တပ်မတော်ဆေးရုံများ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

တပ်မတော်ဆေးရုံများ၌ တက်ရောက် ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဇန်နဝါရီ -၂၀

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ယနေ့နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားကာ အာဟာရဖြည့်စားသောက် ဖွယ်ရာများနှင့် ချီးမြှင့်ငွေများအား ပေးအပ်သည်။

အလားတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းနှင့် ပဲခူး တိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ‌ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး ဆေးရုံတက်လူနာများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံများ အတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။