ONE Fight Night-6 ပြိုင်ပွဲတွင် အောင်လအန်ဆန်က ဘရာဇီးဖိုက်တာ ဂီဘာတိုဂယ်လ်ဗိုကို ပထမအချီမှာပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိ
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဇန်နဝါရီ ၁၄ ရက်က ကျင်းပသည့် ONE Fight Night-6 အမည်ရှိ MMA ပြိုင်ပွဲတွင် အောင်လအန်ဆန်နှင့် ဘရာဇီးဖိုက်တာ ဂီဘာတိုဂယ်လ်ဗိုတို့ ယှဉ်ပြိုင်ရာ အောင်လအန်ဆန်က ပထမအချီမှာပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် အစောပိုင်းက အောင်လအန်ဆန်အနေဖြင့် မစ်ဒယ်ဝိတ်တန်း ပွဲစဉ်အဖြစ် တရုတ်ဖိုက်တာ ဖန်ရွန်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဖန်ရွန်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရသည့် အတွက် ပြိုင်ဘက် အပြောင်းအလဲဖြစ်ပေါ်ကာ ဂီဘာတိုဂယ်လ်ဗိုနှင့် ကက်ဝိတ်တန်း ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။
အဆိုပါပွဲစဉ်၌ ပွဲအစပိုင်းတွင် အောင် လအန်ဆန်က အားပါသည့် လက်သီးထိုး ချက်များဖြင့် ယှဉ်ပြိုင်ခဲ့သော်လည်း ဂီဘာတိုဂယ်လ်ဗိုက အနီးကပ်ချုပ်ကွက်ဖြင့် အနိုင်ယူရန် ကြိုးစားခဲ့ရာမှ အောင်လအန်ဆန်၏ တံတောင်တိုက်ချက်ကြောင့် ဟန် ချက်ပျက်လဲကျချိန်တွင် အောင်လအန်ဆန် ၏ လက်သီးထိုးချက်များကြောင့် ပွဲချိန် ၁ မိနစ်နှင့် ၂၉ စက္ကန့်မှာပင် ဒိုင်ပွဲရပ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခြင်း ဖြစ်သည်။
အောင်လအန်ဆန်သည် အနီးကပ်ဆုံး ပွဲစဉ်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက ဂျပန်ဖိုက်တာ အိုကာမီနှင့် မစ်ဒယ်ဝိတ် တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရာတွင်လည်း ပထမအချီမှာပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ပြီး ယခုအခါ ဂီဘာတိုဂယ်လ်ဗိုကိုလည်း ပထမအချီမှာပင် ဒိုင်ပွဲရပ်ဖြင့် ထပ်မံအနိုင် ရရှိခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ဂီဘာတိုဂယ်လ်ဗိုကို အနိုင်ရရှိပြီးနောက် ၎င်း၏ချန်ပီယံ ခါးပတ်ဟောင်း ပြိုင်ဘက် လက်ရှိမစ်ဒယ်ဝိတ်တန်း ချန်ပီယံ နယ်သာလန်ဖိုက်တာ ဒီရစ်ဒါကို ပြန်လည်စိန်ခေါ် ယှဉ်ပြိုင်ဖွယ် ရှိကြောင်း သိရသည်။