ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့်  Thailand Master Championship စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှရွှေတစ်ခု၊ ငွေနှစ်ခုရရှိ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့်  Thailand Master Championship စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှရွှေတစ်ခု၊ ငွေနှစ်ခုရရှိ

ရန်ကုန်  ဇန်နဝါရီ   ၁၈

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့်  Thailand Master Championship and All Thailand Table Tennis Championship ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခု ရရှိခဲ့သည့် အောင်ပွဲရ မြန်မာနိုင်ငံမှ စားပွဲတင်တင်းနစ်ပြိုင်ပွဲဝင် အားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိလာရာ အားကစားနှင့်   ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေ၊ မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ   ဦးကျော်ကျော်နှင့်  အမှုဆောင်များ၊ အားကစားသမားများက    ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

“ထိုင်းနိုင်ငံမှာ ကျင်းပတဲ့     Thailand Master Championship and All Thailand Table Tennis Championship ပြိုင်ပွဲမှာ  Single Open ပြိုင်ပွဲမှာငွေ၊ Over 40  ပြိုင်ပွဲမှာငွေ၊ Over 50 ပြိုင်ပွဲမှာ ရွှေ စတဲ့ ဆုတံဆိပ်သုံးခုကို ရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာဆိုရင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီ၊ ပြင်သစ်စတဲ့နိုင်ငံတွေကလည်း လာရောက် ယှဉ်ပြိုင်ကြပါတယ်။ အဓိကကစားသမားတွေကတော့ ထိုင်းနိုင်ငံက ကစားသမားတွေပါ။ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးပြီးကတည်းက ပုံမှန်လေ့ကျင့်မှုတွေကို ဆောင်ရွက်ခဲ့တယ်။ ပူးပေါင်းကူညီပေးခဲ့ကြတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်”  ဟုပြိုင်ပွဲတွင် ရွှေတစ်ခု၊  ငွေနှစ်ခုရရှိခဲ့သည့် အောင်ပွဲရ မြန်မာစားပွဲတင် တင်းနစ်အားကစားသမား ကိုကြည်မြင့်ကပြောသည်။

Thailand Master Championship and All Thailand Table Tennis Championship ပြိုင်ပွဲကို   ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇန်နဝါရီ ၁၁ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ရာ Single Open ပြိုင်ပွဲတွင် ကစားသမား ၁၂၅  ဦး၊ Over 40 ပြိုင်ပွဲတွင် ၈၅ ဦး၊   Over  50  ပြိုင်ပွဲတွင် ကစားသမား ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ   မြန်မာနိုင်ငံ ကိုယ်စားပြု စားပွဲတင် တင်းနစ်အားကစားသမား ကိုကြည်မြင့်က  ပြိုင်ပွဲသုံးခုစလုံးကို ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး   နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။