စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ် (၂၄)
အမှတ်စဉ် (၂၄)
ဖရန်စစ်နဲ့ ပယ်လ်တန်တာဘိုင် ဘယ်ကစသလဲ
၁၈၄၈ ခုနှစ်ရောက်တော့ Jame B. Francis က ဒလက်တွေကို ဝင်ရိုးတစ်ခုမှာတပ်ပြီး အလုံပိတ် သံအိမ်ထဲမှာ ထည့်ကာ ရေအားနဲ့လည်တဲ့စက်ကို တီထွင်ခဲ့တယ်။ အဲဒီအချိန်မှာ လျှပ်စစ်ထုတ်စက် (Generator)ကို အင်ဂျင်နဲ့ မောင်းတဲ့အဆင့်က ရှိပြီးနေပြီ။ အဲ့ဒီအင်ဂျင်နဲ့မောင်းတဲ့ Generator ကို ရေအားသုံးပြီး လှည့်ပြခဲ့တယ်။ ဒီနေ့ သုံးနေတဲ့ ရေအားလျှပ်စစ် Francis Turbine ဆိုတာဟာ Jame B. Francis ရဲ့တီထွင်မှုပဲ။
၁၈၇၀ ပြည့်နှစ်ရောက်တော့ အမေရိကန် ကယ်လီဖိုးနီးယားသတ္တုတွင်းတစ်ခုက Lester Allen Pelton ဆိုသူက အမြင့်ကကျလာတဲ့ရေအားနဲ့ ဒလက်တွေတပ်ထားတဲ့ဘီးတစ်ခုကို လည်ပတ်စေခဲ့ရာမှာ အောင်မြင်ခဲ့တယ်။ ဒီနေ့ရေအား အမြင့်ကောင်းကောင်းက ကျလာမယ့်ရေကို လျှပ်စစ်ဓာတ်အားထုတ်မယ်ဆိုရင် Pelton Wheel ကို သုံးနေကြရတယ်။ Lester Allen Pelton ရဲ့ တီထွင်မှုပါပဲ။
ဒီနည်းကိုသုံးပြီး ၁၈၇၈ ခုနှစ်မှာ ပထမဆုံး Cragside Power Plant ကို တည်ဆောက်ခဲ့တယ်။ အိမ်မီးပေးတဲ့ အဆင့်နဲ့စခဲ့တယ်။ ၁၈၇၉ ခုနှစ်ရောက်တော့ နီဂါရာရေတံခွန် (Niagara Falls) က ကျလာတဲ့ရေကိုသုံးပြီး စက်ရုံသေးသေး တစ်ရုံဆောက်ခဲ့တာက ၁၈၈၁ ခုနှစ်မှာ လမ်းမီးတွေ ပေးနိုင်ခဲ့တယ်။ ရေအားအကြောင်း ပြောနေဆဲမှာ Niagara Falls ကိစ္စပါလာလို့ ဗဟုသုတအနေနဲ့ဖော်ပြရရင် ဒီရေတံခွန်ဟာ ကနေဒါနိုင်ငံ Ontario နဲ့ အမေရိကန်နိုင်ငံ New York ရဲ့နယ်စပ်မှာရှိပါတယ်။ ရေတံခွန်သုံးခုဆုံရာ (Bridal Veil Falls, Horseshoe Falls, American Falls) နီဂါရာမြစ်ပေါ်မှာရှိပါတယ်။ ရေတံခွန်အမြင့်က ၅၁ မီတာ (၁၆၇ ပေ)ရှိပြီး ပုံမှန်ပျမ်းမျှ ရေထုစီးနှုန်းဟာ တစ်စက္ကန့်မှာ ၂၄၀၀ ကုဗမီတာ (ကုဗပေ ၈၅၀၀၀) နှုန်းခန့် စီးကျနေတာဖြစ်တယ်။ ကမ္ဘာလှည့် ခရီးသွားတွေ အမေရိကန်ရောက်ရင် မဖြစ်မနေ သွားရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုပါပဲ။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေမှုဟာ ကနေဒါဘက်မှာ မဂ္ဂါဝပ် ၁၉၉၇ ရှိပြီး အမျိုးသားသဘာ၀ အမွေအနှစ်အဖြစ် စောင့်ရှောက် ထားတဲ့နေရာမှာရှိတာပါ။ ၁၉၂၂ ခုနှစ်မှာတစ်ဆင့်၊ ၁၉၅၄ ခုနှစ်မှာတစ်ဆင့် စုစုပေါင်း နှစ်ဆင့်တည်ဆောက် ထားပါတယ်။ အမေရိကန်ဘက်ခြမ်းမှာတော့ Robert Moses Niagara Hydroelectric Power Plant ရှိပြီး တပ်ဆင်အင်အား ၂၆၇၅ မဂ္ဂါဝပ် ရှိပါတယ်။ ၁၉၆၁ ခုနှစ်မှာ စက်ရုံ စတင်လည်ပတ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီးမှာ အမေရိကန်နဲ့ ကနေဒါတို့ ရေအားလျှပ်စစ် ဇောက်ချလုပ်ခဲ့ကြတဲ့အထဲက တစ်ခုပါ။
ကမ္ဘာနှင့်ရေအားလျှပ်စစ်
ကမ္ဘာပေါ်မှာ နေရာဒေသလိုက်ပြီး သင့်လျော်ရာစွမ်းအင်တွေကို ကိုယ့်နိုင်ငံနဲ့ကိုယ် လိုက်လျောညီထွေဖြစ်အောင် စီမံခန့်ခွဲနေကြတယ်။ ရေသယံဇာတ၊ ဓာတ်ငွေ့နဲ့ ရေနံသယံဇာတ၊ ကျောက်မီးသွေးသယံဇာတ စတဲ့သယံဇာတ တွေထဲမှာ ကိုယ့်နိုင်ငံနဲ့ကိုက်ညီမယ့် သယံဇာတတစ်ခုခုကိုဖြစ်စေ၊ အကုန်လုံးရောစပ်ပြီးဖြစ်စေ အသုံးချနေကြ တယ်။ ၂၀ ရာစုရောက်လာတော့ လျှပ်စစ်ကမရှိမဖြစ် လိုအပ်လာတဲ့အချိန်မှာ နိုင်ငံတွေ အရင်ဆုံးစဉ်းစား ကြတာဟာ လျှပ်စစ်ဓာတ်အား များများထွက်အောင်လုပ်မယ်၊ ဈေးလည်းသက်သာရမယ်၊ ရေရှည်လည်းခံရမယ် ဆိုတဲ့ အချက်သုံးချက်ကို ရှေ့တန်းတင်လာကြတယ်။ ဒီနေရာမှာ အားလုံးက တစ်ပြေးညီ သုံးသပ်တာကတော့ ရေသယံဇာတကြွယ်ဝရင်(အရင်းအမြစ်ရှိရင်) အဲဒီရေကိုသုံးပြီး လျှပ်စစ်ဓာတ်အား ပိုပြီးထုတ် ကြမယ်ဆိုတဲ့ အချက်ပါပဲ။ အချို့နိုင်ငံတွေက ဧရိယာကျယ်တယ်၊ မြစ်ချောင်းတွေ၊ တောတောင်တွေရှိတယ်။ သူတို့က ရေအား လျှပ်စစ်ထုတ်လို့ရတယ်။ အချို့ကျတော့ ကျွန်းစုတွေများတယ်၊ ရေအားလျှပ်စစ် ကြီးကြီးမားမား လုပ်လို့မရဘူး ဆိုတော့ ဈေးသက်သာမယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေသုံးတယ်။ ဓာတ်ငွေ့တွေ အလျှံပယ် ကြွယ်ဝနေတဲ့ နိုင်ငံအချို့ကျတော့ နိုင်ငံကလည်း ဒီသယံဇာတနဲ့ အလွန်အမင်းချမ်းသာနေတဲ့နိုင်ငံဆိုရင်တော့ ဓာတ်ငွေ့သုံးပြီး လျှပ်စစ်ထုတ်ကြတယ်။ ဓာတ်ငွေ့နဲ့ထုတ်လို့ ဈေးကြီးပေမယ့် သူ့ပြည်သူက ဝယ်သုံးနိုင်ကြတယ်။ ဓာတ်ငွေ့ကြွယ်ဝတိုင်းလည်း ဓာတ်ငွေ့ချည်းသုံးပြီး လျှပ်စစ်မထုတ်ကြသူတွေကိုလည်းနမူနာယူကြရပါမယ်။
ဆက်လက်ဖော်ပြပါမည်။
မော်သာထွေး(မန္တလေး)