု နျူကလီးယား လက်နက်တပ်ဆင်မှုတွင် အမေရိကန်အား အပြိုင်လိုက်နိုင်စွမ်းကို ပြသနိုင်ခဲ့သည်ဟုဆိုနိုင်သည်။
တရုတ်နိုင်ငံသည် နောက်ထပ်ခြေလှမ်း တစ်ရပ်အနေဖြင့် လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ အနောက်ပစိဖိတ်အထိ မောင်းနှင်နိုင်သည့် အမေရိကန်ရေငုပ်သင်္ဘောများ ကဲ့သို့သော မျိုးဆက်သစ်ရေငုပ်သင်္ဘောများ တည်ဆောက်နိုင်ရေးပင်ဖြစ်သည်ဟု နိုင်ငံတကာရေးရာ ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
အချုပ်အားဖြင့်ဆိုရပါမူ အင်ဒို-ပစိဖိတ် ဒေသတွင် အင်အားကြီးနိုင်ငံများက ၎င်းတို့၏ မဟာမိတ်နိုင်ငံများနှင့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒေသတွင်း အခင်းအကျင်း ပြောင်းလဲလာစဉ် တရုတ်နိုင်ငံအနေဖြင့်လည်း ၎င်းတို့၏လုံခြုံရေးကို တိုးမြှင့်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း