၀မ်းကောင်း၍ ခေါင်းမခဲစေလိုလျှင် . . .
နံနက်အိပ်ရာထစတွင် စားသုံးလိုက်သော အစာသစ်များကို ခန္ဓာကိုယ်က အာဟာရအဖြစ် စုပ်ယူပြီးနောက် မလိုလားအပ်သော အစာဟောင်းများကို မစင်အဖြစ် တစ်ရက်လျှင် အနည်းဆုံး တစ်ကြိမ် စွန့်ထုတ်ပေးနိုင်မှသာလျှင် ခန္ဓာကိုယ်ပေါ့ပါး လန်းဆန်းစေမည်ဖြစ်သည်။
ထို့ကြောင့် ဝမ်းတစ်လုံးကောင်းလျှင် ခေါင်းမခဲဟု ရှေးလူကြီးများက ဆိုကြခြင်းဖြစ်သည်။
သို့သော် တချို့သူများ၏ ဇီဝဖြစ်စဉ်က ပျမ်းမျှနှစ်ရက်လျှင် တစ်ကြိမ်သာ ဝမ်းသွားလေ့ရှိပြီး ထို့ထက်ပို၍ အစာဟောင်း မစွန့်ထုတ်နိုင်ခြင်းကို ဝမ်းချုပ်ခြင်းဟု ခေါ်ကြသည်။ စားသောက်မှုပုံစံ မှန်ကန်မှုမရှိခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အထိုင်များ၍ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ရေသောက်နည်းခြင်း စသည်တို့ကြောင့် အရွယ်သုံးပါးမရွေး ဝမ်းချုပ်တတ်သည်။ ရောဂါတစ်ခုခုကြောင့် ပဋိဇီဝဆေး မှီဝဲနေရပြီး ယင်းဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သည်။
ထို့ပြင် ဝမ်းသွားချင်စိတ်ကို လျစ်လျူရှုမထားဘဲ အချိန်ပေး၍ အိမ်သာတက်သော အလေ့အကျင့်ကို မွေးမြူသင့်သည်။ အထူးသတိပြုသင့်သည်မှာ ဝမ်းချုပ်သည့် အချိန်ကြာလာသည်နှင့်အမျှ စမြင်းခံလာပြီး အားစိုက်ကာ ညှစ်ထုတ်ရခြင်းကြောင့် လိပ်ခေါင်းရောဂါ အမျိုးမျိုး (အတွင်းလိပ်၊ အပြင်လိပ်)နှင့် စအိုကွဲခြင်း ဝေဒနာများကို ဖြစ်စေနိုင်သည်။
ဝမ်းချုပ်စေတတ်သော အကြောင်းရင်းများ
- မူးယစ်ဆေးဝါး သုံးစွဲသူများ၊ Aspirin နှင့် Ibuprofen စသော အကိုက်အခဲပျောက်ဆေးဝါးများ၊ ကယ်လ်စီယမ်နှင့် သံဓာတ်အားဆေးများသည် ဝမ်းချုပ်စေတတ်သည်။
-ဝမ်းသွားခြင်းအတွက် ဝမ်းပိတ်ဆေးများစွာ သောက်သုံးခြင်းကြောင့်လည်း ရက်အတန်ငယ် ဝမ်းချုပ်စေနိုင်သည်။
-နွားနို့က ဝမ်းမချုပ်စေသော်လည်း နွားနို့ကို ပြန်လည်ပြုပြင်ထားသော ချိစ်၊ ဒိန်ခဲ စသည့်နို့ထွက်ပစ္စည်းများနှင့် အဆီဓာတ်များသော အသားများသည် အစာမကြေ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်သည်။
-ရင်ပူခြင်းကို ပြေပျောက်သော Antacids ဆေးဝါးများ၊ သွေးကျဆေးများ၊ Antihistamines ဓာတ်ပါသော ယားနာပျောက်ဆေးများ၊ စိတ်ကျဝေဒနာသည်များနှင့် စိတ်ကျခြင်းကို ကုသပေးနိုင်သော Antidepressant ဆေးဝါးများက ဝမ်းချုပ်စေတတ်သည်။
ထို့ကြောင့် ယင်းဆေးဝါးများကို မှီဝဲနေရသူများက အမျှင်ဓာတ်များသော အစားအစာများပိုစား၍ ရေများများ သောက်ပေးသင့်သည်။
-Crohn's disease (ခေါ်) အစာချေလမ်းကြောင်း နာတာရှည်ရောဂါ များနှင့့် Ulcerative Colitis (ခေါ်) အူမကြီး အမြှေးရောင်ရမ်းခြင်းကြောင့် ဝမ်းချုပ်စေတတ်သည်။
-အမျိုးသမီးများ ရာသီလာစဉ် ကာလများ၊ ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမီးဖွားပြီးစ အချိန်များတွင် ဝမ်းချုပ်လေ့ရှိသည်။
-ဆီးချိုရောဂါက အာရုံကြောများကို ပျက်စီးသွားပြီး အစာကိုကောင်းစွာ မချေဖျက်နိုင်တော့ဘဲ ဝမ်းချုပ်စေနိုင်သည်။
- Hypothyroid (ခေါ်) လည်ပင်းအကျိတ်ဂလင်း ရောဂါက ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေကာ ဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်သည်။
-အမေရိကန်နိုင်ငံ ဆေးသုတေသီများက နာတာရှည် ဝမ်းချုပ်သူများကို လေ့လာဆန်းစစ်သောအခါ ချောကလက် စားသုံးမှုများသူများတွင် ပိုမိုဝမ်းချုပ်စေကြောင်း လေ့လာတွေ့ရှိခဲ့သည်။
-အသင့်စား အစားအသောက်များနှင့် အကြော်အလှော်များသည် ဝမ်းချုပ်စေတတ်သည်။
-ကော်ဖီနှင့် လက်ဖက်ရည်လျှော့သောက်ပါ။
-ဆေးလိပ်နှင့် အရက်များ သောက်သုံးခြင်း ရှောင်ကြဉ်ပါ။
ဝမ်းကောင်း၍ ခေါင်းမခဲစေသော နည်းလမ်းကောင်းများ
-နံနက်အိပ်ရာထချိန်တွင် ရေသုံးခွက် ဆက်တိုက် သောက်ပေးခြင်းက အူများကို အလုပ်လုပ်စေ၍ ဝမ်းသက်စေနိုင်သည်။ နေ့စဉ် ရေရှစ်ခွက်မှ ၁၀ ခွက်အထိ သောက်သော အလေ့အကျင့်ကို မွေးမြူသင့်သည်။
-သံပရာသီးက ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်၍ နံနက်အိပ်ရာထ အစာမစားမီ ရေနွေးတစ်ဖန်ခွက်ထဲသို့ သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး ပျားရည်ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းနှင့် ဆားအနည်းငယ်ဖျော်၍သောက်ပါ။
-ပဲသီး၊ ဟင်းနုနယ် စသည့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့ အရည်ရွှမ်းပြီး အမျှင်များသော သစ်သီးများ စားသုံးသင့်သည်။
-အမျှင်ဓာတ်ပေါများသော ဂုဏ်လျှော်စေ့သည် အစာကြေစေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သည်။
-နွားနို့ပူပူသောက်ခြင်းက အူမကြီးကိုကောင်းစွာ လှုံ့ဆော်ပေးနိုင်၍ ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သည်။ ညအိပ်ရာဝင်ခါနီး နွားနို့ပူပူထဲတွင် ထောပတ်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းခတ်၍ သောက်ခြင်းဖြင့် နံနက်ပိုင်းတွင် ဝမ်းသက်စေပါတယ်။
-နံနက်စောစော ၁၅ မိနစ်ခန့် လမ်းသွက်သွက် လျှောက်ခြင်းက အူများကိုလှုပ်ရှားကာ ဝမ်းသွားစေနိုင်သည်။
-သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွံသီး၊ ပဲပင်ပေါက်စားပေးပါ။
-မာလကာသီး(အူနီ)အမှည့်က ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်သည်။
-ကြံရည်၊ ခရမ်းချဉ်သီးနှင့် Beet Root (ခေါ်) သကြားမုန်လာဥ (ခေါ်) သွေးရောင်ကဲ့သို အရည်ရွှမ်းသော မုန်လာဥနီသည် ဝမ်းသက်စေသည်။
-နံနက်တိုင်း သင်္ဘောသီးမှည့်စားပါ။
-ပန်းသီးက ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ပြေစေပြီး ဝမ်းချုပ်ခြင်းကို ကောင်းကျိုးပြုနိုင်၍ တစ်ရက်တစ်လုံး စားသင့်သည်။
-အရွက်တွင် အမွေးများပါရှိသော ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကို သကြားနှင့်ကြိတ်၍ စားပေးပါ။
-ကြက်ဟင်းခါးသီးကို ရေ၊ ဆားတို့ဖြင့် စိမ်ပြီး သောက်ပါ။
-ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့်စိမ်၍ ဝမ်းဗိုက်ကိုလိမ်းပေးပါ။
-ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို ထန်းလျက် ၁၀ ကျပ်သား၊ အရည်ညှစ်ပြီးသော ရှောက်သီးဖတ် ၁၀ ကျပ်သား၊ ခပ်ပါးပါးလှီးထားသော ကြက်သွန်နီ ၁၀ ကျပ်သား၊ စမုန်မျိုးငါးပါးကို အမှုန့် နှစ်ပဲသားစီတို့ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် တစ်ရက်လျှင် သုံးကြိမ်စားပေးပါ။
ဝမ်းချုပ်သောကလေးကို ပြုစုစောင့်ရှောက်နည်း
ကလေးများတွင် ဝမ်းချုပ်ခြင်းမှာ တော်တော်များများ တွေ့ရှိရသော ပြဿနာဖြစ်ပြီး အဓိကအားဖြင့် အစားအသောက်၊ အနေအထိုင် ပြောင်းလဲမှုနှင့်များစွာ သက်ဆိုင်သည်။ ဝမ်းချုပ်သော ကလေးမှာ နေရထိုင်ရခက်သည်။ ဝမ်းသွားလျှင်နာပြီး စအိုကွဲတတ်သကဲ့သို့ ဝမ်းချုပ်ချိန် ကြာလာသည်နှင့်အမျှ မစားချင်၊ မသောက်ချင်ခြင်း၊ ပျို့အန်ခြင်းများဖြစ်လာနိုင်သည်။ ဝမ်းအလွန်ချုပ်လျှင် သွေးပါတတ်ပြီး အစာဟောင်းအိမ်၏ နံရံအတွင်းသားများ ကျွံကျခြင်း၊ အူကျွံခြင်း ဖြစ်တတ်သည်။ ဝမ်းချုပ်ခြင်း အကျင့်ပါသွားလျှင် နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် အူလမ်းကြောင်း ပြဿနာရှိကာ အဆိုးဆုံးအခြေအနေမှာ အူလမ်း ကြောင်း ပိတ်ဆို့တတ်ခြင်းဖြစ်သည်။
မွေးကင်းစမှ ခြောက်လအရွယ်ထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးသည့် ကလေးများတွင် ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်းများက စိတ်ပူစရာမရှိသော်လည်း တစ်ပတ်လျှင် သုံးရက်ထက်လျှော့ပြီး ဝမ်းသွားလျှင် ဝမ်းချုပ်သည်ဟု သတ်မှတ်နိုင်သည်။ ပုံမှန်ဝမ်းသွားသော်လည်း ဝမ်းသွားချိန်တွင် ညှစ်နေရလျှင်လည်း ဝမ်းချုပ်သည်ဟု သတ်မှတ်နိုင်ပြီး ၁၀ ရက်ခန့် ဝမ်းမသွားလျှင် အန္တရာယ်ရှိပြီဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့်ပြ၍ သေချာစွာ စစ်ဆေးမှု ခံယူသင့်သည်။
ထို့ကြောင့် ကလေးငယ်များ ဝမ်းချုပ်လျှင် အနေအထိုင်၊ အစားအသောက် ပြင်ဆင်ပြောင်းလဲပေးရန် လိုအပ်သကဲ့သို့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများကျွေးရန်လိုအပ်သည်။ ရေများများတိုက်ခြင်း၊ လှုပ်လှုပ်ရှားရှား ပြေးလွှား ဆော့ကစားခြင်းများ လုပ်ခြင်းဖြင့် ဝမ်းချုပ်အကျင့်ပါမှုကို ပြန်လည်ကောင်းမွန်နိုင်မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် ချမ်းအေးသော ဆောင်းရာသီရောက်လျှင် ပုံမှန်ဝမ်းသွားသူများပင် ဝမ်းချုပ်လာတတ်ကြသည်။ ထို့ကြောင့် နိစ္စဓူဝတွင် လေ့ကျင့် ခန်းဆန်ဆန် ပြုမူလှုပ်ရှားနေခြင်း၊ အထက်တွင် ရေးသားဖော်ပြထားသော ဝမ်းပျော့စေမည့် အစားအသောက်များကို ရွေးချယ်စားသုံးခြင်း၊ ဝမ်းချုပ်စေတတ်သည့် ကောက်ညှင်းဖြင့် ပြုလုပ်ထားသော အစားအစာတို့ကို လျှော့စားခြင်းဖြင့် ဝမ်းကောင်း၍ ခေါင်းမခဲတော့ဘဲ ပေါ့ပါးလန်းဆန်းစေမည်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။