သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်) သုံးထပ်ကျောင်းဆောင်သစ်ဖွင့်လှစ်
နေပြည်တော်၊ ဇန်နဝါရီ- ၂၀
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်)သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အစိုးရနည်းပညာ အထက်တန်း ကျောင်း(မော်လမြိုင်)သုံးထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းသား၊ ကျောင်းသူများ၏ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။