လက်ဝှေ့ဒိုင် လူကြီးသင်တန်း ဖွင့်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး လက်ဝှေ့ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် (၁/၂၀၂၃)လက်ဝှေ့ဒိုင်လူကြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်တွင် ရွှေမန်းတောင် အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်း၊ လက်ဝှေ့အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောနေမင်းထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် အားကစားပြိုင်ပွဲများတွင် လက်ရှိကျင့်သုံးလျက်ရှိပြီး အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ယခု ဒိုင်လူကြီးသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ယခုသင်တန်းတွင် သင်ကြားပြသပေးသော သင်ခန်းစာများကို စာတွေ့၊ လက်တွေ့ စိတ်ပါဝင်စားစွာ ကြိုးစားလေ့လာသင်ယူကြရန် မှာကြားလိုကြောင်း၊ မျိုးဆက်သစ်လက်ဝှေ့ အားကစားသမားများစွာ ထွက်ပေါ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်သည့် ဆရာကောင်းများဖြစ်အောင် ကြိုးစား အားထုတ်သွားကြရန် ပြောကြားသည်။
အဆိုပါ (၁/၂၀၂၃)လက်ဝှေ့ဒိုင်လူကြီး သင်တန်းကို ဇန်နဝါရီ ၁၉ ရက်မှ ၃၀ ရက်အထိ ရွှေမန်းတောင် အားကစားကွင်းတွင် သင်တန်းသား၊ သင်တန်းသူ ၁၈ ဦးဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။