KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားပြုလုပ်နေသည့် ပြည်နယ်ခန်းမနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁ ဦးသေဆုံး၊ ကျောင်းသား/သူ ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူမျာ

KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားပြုလုပ်နေသည့် ပြည်နယ်ခန်းမနေရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူ ဦးသေဆုံး၊ ကျောင်းသား/သူ ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ ဇန်နဝါရီ - ၁၅

       ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)နှစ်မြောက် ကယား ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနား ကျင်းပနေစဉ် ယနေ့ နံနက်ပိုင်းက KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ယုတ်မာ ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

      ဖြစ်စဉ်မှာ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဒေသခံတိုင်းရင်းသား ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ နေသည့်နေရာသို့ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်သဖြင့် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များ အတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား/ကျောင်းသူ ကလေးငယ် ၆ ဦး၊ အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့အရပ်သားပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

       အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ဒေသခံတိုင်းရင်းသားများ၏ ပြည်နယ်နှင့် သက်ဆိုင်သည့်အခမ်းအနားကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်အပြင် စစ်ရေးနှင့် မသက်ဆိုင်သည့် လူစည်ကားရာ နေရာသို့ အများပြည်သူများအား အစုလိုက် အပြုံလိုက် သေကျေဒဏ်ရာရရှိစေခြင်း အလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများ၏ ယုတ်မာရိုင်းစိုင်းပြီး လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအား ဒေသခံပြည်သူ များက ရွံ့ရှာမုန်းတီးလျက် ရှိကြောင်း သတင်းရရှိသည်။