နေပြည်တော် ဇန်နဝါရီ ၁၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲကျင်းပ
ယခုကျင်းပသည့် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်မှ အရည်အချင်းရှိသည့် အားကစားသမားများကို နိုင်ငံ့ ကိုယ်စားပြု အဖြစ် အာဆီယံကျောင်းသား အားကစားပွဲတွင် ယှဉ်ပြိုင်ရန်ရွေးချယ်မည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအဖွဲ့ခေါင်းဆောင်၊ အားကစားနည်းအလိုက် အုပ်ချုပ်သူနည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အခြေခံပညာကျောင်းသား အားကစားပွဲတော်တွင် ဘောလုံး (အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)၊ ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)နှင့် ပိုက်ကျော်ခြင်း (အမျိုးသား)အားကစားနည်းများကို ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ “အနိုင်အရှုံးတစ်ခုတည်းကို ယှဉ်ပြိုင် တာမျိုးမဟုတ်ဘဲ ဇွဲရှိမှု၊ သည်းခံမှု၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းဥပဒေကို ရိုသေလေးစား လိုက်နာမှု၊ ယဉ်ကျေးမှု” စသည်တို့ကိုပါ ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအားကစားပြိုင်ပွဲများ တွင် အောင်မြင်မှုရရှိခြင်းသည် နိုင်ငံတော်၏ စည်းလုံးညီညွတ်မှု၊ ဂုဏ်သိက္ခာနှင့် မျိုးချစ်စိတ်တို့ကို ဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ကြီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ်များအနေဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ဖော်ဆောင်နိုင်သော နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ဖြစ်လာအောင် ကြိုးစားကြရန်ကိုလည်း မှာကြားလိုကြောင်း။
ယခင်က အာဆီယံကျောင်းသားအားကစားပွဲတော်ကို မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူ၍ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် (၁၂) ကြိမ်မြောက်အာဆီယံကျောင်းသား အားကစား ပွဲတော်ကို ပညာရေးဝန်ကြီးဌာနက ပထမဆုံးအနေဖြင့် တာဝန်ယူပြီးပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ယခုလို အခြေခံပညာ ကျောင်းသားအားကစားပွဲများကို မလွဲမသွေ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ယခုကျင်းပသည့် အခြေခံပညာ ကျောင်းသား အားကစားပွဲတော်မှ အရည်အချင်းရှိသည့် အားကစားသမားများကို နိုင်ငံ့ကိုယ်စားပြုအဖြစ် အာဆီယံကျောင်းသားအားကစားပွဲ တွင် ယှဉ်ပြိုင်ရန်ရွေးချယ်မည်ဖြစ်ကြောင်းကို လည်း ပြောကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က အခြေခံပညာကျောင်းသား အားကစားပွဲတော်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ ပွဲတော်အား ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကျောင်းသားအားကစားပွဲတော် အထိမ်းအမှတ်အလံ ကို အားကစား မောင်မယ်များက စုပေါင်းသယ်ယူ၍ လွှင့်တင်ကြသည်။
ထို့နောက် ကျောင်းသားအားကစားအဖွဲ့များက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး များနှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အခြေခံပညာကျောင်းသား အားကစားအဖွဲ့များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူ များက စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အစီအစဉ်အတွဲ (၃/၄)နှင့် Physical Fitness Dance အစီအစဉ်များကို သရုပ်ပြတင်ဆက်ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်အား ဇန်နဝါရီ ၁၈ ရက်မှ ၂၇ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ စုစုပေါင်းအင်အား ၁၆၈၀ ဦးပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)