ငြိမ်းချမ်းရေးနှင့်ဟန်ချက်ညီစွာတိုးတက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်)

ငြိမ်းချမ်းရေးနှင့်ဟန်ချက်ညီစွာတိုးတက်ရေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် “အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို လှမ်းချီ တည်ဆောက်နေရာတွင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူအားလုံး၏ စဉ်းစားတွေးခေါ်မြော်မြင်နိုင်မှု၊ အသိဉာဏ်ပညာ ကြွယ်ဝမှုနှင့် စိတ်ရင်းစေတနာ မှန်ကန်မှုတို့သည် လွန်စွာအရေးကြီးပါသည်။ တစ်နိုင်ငံလုံးအတွက်၊ ပြည်သူတစ်ရပ်လုံးအတွက် စဉ်းစားလုပ်ဆောင်ကြရန် လိုအပ်ပါသည်။ မိမိတို့၏ ရပ်တည်ဆောင်ရွက်နေမှုများအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး အကောင်း အဆိုး၊ အမှားအမှန်ကို ခွဲခြားဆင်ခြင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်” ဟူ၍ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်ကောင်စီညီလာခံ ပထမဆုံး ညီလာခံ၏ ပထမဆုံးအစည်းအဝေး၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သည်ကို ဂုဏ်ပြုသည့်အနေဖြင့် ဇန်နဝါရီလ ၁၀ ရက်နေ့ ကို “ကချင်ပြည်နယ်နေ့” အဖြစ် သတ်မှတ်ပြဋ္ဌာန်းကာ နှစ်စဉ်ကျင်းပခဲ့သည်။ ကချင်ပြည်နယ်တွင် ကချင်၊ ထရုမ်း၊ ဒလောင်၊ ဂျိန်ဖော့၊ ဂေါ်ရီ၊ ခါ့ခူး၊ ဒူးလန်း၊ လော်ဝေါ်၊ ရဝမ်၊လာချိဒ်၊ ဇိုင်ဝါး၊ လီဆူ စသည့်ကချင်မျိုးနွယ်စုများနှင့်အတူ တိုင်းလေ၊ တိုင်းလိုင်၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီးစသည့် ရှမ်းမျိုးနွယ်စုများနှင့် ဗမာတိုင်းရင်းသားများအပြင် အခြားတိုင်းရင်းသားမျိုးနွယ်စုများ အပါအဝင်လူဦးရေ ၁၇ သိန်းကျော်နေထိုင်လျက်ရှိသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းတို့တွင် တိုင်းရင်းသား လူမျိုးတို့ရောနှော နေထိုင်လျက်ရှိကြသည်မှာ ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဖြစ်သည်။ တိုင်းရင်းသားအားလုံးသည် ဓလေ့ထုံးတမ်းစဉ်လာများနှင့် အမျိုးသားရေးရာ စရိုက်လက္ခဏာများကို အစဉ်လေးစား တန်ဖိုးထားကြသူများဖြစ်သည်။ အမျိုးသားရေးရာ လက္ခဏာများနှင့် အမျိုးသားယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် ကောင်းကျိုးများစွာရရှိမည်ဖြစ်ပါသည်။

နိုင်ငံတစ်နိုင်ငံအတွက် အမျိုးသားရေးစိတ်ဓာတ်သည် လွန်စွာအရေးကြီးလှသည်။ ရှင်သန်နေသော သစ်ပင်တစ်ပင်ကဲ့သို့ အမျိုးသားရေး စိတ်ဓာတ်အမြဲရှင်သန်နေရမည်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် သို့တည်းမဟုတ် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်ရှိနေသည့် နိုင်ငံအတွက် အမျိုးသားရေးစိတ်ဓာတ်မှာ မရှိမဖြစ်သောအရာပင်ဖြစ်သည်။ ကချင်တိုင်းရင်းသား မျိုးနွယ်စုများ၏ ဝတ်စားဆင်ယင်မှု၊ ရိုးရာအကအလှများ၊ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် စုပေါင်း ညီညာစွာကပြသည့် မနောအကသည် ကချင်တိုင်းရင်းသားတို့၏ နှစ်သက်ဖွယ်ရာ ယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်။ ကချင်ပြည်နယ် သည် သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး သာယာလှပသည့် တောတောင်ရေမြေ ပတ်ဝန်းကျင်ကောင်းရှိနေသည့် ပြည်နယ် ဖြစ်သည်။

ကချင်ပြည်နယ်တွင် ယနေ့ထက်တိုင်ကာလကြာရှည်စွာ လက်နက်ကိုင်ပဋိပက္ခများကြောင့် သဘာဝအလှအပများကိုလည်း မခံစားနိုင်၊ သယံဇာတများကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်ဘဲ ဖြစ်နေ ရသည်။ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရား ဥပဒေစိုးမိုးမှုရှိမှသာ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိစေရန်နှင့် နိုင်ငံအဝန်းဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်ရန်တို့ကို အလေးထား ဆောင်ရွက် ပေးလျက်ရှိသည်။

နိုင်ငံ၏ ကောင်းကျိုးကို ဆောင်ရွက်ကြရာတွင် တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းဖြင့် ဆောင်ရွက်၍ မရနိုင်ဘဲတိုင်းရင်းသား ပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသောပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးစသည့် ကဏ္ဍအသီးသီးတွင် စီမံချက်များချမှတ်ပြီး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မည့် ကဏ္ဍအားလုံးကို ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုင်ငံတော်အစိုးရသည် စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက် လျက်ရှိသည်။ ထို့အတူ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်လျက်ရှိပေရာ မိမိတို့ပြည်နယ်၊ ဒေသငြိမ်းချမ်း ရေးနှင့် ဟန်ချက်ညီစွာ တိုးတက်ရေးမှာ ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း။      ။