နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှသည် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာရေး

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှသည် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုခိုင်မာရေး

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က  မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်တဲ့ မြန်မာ- ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 8 th High Level Committee Meeting သို့တက်ရောက်ရန် ရောက်ရှိနေတဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့်ဇနီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၉ ရက် ညပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီကမ်းခြေ Pristine Mermaid Resort ၌ ညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ဟာ နှုတ်ခွန်းဆက်စကားတွေ အပြန်အလှန် ပြောကြားကြပြီး တက်ရောက်လာကြသူများနဲ့ အတူ ညစာကို အတူတကွ  သုံးဆောင်ကြပါတယ်။    ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ် အတွင်းမှာတော့ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များက တေးသံသာများဖြင့်   သီဆိုတီးမှုတ်ကပြ ဖျော်ဖြေခဲ့ကြပါတယ်။ ညစာစားပွဲအပြီးမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က တက်ရောက်လာကြသူများနဲ့အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

အဆိုပါသတင်းကို မြဝတီရုပ်မြင်သံကြားကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်ည ၈နာရီမှာ သတင်းထုတ်လွှင့်ပေးတာကို စာရေးသူကြည့်လိုက်ရပါတယ်။ ညစာစားပွဲ အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ ဇနီးတို့အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နဲ့ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနဲ့ဇနီးများ၊ ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများနဲ့ ဇနီးများ၊ နှစ်နိုင်ငံစစ်သံမှူးများနဲ့ဇနီးများ၊ တာဝန်ရှိသူများ  တက်ရောက်တာ တွေ့ရပါတယ်။

စာရေးသူကတော့ အဲဒီသတင်းတစ်ခုလုံးကို အစအဆုံးကြည့်နေသူမို့ ရင်ထဲမှာ တကယ့်ကိုပီတိဖြစ်နေမိပါတယ်။ ညီအစ်ကို မောင်နှမ ဆွေမျိုးရင်းချာတွေ ရင်းရင်းနှီးနှီး ပြန်လည်တွေ့ဆုံတဲ့အသွင်မျိုး  မြင်မိပါတယ်။ မြန်မာနဲ့ထိုင်းတို့ဟာ နိုင်ငံချင်းအမည် ကွဲပြားနေပေမယ့် အသားအရောင်ကတော့ ခွဲခြားလို့မရနိုင်အောင်ပါပဲ။ တစ်ဦးကိုတစ်ဦး လေးလေးစားစား နှုတ်ခွန်းဆက်နေပုံတွေ၊ ကြိုဆိုဧည့်ခံမှုတွေဟာ တစ်နိုင်ငံ အပေါ်တစ်နိုင်ငံက ချစ်ကြည်ရင်းနှီးမှု၊ တန်ဖိုးထားမှုများ ရှိနေတာကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနဲ့   အမြဲထာဝရ ချစ်ကြည်ရေးကို အလေးထားလျက် ရှိပါတယ်။ မြန်မာနိုင်ငံကို သဘာဝကပေးအပ်ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေ ရှိပါတယ်။ အဲဒီထဲကရေးသားတင်ပြလိုတဲ့   နိုင်ငံကတော့ ထိုင်းနိုင်ငံဖြစ်တယ်။ မြန်မာနဲ့ထိုင်းနှစ်နိုင်ငံဟာ ပထဝီကြောင်းအရ သမိုင်းကြောင်းတွေ အရ ဆက်နွှယ်မှုရှိနေတဲ့ အိမ်နီးချင်းဖြစ်ပါတယ်။ ဒါ့အပြင် ဗုဒ္ဓဘာသာက ဆင်းသက် လာတဲ့ယုံကြည်မှု၊ တန်ဖိုးထားမှု အစဉ်အလာတွေကလည်း အလွန်ပဲနီးစပ်ပါတယ်။

ဗုဒ္ဓစာပေယဉ်ကျေးမှုမှာ ပိဋကတ်သုံးပုံကလွဲရင် ဇာတ်နိပါတ်တော်များကို ထိုင်းနှင့် မြန်မာနိုင်ငံမှာ  အများဆုံး ဖတ်ရှုလေ့လာနိုင် ပါတယ်။ အဲဒီဇာတ်တော်တွေထဲက ရရှိတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သင်ခန်းစာတွေဟာ ရေတွက်လို့ မကုန်နိုင်အောင်ပါပဲ။ နှစ်နိုင်ငံစလုံးရဲ့ စာပေယဉ်ကျေးမှုမှာ ဗုဒ္ဓဘာသာယဉ်ကျေးမှု စွဲမြဲနေတဲ့အတွက် နှစ်နိုင်ငံပြည်သူများရဲ့ သွားလာနေထိုင်မှုဟာ တကယ့်ကို  ချစ်စရာကောင်းလှပါတယ်။ မြန်မာတို့က  “မင်္ဂလာပါ”လို့ တစ်ဦးကိုတစ်ဦး လေးလေးစားစား နှုတ်ဆက်ကြသလို ထိုင်းပြည်သူတွေကလည်း”ဆာဝါဒီခ”လို့ နှုတ်ဆက်ပါတယ်။ 

“ဘာသာလည်းတူ၊ ယဉ်ကျေးမူနှင့်၊ ထပ်တူထပ်မျှ၊ သိမ်မွေ့ကြသည့်၊ ဓလေ့ထုံးစံ၊ တူညီပြန်သည်၊ မြန်မာလည်းထိုင်း၊ ထိုင်းလည်းမြန်မာ၊ “မင်္ဂလာပါ” ၊ ကမ္ဘာတည်သရွေ့ ချမ်းမြေ့ချစ်ကြည်ရှိနေမည်။ တူညီ ဆန္ဒဖြစ်ပေသည် “ဆိုတဲ့ ထိုင်း  မြန်မာချစ်ကြည်ရေး ကဗျာစာသားလေးတစ်ခုကို စာရေးသူ ပြေးသတိရမိပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ တူညီမှုတွေ၊ လှပမှုတွေများစွာထဲက မြန်မာနိုင်ငံမှာ အမြင့်ဆုံးတောင် “ခါကာဘိုရာဇ” ရှိနေသလို ထိုင်းနိုင်ငံမှာလည်း   သူတို့ရဲ့အမြင့်ဆုံးတောင်က “ဒွိုင်တုန်း” ရှိပါတယ်။ မြန်မာမှာဧရာဝတီ ရစ်ခွေစီးဆင်းနေသလို ထိုင်းနိုင်ငံမှာလည်း ကျောက်ဖယားဆိုတဲ့    မြစ်မင်းတစ်စင်း ရှိပါတယ်။

မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ဟာ အစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိသလို နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြားမှာလည်း ချစ်ကြည်ရင်းနှီးမှု အပြည့်အဝရှိပါတယ်။ ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံး ဘုရင်အဖြစ် အုပ်ချုပ်ခဲ့တဲ့ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဟာ မြန်မာနိုင်ငံအပေါ် အထူးချစ်ကြည်စွာ ဆက်ဆံခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သမီးတော် သီရိဒုံကလည်း မြန်မာနိုင်ငံကို   ချစ်ကြည်ရေးခရီး အကြိမ်ပေါင်း မြောက်မြားစွာ လာရောက်ခဲ့ပြီး မြန်မာကို ချစ်ခင်သူဖြစ်သလို မြန်မာပြည်သူတွေကလည်း သူ့ကို ချစ်ခင်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့ လက်ရှိနိုင်ငံ အကြီးအကဲဘုရင် မဟာဗာဂျီရာလောင်ကွန် Maha Vajiralongkorn  ဟာလည်း မြန်မာနဲ့ ချစ်ကြည်ရေးကို အထူးလိုလားသူဖြစ်ပါတယ်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ သည် အိမ်နီးချင်း နိုင်ငံကောင်းများဖြစ်ပြီး ခိုင်မာ၍ ချစ်ခင်ရင်းနှီးသော ဆက်ဆံရေးကို ရှေးယခင်ကတည်းကပင် တည်ဆောက်ခဲ့ကြသည်။ ယခုလက်ရှိကာလတွင်လည်း တပ်မတော်နှစ်ရပ်အကြားတွင် ဆက်ဆံရေး ကို ပိုမိုတိုးမြှင့်နိုင်ရန် အတွက် ဒေသအဆင့်၊မြို့နယ်အဆင့် ဆွေးနွေးပွဲများအပြင် ယခုအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးပွဲကို ၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အစည်းအဝေး၏ ရည်ရွယ်ချက်မှာ တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ နယ်စပ် ဒေသလုံခြုံရေး ကိစ္စရပ်များ ဖြေရှင်းရာတွင်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အတွက် လမ်းညွှန်ချက်များ ချမှတ်နိုင်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်သူများ၏ လူမှုဘဝဖူလုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တိုးတက်အောင် ဆောင်ရွက်နိုင်ရန်ဖြစ်သည်။

၂၀၁၃ ခုနှစ်မှစ၍ အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့မှလွဲ၍ ယခု ၂၀၂၃ ခုနှစ်တိုင်အောင် ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့တွင် အလှည့်ကျ ကျင်းပပြုလုပ်ခဲ့သည်မှာ   ယခုအကြိမ်ဆိုလျှင် ရှစ်ကြိမ်မြောက်ရှိပြီဖြစ်သည်။

ဒါ့ကြောင့်လည်းမြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်စွာ ဆက်ဆံမှုခိုင်မာလျက်ရှိပါတယ်။   အစဉ်အမြဲခိုင်မာနေစေရန် အတွက် မြန်မာ-ထိုင်းတပ်မတော် နှစ်ရပ်အကြားအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ကျင်းပလျက်ရှိရာ ယခုအခါ(၈)ကြိမ်မြောက်သို့   ရောက်ရှိပြီ ဖြစ်ပါတယ်။ 8 th High Level Committee Meeting  ကို မြန်မာနိုင်ငံတွင် ကျင်းပပါတယ်။ ဇန်နဝါရီ ၁၉ ရက်မှာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi  နှင့်ဇနီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ရခိုင်ပြည်နယ် သံတွဲမြို့သို့ ရောက်ရှိခဲ့ပါတယ်။

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ယခင်က မြို့နယ်အဆင့်၊ ဒေသအဆင့် ဆွေးနွေးပွဲတွေ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဒီထက်ပိုမို ကောင်းမွန်အောင် အဆင့်မြင့်အရာရှိကြီးများ (တပ်မတော်ခေါင်းဆောင်အဆင့်) နှစ်စဉ်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် ယခင်ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆိုပြုခဲ့ခြင်း ဖြစ်ပါတယ်။ တပ်မတော် နှစ်ရပ်အကြားမှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင် ဆက်လက်ထိန်းသိမ်းပြီး အကောင်းဆုံး ဆက်ဆံရေး အခြေအနေတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် နားလည်မှုတွေ၊ ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုအားကောင်းလာစေဖို့ တည်ဆောက်နိုင်ပြီဖြစ်ပါတယ်။ အထူးသဖြင့် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနဲ့ သတင်းအချက်အလက်များ ဆွေးနွေးဖလှယ်ခြင်းဖြင့် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကို အကောင်းဆုံး တည်ဆောက်နိုင်ပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုလျက်ရှိပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၈)ကြိမ်မြောက် မြန်မာ-ထိုင်းတပ်မတော် နှစ်ရပ်အကြားအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး  8th   High   Level Committee Meeting ကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းမှာ ရခိုင်ပြည်နယ် သံတွဲမြို့မှာ ကျင်းပပြုလုပ်ပါတယ်။ အဲဒီအစည်းအဝေးမှာ မြန်မာဘက်ပူးတွဲ ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့  ထိုင်းဘက်ပူးတွဲ ဥက္ကဋ္ဌဖြစ်သူ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့က  အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့ နှစ်နိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ  ခိုင်မာပြီး  ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးကို      ရှေးယခင်ကတည်းကပင်   တည်ဆောက်ထားပြီးဖြစ်ကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများနှင့်   ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီး     မြန်မာ-ထိုင်းတပ်မတော် နှစ်ရပ်အကြား   အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို ၂၀၁၃ ခုနှစ်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ်အကြား နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် တပ်မတော်နှစ်ရပ်မှ အရာရှိကြီးများ အပြန်အလှန် ခရီးစဉ်များ၊ (ကြည်း၊ ရေ၊ လေ) ကဏ္ဍအလိုက် အစည်းအဝေးများ၊ နယ်ခြားကော်မတီ အစည်းအဝေးများနှင့် အားကစား ပြိုင်ပွဲများအား ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ဘဲ အချို့သော အစည်းအဝေးများကို  Video Conferencing  ဖြင့်သာ  ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း” ပြောကြားခဲ့ပါတယ်။

ထို့အတူ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က “မိမိအနေဖြင့်  ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏   ရှိရင်းစွဲ ဆက်ဆံရေးနှင့် မိတ်ဖက်ဆက်ဆံရေးကို    ပိုမိုကောင်းမွန်စေရေး ထာဝရရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ပြီး    ထိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်ကို  ထာဝရမိတ်ဆွေကောင်းအဖြစ် ဆက်လက် တည်ရှိစေရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း”အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    မြန်မာ-ထိုင်းနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား  အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပခြင်းဖြင့် ယဉ်ကျေးမှုအဖွဲ့များ၊ အားကစားအဖွဲ့များ အပြန်အလှန်စေလွှတ်ခြင်း တွေပြုနိုင်ခဲ့သလို ဆေးဘက်ဆိုင်ရာ နည်းပညာတွေ  အပြန်အလှန် ဖလှယ်နိုင်ခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေ၊  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချမှု တိုက်ဖျက်ရေး၊ အကြမ်းဖက် နှိမ်နင်းရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတပ်မတော် နှစ်ရပ်အကြောင်း ဆက်စပ်တွေးကာ လေ့လာကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုအတွင်းမှာ  ပေါ်ပေါက်လာခဲ့တဲ့  တပ်မတော်ဟာစတင် ဖွဲ့စည်းခဲ့စဉ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စတင်ခဲ့တာဖြစ်ပါတယ်။              

အဲ့ဒီတုန်းက  ထိုင်းနိုင်ငံမှာရောက်နေကြတဲ့ မြန်မာတိုင်းရင်းသားများဟာ  အမိနိုင်ငံ လွတ်လပ်ရေးအတွက် တပ်မတော်ထဲကို ကိုယ်ပိုင်ဆန္ဒများနဲ့ တဖွဲဖွဲဝင်ရောက် လာခဲ့ကြပါတယ်။ မြန်မာတပ်မတော်ရဲ့ စတင်သန္ဓေတည်ရာ  ထိုင်းနိုင်ငံဖြစ်တဲ့ အတွက် မြန်မာနိုင်ငံအနေနဲ့     ထိုင်းနိုင်ငံနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ ကောင်းကျိုးကိုပဲ သယ်ပိုးပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံထဲကို ပြစ်မှုတစ်ခုခု ကျူးလွန်လို့ဖြစ်စေ၊ အခြားအကြောင်းတစ်ရပ်ရပ်ကြောင့်ဖြစ်စေ ဝင်ရောက်လာတဲ့သူတွေကို   မြန်မာဘက်က အမိအရဖမ်းဆီးပြီး   ထိုင်းနိုင်ငံဘက်ကိုပြန်ပို့ပေးခဲ့ပါတယ်။  ဒါ့ကြောင့်လည်း တပ်မတော်နှစ်ရပ်အကြားမှာ   ချစ်ကြည်မှု ခိုင်မာနေတာဖြစ်ပါတယ်။

မြန်မာနဲ့ထိုင်းရဲ့ဆက်စပ်မှုဟာ လန်ချန်း-မဲခေါင်မှာလည်းအတူတူ၊ အာဆီယံမှာလည်း အတူတူ၊  ဘင်းစတက်အဖွဲ့မှာလည်း အတူတူ၊ မဟာမဲခေါင်ဒေသခွဲ အဖွဲ့မှာလည်း အတူတူ၊   ဧရာဝတီ-ကျောက်ဖယား၊ မဲခေါင်စီးပွား ပူးပေါင်းဆောင်ရွက်မှုမှာလည်း အတူတူဖြစ်ပါတယ်။  ဧရာဝတီ-ကျောက်ဖယား၊ မဲခေါင်ဆိုတဲ့ အမည်က ၂၀၀၃ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံ ပုဂံမြို့၌ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေးက သတ်မှတ်ခဲ့တဲ့ အမည်ဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ မြန်မာတို့အကြားမှာ    စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာဖွဲ့စည်းဖို့ ၂၀၀၀ ပြည့်နှစ် ဧပြီလ အာဆီယံ ထိပ်သီးခေါင်းဆောင်များရဲ့ အစည်းအဝေးမှာ ထိုင်းနိုင်ငံဝန်ကြီးချုပ်က အကြံပြုခဲ့တာဖြစ်ပါတယ်။ Ayeyarwaddy-Chaophraya-Mekong Economic Cooperation  Strategy  ACMECS အက်စ်မက် အဖွဲ့လို့လည်း ခေါ်ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ပတ်သက်လို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူများနဲ့  နေထိုင်လျက်ရှိပါတယ်။

တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို  တစ်နိုင်ငံက လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုက်ခိုက်မှု မပြုလုပ်ရန်၊  တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေး ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊     တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့်     နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရန်၊    ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရန်တို့ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေ အကြားမှာ ကြီးမားတဲ့ပြဿနာရယ်လို့ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒဟာလည်း အလွန်ပဲကောင်းမွန်လှပါတယ်။ ဒီအချက်ကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရဲ့ ဦးတည်ချက် (၉) ရပ်မှာ အတိအလင်း ဖော်ပြထားပါတယ်။   “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော  နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး   နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး “မူ” ကိုဆက်လက်လိုက်နာကျင့်သုံးရေး”လို့ သတ်မှတ်ဖော်ပြထားပါတယ်။    မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (8 th High Level Committee Meeting) မှ ဆက်နွှယ်၍ နှစ်နိုင်ငံအစိုးရ၊ နှစ်နိုင်ငံ တပ်မတော်နှင့် နှစ်နိုင်ငံပြည်သူများ အကြား    ချစ်ကြည်ရေး ပိုမိုတိုးတက် ခိုင်မြဲပါစေကြောင်း  ဆုတောင်း ရေးသားလိုက်ပါတယ် ခင်ဗျာ။    ။

ဘုန်းမောင်ဝင်း(ဖျာပုံ)