ကမ္ဘာ့ဒေသအသီးသီးက ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှအရာရာ

ကမ္ဘာ့ဒေသအသီးသီးက ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပျက်ခဲ့သမျှအရာရာ

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့   ထိတ်လန့် တုန်လှုပ်စရာကောင်းတဲ့ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ကြရပါတယ်။ အဲဒီစိန်ခေါ်မှု တွေထဲမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ပြင်းထန်လာမှု၊ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ၊ နိုင်ငံကြီးများကြားက တင်းမာမှုများ၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာပြဿနာများ၊  လူအစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှု ဖြစ်စဉ်များ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ အစရှိတာတွေပါဝင်ပါတယ်။

ဒါ့အပြင် စစ်လက်နက်ပစ္စည်းအသစ်အဆန်းတွေ ထွက်လည်းထွက်ပေါ်လာတဲ့ အတွက် ၂၀၂၂ ခုနှစ်ဟာ ကျွန်တော်တို့ ကမ္ဘာသူ၊ ကမ္ဘာသားတွေအတွက်တော့ အန္တရာယ်တောထဲကျရောက်ခဲ့တဲ့နှစ်အဖြစ်သတ်မှတ်နိုင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကနေ့တင်ပြသွားလိုတဲ့အကြောင်းအရာကတော့ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ဒေသကြီးတွေမှာ ဘယ်လိုအကြောင်းအရာတွေ၊ ဘယ်လို အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့လဲဆိုတာတွေပဲဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသ

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့သတင်းခေါင်းကြီးပိုင်း တွေမှာ နေရာအများဆုံး ယူခဲ့တဲ့ဒေသထဲမှာ အရှေ့အလယ်ပိုင်းဒေသက ထိပ်ဆုံးကနေပါဝင်နေပါတယ်။ သတင်းတွေကတော့ ကောင်းတာရော၊ ဆိုးတာရော ဒွန်တွဲလျက်ပါပဲ။ အရှေ့ အလယ်ပိုင်းဒေသနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ကောင်းသတင်းတစ်ခုကတော့ နိုဝင်ဘာလတုန်းက ကာတာနိုင်ငံမှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကိုတော့ အာဂျင်တီးနားအသင်း ကရရှိသွား ပါတယ်။

အခုလို ကမ္ဘာ့ဖလားဘောလုံးပွဲကို ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ နိုင်ခြင်းဟာ အာရပ်ဒေသမှာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။ ကာတာနိုင်ငံ က အခုလိုမျိုး ကမ္ဘာ့ဖလားဘောလုံးပွဲ ကို အောင်မြင်စွာလက်ခံ ကျင်းပနိုင်ခြင်း ဟာ နောင်တစ်ချိန်မှာ အရှေ့အလယ်ပိုင်းဒေသအတွက် စီးပွားရေး၊ ခရီးသွား လုပ်ငန်း  အစရှိတဲ့နယ်ပယ်တွေမှာ အခွင့်အလမ်းကောင်းတွေ    ပွင့်လန်းလာနိုင် ပါတယ်။

နောက်ထပ် အရှေ့အလယ်ပိုင်းဒေသရဲ့သတင်းတွေထဲမှာ လွှမ်းမိုးထားတဲ့ သတင်းတစ်ခုက ၂၀၁၁ ခုနှစ်နောက်ပိုင်း    ပြိုင်ဘက်တွေအဖြစ်ရောက်ရှိသွားတဲ့ တူကီယဲနဲ့   အာရပ်စော်ဘွားများပြည်ထောင်စုတို့ ကြားက    ချစ်ကြည်ရေး သင်္ကေတတစ်ခုပဲဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း နှစ်နိုင်ငံကြားဆက်ဆံရေးယိုယွင်းခဲ့ပြီး စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် သက်ရောက်မှုများစွာရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ တူကီယဲသမ္မတ  ရီဆပ်တေယစ် အာဒိုဂန်က အာရပ်စော်ဘွားများပြည်ထောင်စုသို့သွားပြီး ချစ်ကြည်ရေးဆောင် ရွက်လိုက်နိုင်ပါတယ်။

အဲဒီခရီးစဉ်အတွင်း တူကီယဲနဲ့အာရပ်စော်ဘွားများပြည်ထောင်စုတို့ကြား ကာကွယ်ရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊  စိုက်ပျိုးရေးနဲ့  တခြားကဏ္ဍများစွာမှာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက် ၁၃  ချက်ကို လက်မှတ် ရေးထိုး နိုင်ခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။တူကီယဲနိုင်ငံကဆော်ဒီအာရေဗျနိုင်ငံနဲ့လည်းချစ်ကြည်ရေးကိုပြန်လည်တည်ဆောက်နိုင်ခဲ့တာတွေ့ရပါတယ်။ ဧပြီလတုန်းက တူကီရဲ့ သမ္မတက ဆော်ဒီအာရေဗျနိုင်ငံကိုသွားရောက်လည်ပတ်ခဲ့သလို ဇွန်လမှာတော့ ဆော်ဒီအိမ်ရှေ့မင်းသားက    တူကီယဲသမ္မတဆီ လာရောက် တွေ့ဆုံခဲ့တာတွေ့ ရပါတယ်။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့   အစ္စရေးဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့  ဘင်ဂျမင်နေတန်ယာဟု အနေနဲ့ ဝန်ကြီးချုပ်အဖြစ်ပြန်လည်ရွေးကောက်ခံလိုက်ရတဲ့သတင်းပါပဲ။ ဘင်ဂျမင်နေတန်ယာဟုဟာ လက်ယာစွန်းရောက်အဖွဲ့များရဲ့ထောက်ခံမှုနဲ့      နိုဝင်ဘာ ၁ ရက်မှာ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံလိုက်ရတာပါ။

အခုလိုမျိုး အစ္စရေးနိုင်ငံမှာ လက်ယာစွန်းရောက်အဖွဲ့ရဲ့ကြီးစိုးမှုက ပြည်တွင်း နိုင်ငံရေးအခြေအနေများအပေါ်ကိုသာမက  လက်စတိုင်းများနဲ့ ဆက်ဆံရေး တင်းမာမှုအပြင် အရှေ့အလယ်ပိုင်းဒေသတွင် ဆက်ဆံရေး အခြေ အနေများ အပေါ်     ကြီးစွာသောသက်ရောက်မှုရှိစေပါတယ်။

နှစ်ကုန်ပိုင်းလောက်ကမှပေါ်ပေါက်ခဲ့တဲ့ ဆက်ဆံရေးတိုးတက်မှုအခြေအနေ တစ်ခုကတော့    တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ အာရပ်ဒေသ အထူးသဖြင့် ဆော်ဒီအာရေဗျနိုင်ငံကိုသွားရောက်ပြီး    ထိပ်သီးညီလာခံသုံးခုကို တက်ရောက် ကာ ဆက်ဆံရေးသမိုင်း မှတ်တိုင်အသစ်တစ်ခုကို စိုက်ထူလိုက်နိုင်ခြင်းပဲဖြစ် ပါတယ်။

အာရှပစိဖိတ်ဒေသ

အာရှပစိဖိတ်ဒေသကတော့ အင်အားကြီးနိုင်ငံများအားပြိုင်ရာဒေသ တစ်ခု လည်းဖြစ်နေတာကြောင့် ကမ္ဘာ့သတင်းတွေကြားထဲမှာ အမြဲတမ်းနေရာယူခဲ့တဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ အရင်ဆုံး ဆူပူအုံကြွမှုဖြစ်ပွားခြင်းကြောင့် နိုင်ငံတော်ကို  အရေးပေါ် အခြေအနေ ကြေညာလိုက်ရတဲ့ နိုင်ငံကတော့ ကာဇက်စတန်နိုင်ငံပါပဲ။

ကာဇက်စတန်ဝန်ကြီးချုပ် အက်စကာမာမင်းကရာထူးကနေနုတ်ထွက်ပြီး သမ္မတ ကက်ဆင်ဂျိုမာ့တိုကာယက်ကလည်း ကာဇက်စတန်လုံခြုံရေးကောင်စီ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ သမ္မတဟောင်းနာဆူတန်နာဇာဘာယက်ကို ရာထူးကနေဖြုတ်ချလိုက်ခြင်းဖြင့် တကယ့်အာဏာက ဘယ်သူ့လက်ထဲမှာ ရှိတယ်ဆိုတာကိုပြသမှုဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ဖေဖော်ဝါရီ ၄ ရက်ကနေ ၂၀ ရက်အထိ ၂၀၂၂ ခုနှစ်  ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကို ပေကျင်းမြို့မှာကျင်းပနိုင်ခဲ့တာတွေ့ရပါတယ်။အဲဒီအားကစားပွဲတော်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် ကိုယ်တိုင်တက်ရောက်ခဲ့ပြီးနှစ်နိုင်ငံကြားအကန့်အသတ်မဲ့  မဟာဗျူဟာမြောက် ဆက်ဆံရေးကိုထူထောင်နိုင်ခဲ့တာတွေ့ရပါတယ်။

တရုတ်နိုင်ငံအနေနဲ့အခုလိုမျိုးဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကို တာဝန်ယူကျင်းပနိုင် ခြင်းကြောင့် ပေကျင်းမြို့တော်ဟာ နွေရာသီအိုလံပစ် အားကစားပွဲတော်ကိုသာမက ဆောင်းရာသီအိုလံပစ်  အားကစားပွဲတော်ကိုပါ လက်ခံကျင်းပနိုင်တဲ့ ပထမဆုံးမြို့တော်ဖြစ်လာပါတယ်။

မကြာခဏဆိုသလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ပါကစ္စတန် နိုင်ငံမှာတော့ မတ် ၄ ရက် တုန်းက  IS အကြမ်းဖက်အဖွဲ့ဝင်  အာဖဂန်နစ္စတန် နိုင်ငံသားတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်မှုလုပ်ခဲ့ပါတယ်။

နေရာကတော့ ပက်ရှဝါမြို့ရှိ ရှီးယိုက်ဗလီတစ်ခုမှာ ဖြစ်ပြီး သူ့ရဲ့တိုက်ခိုက် မှုကြောင့် ပြည်သူ ၆၃ ဦးဟာ သေဆုံးသွားခဲ့ရပါတယ်။ ပါကစ္စတန်ရဲ့ ကံဆိုး မိုးမှောင်ကျမှုဟာ ဒီမှာတင်မရပ်သွားပါဘူး။ သြဂုတ်လမှာ စံချိန်တင်လောက်တဲ့ ရေကြီးမှုနဲ့ ရင်ဆိုင်ရပါသေးတယ်။

ပါကစ္စတန်အစိုးရအနေနဲ့ အဲဒီရေကြီးမှုကို သဘာဝ ရာသီဥတုကပ်ဘေး ကျရောက်မှုအဖြစ်  ကြေညာပြီး  နိုင်ငံတကာမှအကူအညီများကို တောင်းခံခဲ့ပါ တယ်။

အဲဒီရေကြီးမှုဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ကမ္ဘာ ပေါ်မှာ လူဆုံးရှုံးမှုအများဆုံး ရေကြီးမှုအဖြစ် မှတ်တမ်းဝင်ပြီး သေဆုံးသူစုစုပေါင်း အယောက် ၁၀၀၀ ကျော် အထိရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့အဖြစ်ဆိုးကြီးတစ်ခုကလည်းအောက်တိုဘာလအတွင်းမှာဖြစ်ပွားခဲ့ပါတယ်။ အဲဒါက တော့ ဘောလုံးကွင်းမှာ လူအုပ်ပိမှုဖြစ်ပွားခြင်းဖြစ်ပါ တယ်။

ဖြစ်စဉ်ဖြစ်တဲ့နေရာက  အရှေ့ဂျာဗားပြည်နယ် ကန်ဂျူရူဟန်ဘောလုံးကွင်းမှာ အိမ်ရှင်အသင်းက ဧည့်သည်အသင်းကို ရှုံးနိမ့်ပြီးနောက် အိမ်ရှင်အသင်း ပရိသတ် များက ဘောလုံးကွင်းအတွင်းဝင်ရောက်ခြင်း ကြောင့် လူအုပ်ပိမှု ဖြစ်ပွား ခဲ့တာ ပါ။ အဲဒီဖြစ်စဉ်မှာ သေဆုံးသူစုစုပေါင်း ၁၃၁ ဦးနဲ့ ဒဏ်ရာရရှိ သူစုစုပေါင်း ၅၀၀ ကျော်ရှိပါတယ်။ အောက်တိုဘာလအတွင်းမှာပဲ လူသေဆုံးမှု များတဲ့ နောက်ထပ် အဖြစ်ဆိုးတစ်ခုကတော့ တောင်ကိုရီးယား နိုင်ငံက လူအုပ်ပိ မှုဖြစ်ပါ တယ်။

ဆက်လက်ဖော်ပြပါမည်။