မိုးညှင်းမြို့နယ်အတွင်းရှိ ထူးခြားထင်ရှားလှသည့် သမိုင်းဝင် တန်ခိုးကြီးဘုရားဖြစ်သောအင်းတော်ကြီး(ရွှေမဉ္ဇူ)ရေလယ်ဘုရားသို့ အလည်တစ်ခေါက်
ရွှေမဉ္ဇူ ဘုရားတည်ထား ကိုးကွယ်မှုသမိုင်း
ရွှေမဉ္ဇူ ဘုရားကို မန္တလေးမြို့၌ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းအုပ်စိုးစဉ် တည်ထားကိုးကွယ်ခဲ့သည်။ အင်းတော်ကြီးဒေသမှ အခွန်တော်များကို ပေါ်မိုင်းတို့မှ တစ်ဆင့် ကောက်ခံစေသည်။ “မိုင်း”ဆိုသည်မှာ ရှမ်းတို့၏ဝေါဟာရဖြစ်ပြီး “ရွာများကိုပေါင်း၍ ပိုင်ဆိုင်ခြင်း”ဟု အဓိပ္ပာယ်ရသည်။
အင်းတော်ကြီးသည် ၁၁ ရာစုခန့်က ထူထပ်သော တောတောင်တို့ဖြင့် ဝန်းရံလျက်ရှိသည်။ တောင်ဘက်တွင် အင်းတော်ချောင်းရှိသည်။ လှိုင်းတံပိုးနှင့် ရေသတ္တဝါတို့မှာ ကြောက်မက်ဖွယ်ရာကောင်းလေသည်။ အင်းကိုပိုင်စိုးသော အရှင်ကြီးမှာလည်း ကြမ်းတမ်းလှသည်ဟူ၏။ ထိုစဉ် အင်းတော်ကြီးနယ်၌ သီလ၊ သမာဓိ၊ မေတ္တာ၊ ကမ္မဋ္ဌာန်းတို့နှင့်ပြည့်စုံသော တောရဆရာတော် ဦးညီဆူသည် တောင်သုံးလုံး၌ သီတင်းသုံးလျက်ရှိလေသည်။ ဆရာတော်ကို ထွက်ရပ်ပေါက်သည်ဟူ၍ အများက ယုံကြည်ကြသည်။ အင်းတော်သူ၊ အင်းတော်သားတို့၏ လျှောက်ထားချက်အရ ဆရာတော် ဦးညီဆူသည် သီလ၊ သမာဓိ၊ မေတ္တာ၊ ကမ္မဋ္ဌာန်းတို့နှင့်ပြည့်စုံသော ဒကာများကို ခေါ်ဆောင်ပြီး အဓိဋ္ဌာန်ပြုထားသော ကျောက်တုံး သုံးတုံးကို လှေပေါ်တွင်တင်ဆောင်၍ ဖာနန်းမုန်ဒေသမှ ထွက်ခွာကြလေသည်။ ဆရာတော်နှင့် ဒါယကာများသည် သမ္မာဒေဝနတ်များကို ပင့်ဆောင်ခြင်း၊ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းခြင်း၊ ပရိတ်တော်များ ရွတ်ဖတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ကြမ်းတမ်းလှသော ရာသီဥတုကိုဖြတ်ကျော်၍ လှော်ခတ်လာခဲ့ကြရာ သောင်ပြင်မို့မို့နေရာ တစ်ခုသို့ဆိုက်ရောက်ကြလေသည်။ ဆရာတော်သည် သဲသောင်ပြင်ထိပ်တွင် တောင်ဝှေးကို အဓိဋ္ဌာန်ပြု စိုက်ထူလိုက်ပြီး တင်ဆောင်လာခဲ့သော ကျောက်တုံးသုံးတုံးဖြင့် ညှပ်ထားခဲ့လေသည်။ ချက်ချင်းပင် လှိုင်းတံပိုးများ ငြိမ်သက်ပြီး ရာသီဥတုမှာလည်း ကြည်လင်ကောင်းမွန်သွားလေသည်။ ဤသဲသောင်နေရာတွင် နောင်အချိန်၌ ရွှေမဉ္ဇူ ဘုရားကိန်းဝပ်သောနေရာ ဖြစ်လာလေသည်။
ဆက်လက်၍ ဆရာတော်ဦးညီဆူသည် ဆရာတော် ဦးသောဘိတအား အဓိဋ္ဌာန်ပြုထားခဲ့သည့်နေရာ၌ ရေလယ်ဘုရားတစ်ဆူ တည်ထား ကိုးကွယ်နိုင်ရန် ညွှန်ကြားလိုက်လေသည်။ ဆရာတော် ဦးသောဘိတသည် စေတီတော်တည်ထား ကိုးကွယ်ရာ၌ ကျွမ်းကျင်ကျော်ကြားသူဖြစ်လေသည်။ ဒါယကာတို့၏ လျှောက်ထားချက်အရ ၁၂၃၀ ပြည့်နှစ်တွင် ကြွရောက်လာပြီး တပေါင်းလဆန်း ၁၃ ရက်နေ့တွင် ပန္နက်ရိုက်ကြလေသည်။ ၁၂၃၁ ခုနှစ် ကဆုန်လဆန်း ၁၃ ရက်၊ ခရစ်နှစ် ၁၈၆၉ ခုနှစ် ဧပြီ ၂၂ ရက် ကြာသပတေးနေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မှ ဆရာတော်ကိုယ်တိုင် အဓိဋ္ဌာန်ပြုပင့်ဆောင်လာခဲ့သော မြတ်စွာဘုရား၏ သရီရဓာတ်တော်ငါးဆူတို့ကို ရွှေသေတ္တာနှင့် ထည့်၍ ရတနာရွှေစင်ဖြင့် ပြုလုပ်ထားသည့်လှေတွင် တင်ဆောင်ပြီး ဌာပနာလေသည်။ ဌာပနာတိုက်ကို အင်းရေပြင်နှင့် ညှိ၍ ရေမြင့်၊ ရေနိမ့်ချိန်တို့၌ ရွှေလှေပေါ်တွင် ဓာတ်တော်များ အင်းရေပြင်နှင့်အညီ အနိမ့်အမြင့် စံမြန်းကိန်းဝပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားလေသည်။ နယုန်လဆန်း ၆ ရက်နေ့တွင် ထီးတော်တင်လေသည်။ ဉာဏ်တော်မှာ ၁၅ ပေကျော်ရှိသည်။
စေတီတော်ကို ထပ်မံမွမ်းမံခြင်း
မြန်မာသက္ကရာဇ် ၁၂၃၅ ခုနှစ်တွင် နန့်ဖောင်စင်ရွာမှ ရွှေမဉ္ဇူ ဘုရားကို ထပ်မံမွမ်းမံသည်။ ဉာဏ်တော်မှာ ၁၈ တောင် ၂ မိုက် ၄ လက်သစ်ဖြစ်သည်။ ဖိနပ်တော်မှာ ၉ တောင် ၂ မိုက် ၆ လက်မဖြစ်သည်။ ၁၂၅၈ ခုနှစ်တွင် နန့်မီးလောင်ရွာမှ အောက်ပလ္လင်ကို ကျွန်းသားဖြင့် ပြုပြင်သည်။ ၁၂၆၁ ခုနှစ်တွင်တစ်ကြိမ် ပလ္လင်တော်ကို လေးထောင့်အရံစေတီတော် လေးဆူကိုတည်သည်။ ၁၂၆၇ ခုနှစ်တွင် ဘုရားကြီးကို အသစ်ပြုပြင်မွမ်းမံ ဌာပနာသည်။ ၁၂၈၄ ခုနှစ်တွင် ထီးတော်အသစ်ကို တင်လှူသည်။ ဉာဏ်တော်မှာ ၃၃ တောင်ရှိသည်။ ဖိနပ်တော်မှာ ၂၆ တောင် ၁ မိုက်ဖြစ်သည်။ ဘုရားပွဲတော်ကို တပေါင်းလဆန်း ၈ ရက်နေ့မှ လဆုတ် ၁ရက်နေ့ထိကျင်းပသည်။ နှစ်စဉ်နှစ်တိုင်း ပွဲတော်ကို မကျင်းပမီ လူလမ်း၊ နတ်လမ်းဟူ၍ သဲလမ်းနှစ်လမ်း ပေါ်လေ့ရှိသည်။ လမ်းနှစ်လမ်း၏ အကွာအဝေးမှာ ၂ ဖာလုံခန့်ရှိပြီး မြောက်ဘက်တွင် လူလမ်း၊ တောင်ဘက်တွင် နတ်လမ်းဟူ၍ ဒေသခံရှမ်းလူမျိုးတို့ကခေါ်တွင်ကြသည်။
ဒဏ္ဍာရီဆန်ဆန် အင်းတော်ကြီးအိုင်ဖြစ်ပေါ်လာပုံ (ဥတ္တရဌာနီ စည်ခမ်းမြို့တော်ကြီး)
မိုးညှင်းမြို့မတိုင်မီ ကျခေတ်နှင့် ခေတ်ပြိုင် စည်ခမ်းမြို့တော်သည် ဒဏ္ဍာရီဆန်စွာ အင်းတော်ကြီးအိုင် ဖြစ်လာတော့သည်။ သမိုင်းမှတ်တမ်းများအရ လေးမျိုးသော နဂါးတို့တွင် ရောပတ္တနဂါးမျိုးဖြစ်သော နဂါးမင်းသားသည် ဥတ္တရစောဖြူမင်းစိုးစံသော ဂုရုရာဇ်တိုင်း ဥတ္တရဌာနီ စည်ခမ်းမြို့ကြီးကို အင်းဖွဲ့ရန် ရွှေတောင် နတ်မင်းကြီး၏ အမိန့်ကို ရရှိသောအခါ ရေနတ်နဂါးမင်းသားက စဉ်းစားတော်မူသည်မှာ ဤတမန်သည် လူမျိုးများနေထိုင် ပျော်ပါးသောမြို့ကို အင်းဖွဲ့လိုက်သော် တိုင်းနေပြည်သူတို့သည် သေကျေပျက်စီးကြတော့မည်။ ထိုသူတို့သေကြလျှင် ပါဏာတိပါတကံထိုက်၍ အပါယ်ငရဲ၌ ဆင်းရဲကြီးစွာခံရလိမ့်မည်ဟု ဆင်ခြင်တော်မူသည်။ သို့သော်လည်း ဤတိုင်းသူပြည်သား အပေါင်းတို့သည် တရားလည်းမကပ်ကြ၊ ကိုယ်ကျင့်သီလလည်းမရှိကြသဖြင့် နေ့စဉ်ညတိုင်း ထိုင်းမှိုင်းတွေဝေ၍ ငါးပါးအာရုံကာမဂုဏ်တို့ကို စုံစုံမက်မက် နှစ်သက်မြူးထူးပျော်ပါးကြသူများ ဖြစ်လေသည်။ သို့ဖြစ်သောကြောင့် အလီလီတွေးဆ၍ ညသန်းခေါင်အခါ အာကာသကောင်းကင်ယံတွင် နတ်မြင်းပျံစီးပြီး ကြီးစွာသော ကျယ်ကျယ်လောင်လောင် အသံဖြင့် “ဤတိုင်းပြည်၌ နေထိုင်ကြကုန်သော သင်မနုဿလူသားတို့သည် ရှေ့ခုနစ်ရက်တိုင်လျှင် သင်တို့တိုင်းပြည် ရေပြင်အတိ အင်းကြီးဖြစ်လိမ့်မည်၊ ခုနစ်ရက်မတိုင်ခင်အကြား ခရီးဝေးစွာ ထွက်ခွာသွားကြကုန်လော့၊ အကယ်၍ မသွားဘဲနေကြလျှင် ရေမွန်းနစ်၍ သေကြကုန်လတ္တံဟု” တစ်တိုင်းပြည်လုံးကြားအောင် သုံးကြိမ်သုံးခါတိုင်တိုင် ကြွေးကြော်ခဲ့သည်ဟု ဆိုသည်။
ဤသို့ တစ်တိုင်းတစ်ပြည်လုံးကြားလောက်အောင် ကြွေးကြော်ပါသော်လည်း တိုင်းသားပြည်သူဗိုလ်လူတို့၏ မကောင်းမှုကံ စီမံဖန်တီးထားသဖြင့် အသက်ကြီးသော မုဆိုးမအဒေါ်အို တစ်ယောက်အပြင် မည်သူမျှမကြား မသိကြ။ နံနက်မိုးသောက် အလင်းရောက်သောအခါ အဒေါ်အိုမုဆိုးမက တစ်အိမ်တက် တစ်အိမ်ဆင်း သွားရောက်ပြောကြားသော်လည်း အယုံတရား မရှိကြဘဲ ဤမုဆိုးမသည် မလှသောမျက်နှာ၊ မသာယာသော မျက်နှာဖြင့် သူတို့အား လိမ်လည်လှည့်ဖြား မဟုတ်မမှန်သော စကားကို ဆိုသည်ဟုထင်ကြသည်။ ငါတို့ ဘိုးဘွားမိဘကစ၍ ငါတို့လက်ထက် ကျအောင် ဤတိုင်းပြည်နဂရတွင် ထာဝရကြာရှည်စွာ နေထိုင်ခဲ့ကြသည်။ ဘယ်အခါ ဘယ်ကာလမှ မကြားစဖူး ထူးဆန်းသော ဤစကားကို အဒေါ်အိုမုဆိုးမပြောကြားသည်။ ရူးချင်သလားမသိဟု လူစုပြီးပြန်ပြောဆဲရေး လိုက်ကြကုန်သတည်း။ အဒေါ်အိုမုဆိုးမက ထိုသို့ အိမ်ထက်သို့တက်၍ တစ်ဖန် ဝေးရာသို့ရွှေ့ပြောင်း ထွက်ခွာသွားကြရန် သည်းခံ၍ပြောသော်လည်း မိမိအား အရူးအနှမ်းဖြစ်အောင် မာန်ထောင်ဒေါသငေါငေါထ၍ အိမ်ထက်မှ မောင်းနှင်ခြင်းခံရသဖြင့် အဒေါ်အိုသည် ဤမြို့ရွာရှိ ဆွေမျိုးဉာတိ မြေး၊ မြစ်များကိုခေါ်၍ ဝေးစွာသော မြိုင်ခွင်ချောင်းမြောင်း တောတောင်ကုန်းမြင့်သို့ တိမ်းရှောင်ထွက်ပြေးခဲ့ကြသည်။
အဒေါ်အိုမုဆိုးမသည် ဆွေမျိုးနီးစပ်တို့နှင့်တကွ တောအရပ်သို့ ထွက်ပြေးကြသောအခါ ညအခါ ကောင်းကင်ယံက ကြွေးကြော်သံကြားသည့် အလျောက် ခုနစ်ရက်လည်း စေ့ရောက်သဖြင့် ရေနတ်နဂါးရာဇာက တေဇာကွန့်ဖြိုး နတ်တို့၏တန်ခိုးအားဖြင့် အမျိုးမျိုးသော မိုးကြီး၊ လေကြီး မြည်ဟည်းပြင်းချက် အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်ဟူသည်နှင့်အညီ နဂါးမင်း၏အာခံတွင်းသည် ဝင်းဝင်းတောက်ပြောင် လောင်လုမတတ် လျှပ်တထိန်ထိန် အရှိန်ရဲရဲနှင့် ဝင်းခနဲလျှပ်ခနဲ မိုးကလည်း သဲသဲမဲမဲရွာချသည့်အထဲမှာ လေပွေလေကြမ်းတို့ တိုက်ရမ်းတိုးဝှေ့ ညဉ့်နေ့မသိအောင် မှောင်ကြီးချကာ ကြောက်စရာလန့်စရာ ခါခါမြည်ဟိန်း ဒိုးဒိန်းညိုးညံ အသံမစဲ အုံ့မည်းတိုက်ခတ်၍ ရေနတ်နဂါးတို့၏ တန်ခိုးအဟုန်နှင့် အစွမ်းကုန်လွှတ်လိုက်လျှင် တမန်သည်လူမျိုးတို့ ခိုကိုးနေထိုင်ရာ ဥတ္တရဌာနီ စည်ခမ်းမြို့ကြီးသည် တောခြေကွင်းပြင်မပါဘဲ အလယ်ဗဟိုမကျတကျတွင် တောင်မြောက်အလျား ၈ တိုင်၊ အရှေ့အနောက် အနံ ၄ တိုင်ကျယ်ဝန်းအောင် ရေပြင်အတိ အင်းကြီး(ဝါ) အိုင်ကြီးဖြစ်လေသတည်း။ အာကာသကောင်းကင်ယံက ကြွေးကြော်သံကိုကြားသဖြင့် သေဘေးကိုကြောက်၍ မြေး၊ မြစ်၊ ဆွေမျိုးများနှင့် ထွက်ပြေးလေသော အဒေါ်အိုသည် တောင်ထိပ်မှနေ၍ နောက်ပြန်မျှော်မှန်းကြည့်ရှုသောအခါ ၎င်းတို့နေထိုင်ခဲ့သော တိုင်းပြည်သည် ရေပြင်အင်းကြီးဖြစ်နေသည်ကို မြင်ရသည်ဟု ဆိုရိုးရှိခဲ့သည်။
ထွက်ပြေးခဲ့သော မုဆိုးမအဒေါ်အိုသည် ယခုအခါ လွဲမွန် ခေါ် အင်း၏ အနောက်ကမ်းအင်းထိပ်၌ တည်ရှိသော ကုန်းမြင့်ပေါ်သို့ ရောက်ရှိ၍ မိမိနေခဲ့သော တိုင်းပြည်ကို ပြန်၍မျှော်ကြည့်သည်ကို ရှမ်းဘာသာအားဖြင့် မုန်ဟုဆိုသည်။ ကုန်းမြင့်တောင်တို့ကို လွဲဟု ဆိုသည်။ နှစ်လုံးပြောင်းပြန် ဒွန်တွဲလိုက်သော် လွဲမုန်ဟု အဓိပ္ပာယ်ရသည်။ ယခုအခါ ကာလရှည်လျား နှစ်ပေါင်း များလာသည့်အတွက် အခေါ်အဝေါ် အနည်းငယ်မျှ ပြောင်းလဲလာသဖြင့် မုန်ကို မွန်ဟုဖြစ်လာပြီး လွဲမွန်ဟု ပြောဆိုခေါ်ဝေါ်ကြသည်။ ဤစကားသည် သုံးစောင်သောသမိုင်းတို့တွင် မပါရှိပေ။ ရှေးဦးလူတို့ ခေါ်ဝေါ်ပြောဆို စကားမျှသာဖြစ်လေသည်။
အင်းတော်ကြီးအိုင်သမိုင်းနှင့် ရှုခင်းသာ အင်းတော်ကြီးသည် တော်ဝင်အင်းကြီးဖြစ်ပြီး အလှဆုံးနှင့်အကြီးဆုံး အင်းလည်းဖြစ်သည်။ အင်းကြီးအတွင်း ငှက်မျိုးစုံများ၊ ကမ္ဘာအရပ်ရပ်မှ ရာသီအလိုက် အုပ်စုဖွဲ့၍ ဝင်ရောက်လာကြသောငှက်များ ကျက်စားပျော်မြူးကြသည်။ တောင်တန်းများဖြင့် ဝိုင်းရံကာထားလျက် ရှိသည်။ အနောက်လတ္တီတွဒ် ၂၅ ဒီဂရီ ၅ မိနစ်နှင့် ၂၅ ဒီဂရီ ၂၀ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၈ မိနစ်နှင့် ၉၆ ဒီဂရီ ၂၅ မိနစ် အကြားတွင် တည်ရှိသည်။ ၎င်းအင်းသည် မြေကျွံအင်း အမျိုးအစားဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၆၅၀ မြင့်၍ ဝိုင်းရံနေသော တောင်တန်းတို့မှာ ပေ ၂၀၀၀ မှ ပေ ၃၅၀၀ ထိမြင့်သည်။ နှစ်စဉ်ပွဲတော်ကြီးကို ပြည်နယ်နှင့် ခရိုင်တို့မှကြီးမှူး၍ ကျင်းပလေ့ရှိသည်။ ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲများ၊ အကပဒေသာများ၊ ဇာတ်သဘင်ပွဲများ၊ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ရိုးရာ အားကစားပွဲတော်နှင့် လှေလှော်ပြိုင်ပွဲများကို ကျင်းပလေ့ရှိသည်။
ဘုရားပွဲသည် ဆွေဘုရား မျိုးဘုရားဖြစ်ပြီး ဘာသာမရွေး၊ လူမျိုးမရွေး ပါဝင်ဆင်နွှဲကြသော ပွဲတော်ကြီးဖြစ်၍ ဒေသခံတို့၏ တစ်နှစ်တာ ကာလ ပင်ပန်းနွမ်းနယ် ခဲ့သမျှကိုလည်း ဆေးကြော လန်းဆန်းစေလေသည်။ နေထွက်နေဝင်ဆည်းဆာ၏ နေရောင်ခြည်သည် ကာရံထားသော တောင်တန်းများ၊ ရေလယ်မှဘုရား၊ လှပသောအင်းရေပြင်မှ အရိပ်ထင်ဟပ်မှုတို့သည် ဖော်မပြနိုင်သော အလှအပများကိုဖြစ်စေသည်။
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝပေါက်ပင်များ
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝပေါက်ပင်များ အနေဖြင့် ၎င်းအင်းတွင် အသေးစားသစ်တောထွက် ပစ္စည်းများ၊ ဆေးဖက်ဝင်အပင်များနှင့် ငါးသယံဇာတများ ပေါကြွယ်ဝလျက်ရှိရာ နို့တိုက်သတ္တဝါ မျိုးစိတ် ၄၇ မျိုး၊ ငှက်မျိုးစိတ် ၅၀၁ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ မျိုးစိတ် ၉၁ မျိုး၊ ငါးမျိုးစိတ် ၉၅ မျိုး၊ လိပ်ပြာမျိုးစိတ် ၅၀ မျိုး၊ သစ်မျိုး ၁၄၈ မျိုး၊ ဆေးဖက်ဝင်အပင် ၁၁၈ မျိုး၊ သစ်ခွပင် ၇၅ မျိုး၊ ဝါးပင် ခုနစ်မျိုး၊ ကြိမ်ပင် ငါးမျိုး၊ မြက်ပင် ၁၄ မျိုးနှင့် ရေနေပင် ၁၅၇ မျိုးတို့ရှိသည်။
သဘာဝအခြေခံခရီးသွား လုပ်ငန်းဝန်ဆောင်မှုများ
သဘာဝအခြေခံခရီးသွား လုပ်ငန်းဝန်ဆောင်မှုများ အနေဖြင့် ဧည့်သည် ၁၀ ဦးဆံ့ ဧည့်ရိပ်သာ တစ်လုံး၊ ဧည့်သည် ၁၂ ဦးဆံ့ မိုတယ်တစ်လုံးနှင့် Home Stay များ၊ ထိန်းသိမ်းရေး ကင်းစခန်းများ၊ အင်းတော်ကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးပြခန်း၊ ဒေသခံလမ်းပြများ၊ စက်လှေများ၊ လက်လှော်လှေများနှင့် မော်တော်ယာဉ်များဖြင့် ဆောင်ရွက်ထားလျက်ရှိသည်။
အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်းငါးခုကို အင်းတော်ကြီးတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀၁၄ ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြု အဖြစ် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူသားနှင့်ဇီဝအ၀န်း နယ်မြေအဖြစ် လည်းကောင်း သတ်မှတ်ခံခဲ့ရသော အင်းကြီးဖြစ်၍ နိုင်ငံခြား ခရီးသည်များအား ဆွဲဆောင်မှု အားကောင်းသည့် တော်ဝင်အင်းကြီး ဖြစ်ပါတော့သည်။ ။
ကိုးကား- မင်းယုဆွေ၏ ဥတ္တရလွင်ပြင်
ကချင်မြေခရီးသွားဆောင်းပါးလမ်းညွှန်စာအုပ်။
အင်းတော်ကြီးသမိုင်းစာအုပ်။
အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး(မိုးညှင်းမြို့)။
ရွှေမိုးညှင်း