ယုန်နှစ်ရဲ့အနှစ်သာရများနဲ့အညီ ရှေ့ဆက်လျှောက်လှမ်းနေမယ့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး

ယုန်နှစ်ရဲ့အနှစ်သာရများနဲ့အညီ ရှေ့ဆက်လျှောက်လှမ်းနေမယ့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး

တရုတ်ဆိုတာ သမိုင်းအစဉ်အလာကြီးမားပြီး ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ဂုဏ်သိက္ခာမြင့်မားစွာ နေထိုင်လာ ကြတဲ့၊ နေထိုင်နေကြဆဲ၊ နေထိုင်သွားဦးမယ့် လူမျိုးစုကြီးတစ်ခုလို့ အမွှမ်းတင်ရပါလိမ့်မယ်။ ဒီလို သမိုင်းဂုဏ်ရောင်ထင်ရှားမှုနဲ့အတူ ကိုယ်ပိုင်အမှတ်အသားနဲ့ နေထိုင်လာခဲ့ကြတဲ့ တရုတ်လူမျိုးများရဲ့ အရေးအကြီးဆုံး နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့အပြင် အဝေးမှာ ရောက်ရှိနေကြတဲ့ မိသားစုများ အတူတကွပြန်လည်ပေါင်းစည်းကြတဲ့ အစဉ်အလာ ကောင်းများနဲ့ နှစ်သစ်ကူးနေ့ဟာ ယနေ့မှာ ကျရောက်ခဲ့ပါပြီ။ ဒီတော့ တရုတ်နှစ်သစ်ကူးနေ့နဲ့ ပတ်သက်တဲ့ ဗဟုသုတရဖွယ်ရာ အကြောင်းအရာလေးများကို ဦးစွာပဏာမ တင်ပြပါရစေ။

တရုတ်လူမျိုးတို့မှာ ကိုယ်ပိုင်ပြက္ခဒိန်ဆိုတာ ရှိပါတယ်။ ဘီစီ ၇၇၁ ခုနှစ်ကနေ ၄၇၆ ခုနှစ်ကြား အရှေ့ပိုင်း ကျိုးမင်းဆက် လက်ထက်မှာ စတင်တီထွင် အသုံးပြုခဲ့တာပါ။ နောက်ပိုင်း ပြက္ခဒိန်ကို ပုံစံအမျိုးမျိုးနဲ့ ပြောင်းလဲအသုံးပြုခဲ့သလို မတူညီတဲ့မင်းများ ကလည်း မတူညီတဲ့ပြက္ခဒိန်များကို ထုတ်လုပ်အသုံးပြုလာကြပါတယ်။

လက်ရှိအချိန်မှာ တရုတ်နှစ်သစ်ကူးရယ်လို့ သတ်မှတ်ဖို့အတွက် အသုံးပြုတဲ့ပြက္ခဒိန်ကတော့ နေပြက္ခဒိန်နဲ့ လပြက္ခဒိန်တို့ကို ပေါင်းစပ်ထားတဲ့ နေလပြက္ခဒိန်ဖြစ်ပါတယ်။ ပထမဆုံးနေလပြက္ခဒိန်ကို ကျိုးမင်းဆက်လက်ထက်မှာ စတင်မိတ်ဆက်အသုံးပြု ခဲ့ပြီး ကျိုးပြက္ခဒိန်လို့လည်းခေါ်ပါတယ်။ ပျမ်းမျှအားဖြင့် ယနေ့ကမ္ဘာသုံး ဂရီဂိုးရီးယန်းပြက္ခဒိန်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တရုတ်နှစ်သစ် ကူးဟာ ဇန်နဝါရီလ ၂၁ ရက်ကနေ ဖေဖော်ဝါရီလ ၂၀ ရက်အတွင်း ကျရောက်လေ့ရှိတာကိုတွေ့ရမှာပါ။

နောက်ထပ်တင်ပြလိုတဲ့အကြောင်းအရာတစ်ခုက တရုတ်ရာသီခွင်များကိုကိုယ်စားပြုတဲ့ အကောင်လေးများအကြောင်းဖြစ်ပါတယ်။ တရုတ်ရာသီခွင်မှာလည်း တခြားရာသီခွင်များနည်းတူ ၁၂ ခုရှိပါတယ်။ အဲဒီအတွက ရာသီခွင်ကိုယ်စားပြုအကောင် ၁၂ ကောင် ရှိပါတယ်။

အစဉ်လိုက်အားဖြင့်ဆိုရင်တော့ ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ဝက်တို့ဖြစ်ပါတယ်။  ဒီလိုမျိုးရာသီခွင် ကိုယ်စားပြု အကောင်လေးတွေမှာ ကိုယ်စီထူးခြားတဲ့ စရိုက်လက္ခဏာများလည်း ရှိပါတယ်။ ဘာကြောင့်များ ရာသီခွင်တွေကို ဒီလိုအကောင်လေးတွေနဲ့ ကိုယ်စားပြုဖော်ပြထားတာလဲဆိုတဲ့ အကြောင်းရင်းလည်း ရှိပါသေးတယ်။

တရုတ်ဒဏ္ဍာရီများအရပြောရမယ်ဆိုရင် လွန်လေပြီးသော ကာလများတုန်းက ကျောက်စိမ်းဧကရာဇ်ဟာ သူ့ရဲ့နတ်ပြည်တံခါးဝမှာ အစောင့်ထားဖို့အတွက် တိရစ္ဆာန် ၁၂ ကောင်ကိုအလိုရှိပါတယ်။ ဒီအကြောင်းကို လူ့ပြည်ကသိရှိအောင် ဖြန့်ဝေလိုက်တဲ့အခါ တိရစ္ဆာန်တွေဟာ နတ်ပြည်တံခါးဝဆီကို အပြေးရောက်လို့လာပါတော့တယ်။ နတ်ပြည်တံခါးဝဆီပြိုင်ပွဲပေါ့။

နတ်ပြည်တံခါးဝဆီကို အရင်ဦးဆုံးရောက်ရှိသူက ကြွက်ပါ။ ကြွက်ဟာ သူလာရာလမ်းမှာ မြစ်တစ်စင်းကို ဖြတ်ကူးဖို့ကြုံရတဲ့အချိန် သူ့လိုပဲ နွားကလည်းမြစ်ကို ဖြတ်ကူးဖို့ ဟန်ပြင်နေတာကို တွေ့လိုက်ပါတယ်။

အဲဒီနောက် ကြွက်က နွားရဲ့နားရွက်ထဲကနေပဲ တောက်လျှောက်လိုက်လာပါတော့တယ်။ နတ်ပြည်တံခါးဝဆီကို ရောက်တဲ့ အချိန်မှာတော့ ကြွက်က နွားရဲ့နားရွက်ထဲကနေခုန်ထွက်ပြီး ရှေ့တစ်လှမ်းကြိုရောက်သွားတဲ့အတွက် သူဟာ နတ်ပြည်တံခါးဝဆီ  ပြိုင်ပွဲမှာ ပထမရရှိသွားပြီး အထက်မှာဖော်ပြခဲ့တဲ့   တိရစ္ဆာန်တွေကတော့ အဲဒီတံခါးဝဆီ အစဉ်လိုက်ရောက်ရှိလာသူများဖြစ်တယ်လို့ ဒဏ္ဍာရီမှာဆိုထားပါတယ်။ ဒဏ္ဍာရီဖြစ်တဲ့အတွက် ကွဲလွဲမှုတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ အခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့ကစလို့ ကူးပြောင်းသွားတဲ့နှစ်ကတော့ ယုန်နှစ်ပဲဖြစ်ပါတယ်။ တရုတ်ရာသီခွင်အရဆိုရင် လေးခုမြောက်ရာသီခွင်ပါ။ ဒီနှစ် အတွက် ယုန်နှစ်ရဲ့သက်တမ်းက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်အထိပါ။ ယုန်ရဲ့ သင်္ကေတက အသက်ရှည်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြီးပွားချမ်းသာခြင်းတို့ဖြစ်ပြီး ယခုယုန်နှစ်ကိုတော့ မျှော်လင့်ခြင်းနှစ်လို့ သတ်မှတ်ထားပါတယ်။ ယုန်နှစ်မှာ မွေးဖွားသူများကို သတိဝီရိယရှိသူများ၊ ဟာသဉာဏ်ရွှင်သူများ၊ တီထွင်ဖန်တီးတတ်သူများလို့ ယေဘုယျသတ်မှတ်နိုင်ပါတယ်။

ယုန်နှစ်ဖွား ထင်ရှားကျော်ကြားသူများကတော့ သိပ္ပံပညာရှင် အဲဘတ်အိုင်းစတိုင်း၊ ဘတ်စကက်ဘော အကျော်အမော် မိုက်ကယ် ဂျော်ဒန်၊ ဂန္ထဝင်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ လက်ရှိကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီ တို့ပါပဲ။

အခုဖော်ပြခဲ့တဲ့ အကြောင်းအရာများက တရုတ်နှစ်သစ်ကူးနဲ့ ပတ်သက်ပြီး မှတ်သားစရာ၊ ဗဟုသုတရဖွယ်ရာများကို လက်လှမ်းမီ သလောက်တင်ပြခဲ့တာပါ။ ဆက်လက်ဖော်ပြသွားမှာကတော့ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအကြောင်းပဲ ဖြစ်ပါ တယ်။

ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြားက ဆက်ဆံရေးဟာ ရှေးဘုရင်မင်းများလက်ထက်ကတည်းက ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအနေနဲ့ စတင်ခဲ့တာပါ။ သမိုင်းအထောက်အထားများအရ အထင်အရှားပြဆိုရမယ်ဆိုရင် ခရစ်သက္ကရာဇ် ၈၀၂ ခုနှစ်ခန့် တရုတ်ပြည်ရဲ့ ထန်မင်းဆက်လက်ထက်မှာ ပျူသံတမန်အဖွဲ့က တရုတ်ပြည်ကိုသွားရောက်ပြီး အနုသုခုမ ပညာတွေနဲ့ ဖျော်ဖြေခဲ့ပါ တယ်။ ခရစ် သက္ကရာဇ် ၁၂၇၉ ခုနှစ် ပုဂံပြည့်ရှင် နရသီဟပတေ့ မင်းလက်ထက်မှာ ဆရာတော် ရှင်ဒိသာပါမောက္ခက ငြိမ်းချမ်းရေး သံတမန်အနေနဲ့ တရုတ်ပြည်ကို ကြွရောက်ခဲ့ဖူးပါတယ်။

မျက်မှောက်ခေတ် မြန်မာ-တရုတ်ဆက်ဆံရေးကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁ ရက်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုတဲ့ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အဲဒီအချိန်ကစလို့ ကမ္ဘာ့စင်မြင့်ပေါ်မှာ တရုတ်တစ်နိုင်ငံတည်းဆိုတဲ့ မူဝါဒကိုသာစွဲကိုင်ပြီး ယနေ့ထိတိုင်ရပ်တည်နေခဲ့တာပါ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ကြား အပြန် အလှန်တရားဝင်သံတမန်ဆက်ဆံရေးက ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်မှာစတင်ခဲ့တာဖြစ်ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးရဲ့ အသီးအပွင့်များ ပွင့်လန်းလာချိန်က ၁၉၅၄ ခုနှစ်မှာဖြစ်ပြီး မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးနုနဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ် ချူအင်လိုင်းတို့က ချစ်ကြည်ရေးခရီးများကို အပြန်အလှန်သွားရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် ၁၉၆၀ ပြည့်နှစ် အောက် တိုဘာလ ၁ ရက်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံကြား နယ်နိမိတ်သတ်မှတ်တဲ့စာချုပ်ကို ဝန်ကြီးချုပ်ဦးနုနဲ့ ဝန်ကြီးချုပ် ချူအင်လိုင်း တို့ကပဲ လက်မှတ်ရေးထိုးကာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကနေစတင်ခဲ့တဲ့ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးဟာ ယခုအချိန် အထိတိုင် ခိုင်မြဲတည်တံ့လျက်ရှိပါတယ်။ နောင်လည်း ခိုင်မြဲ တည်တံ့သွားမယ်လို့ယုံကြည်ပါတယ်။

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ ရှည်လျားလှတဲ့ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၂၂၀၀ ကျော်ထိစပ်နေသလို တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက အကောင်းဆုံး ဖြည့်ဆည်းပေးကြသူများဖြစ်တဲ့အတွက် အရင်းနှီးဆုံးသော မိတ်ကောင်းဆွေကောင်း အိမ်နီးချင်းကောင်းနိုင်ငံများအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ တရုတ်နိုင်ငံကနေ မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာနိုင်ငံ မော်လမြိုင်မြို့ကနေမှ ကပ္ပလီပင်လယ်ထဲကိုစီးဝင်သွားတဲ့ သံလွင်မြစ်ကြီးကြောင့်လည်း  မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ဟာ တစ်ရေတည်းသောက် သွေးချင်းများအဖြစ် သတ်မှတ်နိုင်ပါသေးတယ်။  တရုတ်နိုင်ငံမှာ  မြန်မာနိုင်ငံမှ တိုင်းရင်းသား လူမျိုးစုတွေ သွားရောက်နေထိုင်နေတာရှိသလို မြန်မာနိုင်ငံမှာလည်း တရုတ်နွယ်ဖွားများ လာရောက်နေထိုင်နေတာကို  ကြည့်ခြင်း အားဖြင့် မိမိတို့နှစ်နိုင်ငံဟာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို နှစ်ပေါင်းများစွာကြာ ထူထောင်ထားနိုင်တယ်ဆိုတာ အထင်းသား မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေဟာ သာမန်ဆက်ဆံရေးမျိုး မဟုတ်ပါဘူး။ မဟာဗျူဟာမြောက် ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ဆက်ဆံရေးလို့ဆိုတဲ့အတိုင်း နှစ်နိုင်ငံကြား ပတ်သက်ဆက်နွှယ်မှုဟာ ထဲထဲဝင်ဝင် ရှိလှပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အဲဒီနိုင်ငံကိုယ်၌က အကောင်းဆုံးကြိုးစားနေရုံနဲ့ မရပါဘူး။ အိမ်နီးချင်း နိုင်ငံကောင်းတွေလိုအပ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့  လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို လက်ကိုင်ထားကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်ကို လက်ခံကျင့်သုံးလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် မေလ ၂၀ ရက်မှာ တရုတ်နိုင်ငံရဲ့ ဏ့သနညငထ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ နှစ်နိုင်ငံဆက်ဆံ ရေးနဲ့ပတ်သက်လို့ အခုလိုပြောခဲ့တာတွေ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံများအပေါ်ထားရှိတဲ့ ရပ်တည်ချက်လည်းဖြစ်ပါတယ်။

“နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်လို့ ယုံကြည်မှုရယ်၊ ချစ်ခင်ရင်းနှီးစွာနေတာရယ်က အကောင်းဆုံးဖြစ်ပါတယ်။ အိမ်နီးချင်းဆိုတာ အရင်းနှီးဆုံးအိမ်နီးချင်းကောင်းတွေ ဖြစ်ရပါမယ်။ မြန်မာနိုင်ငံဟာ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း ၅ နိုင်ငံနဲ့ ရင်းနှီး ချစ်ကြည်စွာ နေထိုင်သွားပါမယ်။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ကို ကမ္ဘာမှာစပြီး လက်မှတ်ထိုးတဲ့နိုင်ငံတွေဖြစ်ပါတယ်။” လက်ရှိအချိန်မှာဆိုရင်လည်း ကမ္ဘာ့နိုင်ငံရေး အခြေအနေပြောင်းလဲမှုများကြားမှာ မြန်မာ နိုင်ငံကို အဓိကပံ့ပိုးမှုများပေးနေတဲ့ အိမ်နီးချင်းနိုင်ငံများထဲ မှာ တရုတ်နိုင်ငံဟာ ထိပ်တန်းကပါဝင်နေပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ချိန်တုန်းကလည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သန်းပေါင်းများစွာ လှူဒါန်းခဲ့ဖူးပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံကလည်း တရုတ်နိုင်ငံကို ဆန်တန်ချိန် ရာပေါင်း များစွာ လှူဒါန်းဖူးပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆိုတာ လက်သည်း ဆိတ်တော့ လက်ထိပ်နာ ဆိုတဲ့စကားပုံ အတိုင်း တစ်ဦးကိုတစ်ဦး ဖေးမရိုင်းပင်းကူညီခဲ့ကြတာကိုတွေ့ရမှာပါ။

တရုတ်ရိုးရာအရပြောရမယ်ဆိုရင် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေးဟာ ကျားနှစ်မှာစတင်ခဲ့တာပါ။ ကျားနှစ်ရဲ့အဓိပ္ပာယ်က   ခွန်အားကြီးမားတယ်။ ကြောက်ရွံ့ခြင်း ကင်းမဲ့တယ်။ ကံကောင်းစေတဲ့ အမှတ်သင်္ကေတဖြစ်တယ်။ ဒါကြောင့်ကျားနှစ်မှာ စတင်ခဲ့တဲ့ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးဟာ ကမ္ဘာ့အလယ်မှာ ဘယ်လိုရန်လိုသူကိုမှမမှုဘဲ အတူလက်တွဲပြီး အောင်မြင်စွာ ကျော်ဖြတ် နိုင်ခဲ့တာတွေ့ရပါမယ်။

အခုတော့ ယုန်နှစ်ကိုရောက်လာပါပြီ။ ယုန်နှစ်ဖြစ်တဲ့အတွက် အသက်ရှည်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ကြီးပွားချမ်းသာခြင်းတို့ကို ဆောင်ကြဉ်းလာမယ့် နှစ်ဖြစ်တာကြောင့် မြန်မာ-တရုတ်ဆက်ဆံရေးကလည်း အဓွန့်ရှည်တည်တံ့ခိုင်မြဲခြင်း၊ ဆက်လက်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကနေ ချမ်းသာကြွယ်ဝမှုများ ဆတက်တိုးပွားပိုင်ဆိုင်ခြင်းတို့ကို ဆောင်ကြဉ်းနိုင်ပါလိမ့်မယ်။ ဒါကြောင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးဟာ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ယုန်နှစ်ရဲ့ အနှစ်သာရများနဲ့အညီ ရှေ့ဆက်လျှောက်လှမ်းနေမှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ် နွယ်ဖွားများအားလုံး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တရုတ်နိုင်ငံသားများအားလုံး၊ ကမ္ဘာပေါ်ရှိ တရုတ်နွယ်ဖွားများအားလုံး နှစ်သစ်မှအစပြု၍  ကျန်းမာခြင်းနဲ့ပြည့်စုံပါစေ။ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ။ စီးပွားဥစ္စာတွေလည်း ဒီရေအလားတိုးတက်ပါစေလို့ မြဝတီသတင်းစာကနေတစ်ဆင့်  နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ။

ထက်မြတ်