အသင်းပိုင်ရှင်သစ် လက်ထက်တွင် ချယ်လ်ဆီးအသင်း ငွေကြေးများစွာ အသုံးပြုထားသော်လည်း ဘဏ္ဍာရေး စည်းမျဉ်းနှင့် ငြိစွန်းမည်မဟုတ်
ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင်သစ် တော့ဘိုလီလက်ထက် အပြောင်းအရွှေ့ ကာလများ၌ ကစားသမားသစ်များ ခေါ်ယူရာတွင် မြင့်မားသည့် ပြောင်းရွှေ့ကြေးများ အသုံးပြုထားသော်လည်း ဘဏ္ဍာရေးစည်းမျဉ်း(FFP)နှင့် ငြိစွန်းမည်မဟုတ်ကြောင်း လီဗာပူးတက္ကသိုလ် ဘဏ္ဍာရေးနှင့် စီးပွားရေးမေဂျာကထိက ကီရန်မက်ဂွိုင်းယားက ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီ အကုန်က အသင်းပိုင်ရှင် အပြောင်းအလဲဖြစ်ခဲ့ပြီး အမေရိကန်စီးပွားရေး လုပ်ငန်းရှင် တော့ဘိုလီက ပိုင်ဆိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလနှင့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတို့တွင် ကစားသမားသစ်များ ခေါ်ယူရာ၌ ငွေကြေးများစွာ အသုံးပြုခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက မန်စီးတီးအသင်းမှ စတာလင်း၊ နာပိုလီအသင်းမှ ကူလီဘာလေ၊ ဘရိုက်တန်အသင်းမှ ကူကူရယ်လာ၊ လက်စတာအသင်းမှ ဖိုဖာနာ၊ ဘာစီလိုနာအသင်းမှ အူဘာမီယန်း၊ ဂျူဗင်တပ်စ်အသင်းမှ ဇာကာရီ အစရှိသည့် ကစားသမားများအတွက် စတာလင်ပေါင် သန်း ၂၅၀ ခန့် အသုံးပြုခဲ့သကဲ့သို့ ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ ကာလတွင်လည်း မူဒရစ်၊ ဒါထရို၊ ဘာဒီယာချီလီ၊ ဂျာအိုဖီးလစ် အစရှိသည့် ကစားသမားများ အတွက် စတာလင်ပေါင် သန်း ၁၃၀ ထပ်မံအသုံးပြုခဲ့ခြင်းဖြစ်သည်။
ကီရန်မက်ဂွိုင်းယားက”ချယ်လ်ဆီးအသင်းအနေနဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ငြိစွန်းဖို့ မရှိပါဘူး။ သူတို့အနေနဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ ကစားသမား ရောင်းချမှုတွေကနေ ပေါင် သန်း ၆၀၀ ကျော်လောက် အမြတ်ရရှိထားပါတယ်။ ဘဏ္ဍာရေး စည်းမျဉ်းရဲ့ အားနည်းချက်က ထွက်ငွေထက် ဝင်ငွေပေါ်ပဲ မူတည်ပါတယ်”ဟု ပြောသည်။