မြန်မာ့ရိုးရာ မြင်းလှည်းအကြောင်း တစေ့တစောင်း

မြန်မာ့ရိုးရာ မြင်းလှည်းအကြောင်း တစေ့တစောင်း

    ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် စစ်ချီရာတွင် လည်းကောင်း၊  တစ် နေရာမှ  တစ်နေရာသို့  သွားလာရာတွင် လည်းကောင်း    မြင်းကိုကိုယ်တိုင်စီး၍ ဖြစ်စေ၊  လှည်းတွင် တပ်ဆင်မောင်းနှင်၍ဖြစ်စေ အသုံးပြုခဲ့ကြသည်။

ယနေ့ခေတ်ကာလတွင်လည်း မော်တော်ဆိုင်ကယ်၊ ဂွန်ဒေါင်းတို့ကို တွင်တွင်ကျယ်ကျယ် အသုံးမပြုသေးမီအချိန်က ကျေးလက် တောရွာနေသူများသည် မြို့သို့ဈေးဝယ် သွားသည့်အခါ၊  ဒေသထွက်ကုန်များကို မြို့ပေါ်ဈေးသို့   သွားရောက်ရောင်းချကြသည့်အခါ နွားလှည်း၊ မြင်းလှည်းတို့ကိုသာ အသုံးပြုခဲ့ကြရသည်။

လူတိုင်း မြင်းလှည်းစီးဖူးကြမည် ထင်ပါသည်။ မည်မျှပင်လူကျပ်ပါစေ မြင်းလှည်းပေါ်တွင်   ထိုင်လိုက်ရသည့် အရသာသည် အနည်းနှင့်အများ ထူးကဲနေတတ်သည်က အမှန်ပင်။  လမ်းကလည်းကောင်း၊   မြင်းလှည်း၏ အခြေအနေကလည်း ကောင်းပြီးမြင်းကလည်း ဉာဉ်မဆိုးလျှင် မြင်းလှည်း၏ ငြိမ့်ညောင်းသည့်အရသာကို    ပို၍ခံစားရသည်။

ရှေးယခင်မှ ယနေ့တိုင်အောင် မြန်မာနိုင်ငံအရပ်ရပ်၌  အသက်ဝင်လှုပ်ရှားနေဆဲ ဖြစ်သော မြန်မာ့ရိုးရာမြင်းလှည်းလုပ်ငန်း အကြောင်းကို  စာဖတ်သူများ သိရှိနိုင်ရန် ရေးသား တင်ပြလိုပါသည်။

ထို့ကြောင့် မြန်မာ့မြင်းလှည်းကို စနစ်တကျပြုလုပ်ရောင်းချနေသော ပဲခူးတိုင်းဒေသကြီး   သုံးဆယ်မြို့အနောက်ဘက် ဇရပ်ကြီးကျေးရွာမှ မြင်းလှည်းပညာရှင် ဦးခင်ဝင်းအား    အသေးစိတ်မေးမြန်း၍ မြင်းလှည်းပြုလုပ်ပုံ အဆင့်ဆင့်ကို ရေးသား ဖော်ပြလိုက်ပါသည်။

မြင်းလှည်းပြုလုပ်သည့်အခါ ကျွန်းသား၊ ပိတောက်သားနှင့် ပျဉ်းကတိုးသားတို့ကို သူ့နေရာနှင့်သူ အသုံးပြုရသည်။ ရထားအိမ်ကို ကျွန်းသားဖြင့်ပြုလုပ်ရပြီး လှည်းဘီးကို  ပိတောက်သားဖြင့်   ပြုလုပ်ရသည်။

ပျဉ်းကတိုးသားကို လိုအပ်သည့်နေရာတွင် ထည့်သွင်း အသုံးပြုရသည်။

မြင်းလှည်းပြုလုပ်ရန်    ပထမဦးစွာ ပဒေါင်း (ပုံတောင်း)လုံးကို ပြုလုပ်ရသည်။ လှည်းပဒေါင်း(ပုံတောင်း)လုံး၏ အရှည်မှာ ၉ လက်မရှိပြီး လုံးပတ်မှာ ၂၁ လက်မရှိ ရသည်။   ဦးစွာ    ပဒေါင်းလုံးပြုလုပ်မည့် သစ်သားတုံးကို ပွတ်လုံးနှင့်ချောရသည်။ ချောပြီးသား သစ်သားကို ဆောက်ဖြင့်ထွင်းရပြီး  ဒေါက်တပ်ဆင်ရန်  အပေါက်  ၁၄ ပေါက်ဖောက်ရသည်။

လှည်းဘီးတစ်ခုတွင် ဒေါက် ၁၄ ချောင်း ရှိပြီး ဒေါက်အရှည်မှာ ၂၁ လက်မစီရှိကာ လုံးပတ်မှာ နှစ်တစ်လက်မရှိရသည်။

ဒေါက်တပ်ဆင်ပြီးလျှင်     တံကူကို ဆက်လုပ်ရသည်။ တံကူဆိုသည်မှာ ဒေါက်တပ်ဆင်ရန်အတွက်  ဒေါက်အဖျားတွင် သုံးသည့်ပစ္စည်းဖြစ်သည်။   ဘီးတစ်ခုတွင် တံကူခုနစ်လုံး ပါရှိရသည်။  

တံကူပြီးလျှင် လှည်းဘီးတွင်တပ်ဆင်ရန် သံပတ်ခွေပြုလုပ်ရသည်။ သံပတ်ခွေ၏ အရှည်မှာ ၁၁ ပေရှိရသည်။  သံပတ်ခွေပြုလုပ်ရန်    တစ်မူးထုရှိသည့် သံပြားကို    အစိတ်ဖြစ်အောင်ခွဲရသည်။ သံပတ်ခွေကို  အခုံးပြုလုပ်ပြီး မီးဖို၌ ရဲနေအောင်ဖုတ်ကာ ဘီးတွင်တပ်ဆင်ရသည်။ လှည်းဘီးတွင် ကားတာယာ အဟောင်းများကို တပ်ရသည်။

ယင်းအဆင့်သို့ရောက်လျှင်     လှည်းဘီးပြုလုပ်မှုအဆင့် ပြီးမြောက်ပြီဖြစ်သည်။

ထို့နောက်  လှည်းဝင်ရိုးကို ဆက်လက် ပြုလုပ်ရသည်။  ဝင်ရိုး၏ အတိုင်းအတာမှာ လုံးပတ်  တစ်ကျပ်ခွဲလုံး၊ အရှည် ၅ ပေ ရှိသောသံချောင်းကို     အသုံးပြုရသည်။

အဆိုပါသံချောင်းကို  ကွန်ကရစ်သံဝါရှာတပ်ပြီး ဝင်ရိုးအဖြစ် သုံးကြသည်။

လှည်းဝင်ရိုး ပြုလုပ်ပြီးလျှင် မြင်းလှည်း ရထားအိမ်ပြုလုပ်ရသည်။   မြင်းလှည်း ရထားအိမ်ပြုလုပ်ရာတွင် ကျွန်းသားကိုသာ အဓိကထား အသုံးပြုလေ့ရှိကြသည်။ တချို့ က  ပိတောက်သားနှင့် ပျဉ်းကတိုးသားကို လည်း အသုံးပြုလေ့ရှိကြသည်။

ရထားအိမ်ပြုလုပ်ပြီးလျှင်  မြင်းလှည်းအပေါ်တွင် အမိုးကိုင်း တပ်ဆင်ရန် အမိုး ကိုင်းပြုလုပ်ရသည်။ အမိုးကိုင်းကို သံစေး အမျိုးအစား  သုံးမူးလုံးနှင့် တစ်မတ်ထု တစ်လက်မသံပြားများကိုသာ အသုံးပြုလေ့ ရှိကြသည်။ အမိုးကိုင်းပြုလုပ်ရာတွင်   သံအလေးချိန်ပိဿာ ၂၀ ခန့်ကုန်ကျပြီး ၂၅ ရက်ခန့် ကြာမြင့်သည်။

အမိုးကိုင်းပြုလုပ်ပြီးလျှင် မိုးကာဖျင်ဖြင့် အမိုးချုပ်ရသည်။ မိုးကာဖျင် ၄ ကိုက်ခန့် ကုန်ကျသည်။   မြင်းလှည်းတစ်စီးအတွက် ပြုလုပ်ရသောကဏ္ဍ    ပြီးဆုံးသွားသဖြင့် မြင်းလှည်းရုပ်လုံး ပေါ်လာသည်။

မြင်းလှည်းပညာရှင် ဦးခင်ဝင်း၏ ဆက် လက်ပြောပြချက်အရ    မြင်းလှည်းတွင် တပ်ဆင်သည့်    ကိရိယာခြောက်မျိုးကို လည်း သိရှိခဲ့ရသည်။ ၎င်းတို့မှာ-

အုပ်ခက်

    အုပ်ခက်ဆိုသည်မှာ  မြင်းခေါင်းတွင် စွပ်ရသော   သားရေပြားကိုခေါ်ခြင်းဖြစ်သည်။  မြင်းသွားလာနေစဉ်   ဘေးပတ်ဝန်းကျင်ကို   မလန့်ရ၊    မမြင်ရအောင် ကာထားရသည့် ပစ္စည်းဖြစ်သည်။

ကုန်း

    မြင်း၏ကျောကုန်းပေါ်တွင်  တပ်ဆင်ထားသော ကိရိယာဖြစ်သည်။  မြင်းကုန်း ကို ဆိတ်သားရေဖြင့်ပြုလုပ်ရသည်။ ကုန်း၏ဗြက်မှာ  ၄ လက်မ၊ အရှည် ၇ လက်မ ရှိသည်။ ကုန်းကိုသုံးစွဲရခြင်း အကြောင်းမှာ မြင်းလှည်း၏    လက်တံနှစ်ခုအောက်သို့  ကျမသွားအောင် ထိန်းထားနိုင်ရန်ဖြစ်သည်။

လည်ခွေ

    မြင်း၏လည်ပင်းကို   ပတ်ခွေတပ်ဆင်ထားသော ကိရိယာဖြစ်သည်။ လည်ခွေကို မြင်းမနာကျင်စေရန် ဆိတ်သားရေဖြင့်ပင် ပြုလုပ်လေ့ရှိကြသည်။ လည်ခွေ၏ လုံးပတ်သည် ၄ လက်မ၊ အရှည် ၈ လက်မခန့်ရှိသည်။

ဇက်ကြိုး

    ဇက်ကြိုးကို နွားသားရေဖြင့်သာ ပြုလုပ်ကြသည်။ ကြိုးအရှည်မှာ ၇ ကိုက်ရှိသည်။

မြီးသိုင်း

မြင်းကို ရှေ့တိုးနောက်ဆုတ်လုပ်သည့် အခါ ထိန်းထားရသော ကိရိယာကို မြီးသိုင်း ဟုခေါ်သည်။ လုံးပတ် တစ်မတ်ထု၊ အရှည် ၃ ပေခန့်ရှိသည်။

သံကြိုး

ရှေ့က  လည်ခွေကို   လှည်းနောက်ရှိ ချိတ်နှင့် ဆက်ထားသည့်ကြိုးဖြစ်သည်။

မြင်းသည် တစ်ရက်လျှင် ရှစ်နာရီခန့်အလုပ်လုပ်နိုင်သည်။ တစ်ရက်လျှင် မိုင် ၃၀ ခန့်ပြေးနိုင်သည်။   မြင်းလှည်းဆရာတို့က နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိသာ   ခိုင်းစေလေ့ရှိကြသည်။  မြင်း သည်  ကျွဲ၊  နွားများကဲ့သို့   လူနှင့်အတူ အလုပ်လုပ်ရသော    လုပ်အားရှင်များဖြစ် သဖြင့်  တစ်ရက်လျှင်   စပါးနှင့်ပြောင်း တစ်ပြည်ခန့်၊ ပဲဖတ် ၅၀ ကျပ်သား၊ ပြောင်းရိုးနှင့်မြက်ကို ဝလင်အောင် ကျွေးရသည်။

မြင်းများ     ခြေထောက်မနာစေရန် သံခွာ တပ်ဆင်ပေးထားရသည်။ သံခွာကို ငါးရက်တစ်ကြိမ်   လဲလှယ်တပ်ဆင်ပေးရသည်။ မြင်းလှည်းတွင်    ကားများကဲ့သို့ ကားလေးများတွင်   သုံးပြီးသား   လေးကို နှစ်ဖက် တပ်ဆင်ထားလေ့ရှိကြသည်။

မြင်းတစ်ကောင်သည်  အသက်သုံးနှစ် သားအရွယ်တွင် စတင်ခိုင်းရပြီး အသက် ၄၀ ခန့်အထိ ခိုင်းစေ၍ရသည်။ မြင်း၏ သက်တမ်းသည်   နှစ်  ၅၀  ခန့်ရှိသည် ဟုသိရသည်။    မြင်းလှည်းတစ်စီးလျှင် ခရီးသည်ခြောက်ယောက်သာ တင်ဆောင်သင့်ပြီး     ကုန်ပစ္စည်းတင်ဆောင်ပါက ပိဿာချိန် ၂၀၀ ခန့်သာ တင်သင့်သည်။ မြင်းလှည်း ပြုလုပ်ရာတွင်   လက်သမားသုံး ပစ္စည်းများဖြစ်သည့်  တူ၊ ခွ၊ ဆောက်၊ ရွေပေါ်သွား၊ စူးကောက်၊ လွှ၊ ရိုက်တုံး စသည့်ပစ္စည်းများကိုသာ    အသုံးပြုကြ ကြောင်း လေ့လာသိရှိခဲ့ရသည်။

ထို့ကြောင့်     ရှေးမြန်မာဘုရင်များ လက်ထက်မှစ၍  ယနေ့တိုင်အသုံးပြုနေဆဲဖြစ်သော  မြန်မာ့မြင်းလှည်း ပြုလုပ်ပုံကို ဗဟုသုတရစေရန် ရေးသား တင်ပြလိုက်ရပါသည်။

ဝင်း‌ဇော် (သုံးဆယ်)