၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းထူးခြားဖြစ်စဉ်သတင်းများ

၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းထူးခြားဖြစ်စဉ်သတင်းများ

၂၀၂၂ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး၊ စီးပွားရေး ၊ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍများစွာတို့တွင် ထူးခြားဖြစ်စဉ်များ ကိုသတင်းစာများ၌ဖော်ပြခဲ့မှုများအနက်မှကောက်နုတ်စုစည်းဖော်ပြအပ်ပါသည်။
(ယမန်နေ့မှအဆက်)
ဇွန် ၁
ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ဆေးကုသပေးခဲ့မှု 
တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သည့်  တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) သည် ကိုကိုးကျွန်း မြို့နယ်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသ များရှိ ဒေသခံပြည်သူများအား မေ ၄ ရက်မှ ၃၁ ရက်အထိ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး ခဲ့သည်။ ယခုခရီးစဉ်သည် (၁၃)  ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း ၁၁၂၅၀၀ တို့ကို ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့ပြီး   ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌  ကိုယ်ဝန်ဆောင်မိခင် ၁၆ ဦးတို့ကို အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ သည်။
ဇွန် ၃၀
ချောက်/လမ်းရွာရေနံမြေ CDT-15 တွင်းသစ် စတင်တူးဖော် 
မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ချောက်/လမ်းရွာရေနံမြေ ဖိုကုန်းဒေသတွင် ပေနက်တွင်းအမှတ် CDT-15  တွင်းသစ်ကို ဇွန် ၃၀ ရက်က စတင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ သည်။ တွင်းအမှတ် CDT-15 ကို စွမ်းအင်ဝန်ကြီး ဌာနပိုင် ZJ  70L   SR1 တွင်းတူး စက်ဖြင့် ရည်မှန်းအနက်ပေ ၇၈၀၀ အထိ တူးဖော်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်စွာ တူးဖော်ပြီးစီးပါက တစ်နေ့လျှင်  သဘာဝဓာတ်ငွေ့ ကုဗပေ ၁ ဒသမ ၅ သန်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ဇူလိုင် ၁
အာဆီယံအထူးကိုယ်စားလှယ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွေ့ဆုံ
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr. Prak Sokhonn နှင့် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း  (၇)ဖွဲ့တို့သည် ဇူလိုင် ၁ ရက်က နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီးမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ဇူလိုင် ၃
ချူအင်လိုင်းတန်ဆောင်း ပြန်လည်ဖွင့်လှစ်
ချူအင်လိုင်းတန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း  အခမ်း အနားကို ဇူလိုင် ၃ ရက်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံ စေတီတော်ပရိဝုဏ်အတွင်းရှိချူအင်လိုင်းတန်ဆောင်း၌ကျင်းပခဲ့ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာဝမ်ယိတို့က တန်ဆောင်းကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ 
ဇူလိုင်၄
ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ထိုင်းနှင့်စင်ကာပူခရီး 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများ တွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးသည် ကြီးကြပ်သူ ဆရာ၊ ဆရာမများ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူ နိုင်ငံတို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြသည်။
ဇူလိုင် ၅ 
ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့် 
တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့်ပိုင်နက် နယ်မြေကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကာကွယ်ရေးစွမ်းရည် ထက်မြက် မြင့်မားစေရန် တပ်မတော် (ကြည်း၊ ရေ၊ လေ) လေ့ကျင့်ခန်းများကို ဇူလိုင် ၁ ရက်မှစ၍ မြန်မာ့ရေပိုင်နက် ရခိုင်ကမ်းရိုးတန်းရေပြင်အတွင်း ဆောင်ရွက်ခဲ့ရာ တပ်မတော်(ရေ)မှ တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ်  (မင်းရဲသိင်္ခသူ) နှင့် (မင်းရဲကျော်ထင်) အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်း ဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှု လေ့ကျင့်ခန်း Sea Shield-2022) အား လေ့ကျင့်ဆောင်ရွက်ခဲ့သည်။
ဇူလိုင် ၆
ပိဋကတ်သုံးပုံကို ပါဠိ(မြန်မာ၊ ရိုမန်) နှစ်ဘာသာဖြင့်ရိုက်နှိပ် 
ဆဋ္ဌသင်္ဂါယနာတင်မူ ပိဋကတ်သုံးပုံကျမ်းစာများကို ပါဠိ(မြန်မာ၊ ရိုမန်) နှစ်ဘာ သာဖြင့် နိုင်ငံတကာကျမ်းစာများ အဆင့်မီရိုက်နှိပ်ထုတ်ဝေနိုင်ရေး ပုံနှိပ်စက် တင်မင်္ဂလာအခမ်းအနားကို ဇူလိုင် ၆ ရက်က သီရိမင်္ဂလာ ကမ္ဘာအေး ကုန်းမြေ သာသနာရေးဦးစီးဌာန  ပုံနှိပ်တိုက်ဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိပါလ (မြင်းခြံ)က စာပုံနှိပ်စက် စတင်လည်ပတ်နိုင်ရေးအတွက် စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့သည်။
ဇူလိုင် ၁၀
နှလုံးနှင့် နှလုံးသွေးကြောခွဲစိတ်ကုသဌာန၏ ခွဲစိတ်ကုသမှုများ  ရန်ကုန် ပြည်သူ့ ဆေးရုံကြီး နှလုံးနှင့်နှလုံးသွေးကြောခွဲစိတ်ကုသ ဌာနတွင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ဇွန်လအထိ ရင်ခေါင်းဖွင့်၍ ဆောင်ရွက်သည့် ခွဲစိတ်ကုသမှုများ ဖြစ်သော နှလုံးအဆို့ရှင်ပြုပြင်ခြင်း နှင့်လဲလှယ်ခြင်းဆိုင်ရာ ခွဲစိတ်ကုသမှုအကြိမ် ၃၀၊ မွေးရာပါနှလုံးရောဂါ ခွဲစိတ်ကုသမှု  ၂၉ ကြိမ်၊ နှလုံးသွေးကြောအစားထိုးခြင်း ခွဲစိတ်ကုသမှု ၄၉ ကြိမ်၊ အဓိကသွေးလွှတ်ကြောခွဲစိတ်ကုသမှု ၈ ကြိမ်တို့အပြင် သွေးကြော အစားထိုးခြင်း၊ ခွဲစိတ်ကုသ၍ပြုပြင်ခြင်း ၈၆ ကြိမ်၊ နှလုံးအမြှေးပါး သွေးယိုစီးခြင်းကုသမှု၊ အဓိကသွေးလွှတ်ကြော အရေးပေါ်ခွဲစိတ်ကုသမှု အပါအဝင်  အရေးပေါ်ခွဲစိတ်ကုသမှု ၁၅၆ ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။
ဇူလိုင် ၂၁
ပိုလီယိုရောဂါနှင့် ဝက်သက်ရောဂါပပျောက်ရေး 
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်၌ ကမ္ဘာပေါ်တွင် ပိုလီယိုရောဂါ လုံးဝကင်း စင်ပပျောက်ရေးရည်မှန်းချက်နှင့် ၂၀၃၀ ပြည့်နှစ်တွင် အရှေ့တောင်အာရှ ဒေသ တွင်း ဝက်သက်ရောဂါအား ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ လျော့နည်း ပပျောက်ရေးရည်မှန်းချက် အောင်မြင်စေ ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်က ကျင်းပသည့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ကူးစက်ရောဂါ များအား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်းလုပ်ငန်းများ  အားဖြည့်ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားခဲ့ သည်။ 
ဇူလိုင် ၂၆
တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်စတင်
၂၀၂၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ နှင့် မြို့နယ်တရားရုံးများတွင်စွဲဆိုသည့် တရားမမှုများနှင့်စပ်လျဉ်း၍ တရားရုံး ကဦးဆောင်သည့်   စေ့စပ်ဖြေရှင်းရေးစနစ်ကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ်ရုံးက ဇူလိုင် ၂၆ ရက်တွင် အသိပေးထုတ်ပြန် ခဲ့သည်။
သြဂုတ် ၂
ဆင်ဖြူတော်ပေါ်ထွန်း 
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ  မြန်မာ့သစ်လုပ်ငန်းမှ ထိန်းကျောင်း ထားရှိသော ဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ထူးခြားအသွင် သဏ္ဌာန်ရှိသည့် ဆင်ဖြူတော် (အထီး)ကလေး (၁) စီးအား ၂၃-၇-၂၀၂၂ ရက်နေ့ နံနက်ပိုင်း မင်္ဂလာအချိန် ၀၆း၃၀ နာရီတွင် မွေးဖွားခဲ့သည်။ ယင်း ဆင်ဖြူတော် ကလေးမှာ ရတနာဆင်ဖြူတော်များ၏  ကြန်အင်လက္ခဏာ အချက် ၈ ချက်တွင် ၇ ချက် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။
သြဂုတ် ၂၁
မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ပထမဆုရ 
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သြဂုတ် ၁၅ ရက်မှစတင်၍ ကျင်းပခဲ့သည့် nterna-tional Army Games-2022 ပြိုင်ပွဲတွင်ပါဝင်သော တင့်ကား မောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ  Tank Biathlon(Tank Crews Competition) Division-2 သို့ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို ထိုက်တန်စွာ ရယူနိုင်ခဲ့သည်။ ထို့အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ၂၀၂၂ ခုနှစ် သြဂုတ်လ အတွင်းကျင်းပသည့် တတိယအကြိမ်မြောက် နိုင်ငံ
တကာဗိုလ်လောင်းများအားကစားပြိုင်ပွဲတွင် မြန်မာ့တပ်မတော်ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့်ဗိုလ်လောင်းများသည် ပြိုင်ပွဲတွင် အားကစားအမျိုး အစား ခုနစ်မျိုးရှိသည့်အနက် သုံးမျိုးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံပေါင်း ၂၀ ရှိသည့် အနက်တွင် နိုင်ငံအလိုက် အဆင့် ၈ နေရာရရှိခဲ့သည်။
စက်တင်ဘာ ၆
အာကာသစခန်းတွင် မြန်မာနိုင်ငံအလံချိတ်ဆွဲဂုဏ်ပြု 
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွား ရေးဖိုရမ်ကို ပါဝင်တက်ရောက်ကြသည့် နိုင်ငံ့ခေါင်းဆောင်များကို ဂုဏ်ပြုသော အားဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မြန်မာနိုင်ငံ၊ အာမေးနီးယားနိုင်ငံ၊ မွန်ဂိုလီးယား နိုင်ငံ၊ တရုတ်နိုင်ငံတို့၏အလံများကို စက်တင်ဘာ ၆ ရက်က နိုင်ငံတကာ အာကာသစခန်းတွင် ရုရှားအာကာသယာဉ်မှူးများက ချိတ်ဆွဲဂုဏ်ပြုခဲ့သည်။
စက်တင်ဘာ ၂၁
မြန်မာနိုင်ငံ အရှည်ဆုံးတောတွင်းဖြတ်လျှောက်လမ်းတံတား  
ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို လေ့လာ လည်ပတ် သူများအနေဖြင့် ကျွန်းသစ်လုံးတိုင်ပေါင်း ၉၂၅ တိုင်ဖြင့် တည်ဆောက်ထားသည့် မြန်မာနိုင်ငံတွင် အရှည်ဆုံးတောတွင်းဖြတ်လျှောက် လမ်းတံတားကိုပါ လေ့လာ လည်ပတ်နိုင်ပြီဖြစ်သည်။ ယင်းတံတားသည်  တစ်မိုင်နီးပါးရှည်လျား၍   မြန်မာ နိုင်ငံရှိ  သစ်သားတံတားများတွင် အရှည်ဆုံးဖြစ်သည်။
စက်တင်ဘာ ၂၇
တပ်မတော်တွင်ပထမဆုံးအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအောင်မြင် 
၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက်ခဲ့သည့် (၇၅) နှစ်မြောက်  စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့်  တပ်မတော်တွင် ပထမဆုံးအကြိမ်အဖြစ် အသည်းအစားထိုးခွဲစိတ် ကုသမှုကို စက်တင်ဘာ ၂၇ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌ ပြုလုပ်သည်။ အသည်းအစားထိုး ခွဲစိတ် ကုသမှုကိုတပ်မတော်ဆေး တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်း နှင့်   ဒုတိယဗိုလ်မှူးကြီးသူရိန်ကျော်မြင့်တို့ ဦးစီးသော ခွဲစိတ်ပါရဂူအဖွဲ့၊ ပါမောက္ခ ဗိုလ်မှူးကြီး ဒေါ်ယုအေးလတ် ဦးစီးသော မေ့ဆေးနှင့် အထူးကြပ်မတ် ကုသမှု အဖွဲ့တို့နှင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Apollo Hospital မှ အသည်း အစားထိုးခွဲစိတ်ဆရာဝန်ကြီး Dr.Neerav Goyal ဦးဆောင်သော အသည်း အစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ကအောင်မြင်စွာဆောင်ရွက်ခဲ့သည်။  

ဆက်လက်ဖော်ပြပါမည်။