အံ့ဩဖွယ်မကုန် ပီတိရသ . . . ဖြင့် ဆင်နွှဲခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အောင်ပွဲ
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ပထမအကြိမ်လွတ်လပ်ရေးအောင်ပွဲကို ကျွန်တော့်ဇာတိ မြင်းခြံမြို့တွင် စတင်ဆင်နွှဲခဲ့ရသည်။ ထိုစဉ်က ကျွန်တော့်အသက်မှာ ၁၇ နှစ် ဖြစ်သည်။ မြင်းခြံမြို့ အရေးပိုင် (ခရိုင်ဝန်) ဦးချစ်ဆွေ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ပထမအကြိမ် လွတ်လပ်ရေးနေ့အောင်ပွဲ ကျင်းပရေးကော်မတီတွင် ကျွန်တော်က မြင်းခြံမြို့နယ် ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့ရသည်။ မြင်းခြံခရိုင် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ ဦးအောင်သူ(သံမဏိမောင်မောင်)အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်သော အနုပညာယဉ်ကျေးမှု(ပျော်ပွဲရွှင်ပွဲနှင့် တေးဂီတပြိုင်ပွဲကျင်းပရေး)ဆပ်ကော်မတီတွင် တာဝန်ကျသည်။
နယ်ချဲ့အင်္ဂလိပ်တို့၏ သူ့ကျွန်ဘဝမှ လုံးဝလွတ်မြောက်ပြီ၊ မြန်မာနိုင်ငံသည် လုံးဝလွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် သို့ ရောက်ရှိပြီ ဆိုသော အသိဖြင့် မြင်းခြံမြို့ အစိုးရအထက်တန်း ကျောင်း အမှတ်(၁)ကွင်းနှင့် လွတ်လပ်ရေး ပန်းခြံကွင်း၌ လွတ်လပ်ရေးအောင်ပွဲကို ကျွန်တော်တို့အားလုံး ပျော်ရွှင်စွာ ခြိမ့်ခြိမ့် သဲမျှ ဆင်နွှဲကြသည်။ ကျွန်တော်သည် ၁၇ နှစ်သားအထိ၊ နယ်ချဲ့နှင့်ဖက်ဆစ်တို့လက်အောက်တွင် ၁၇ နှစ်တိတိ ကျွန် ဖြစ်ခဲ့ရာမှ ယနေ့လွတ်ပြီ၊ ကျွတ်ပြီဟူသော ပီတိဖြင့် နံနက် ၄ နာရီ မိနစ် ၂၀ အညာ ဆောင်းတွင်း အအေးဒဏ်ကိုမမှုဘဲ ချမ်းအေးလှသော်လည်း ပီတိလွှမ်းနေသော ဝမ်းသာခြင်းဖြင့် လွတ်လပ်ရေးနေ့ နံနက် အလံတင်အခမ်းအနားသို့ တက်ရောက်ဆင်နွှဲခဲ့သည်။ ထိုစဉ်က ဗမာပြည်ကွန်မြူနစ်ပါတီသည် ဥပဒေ အပြင်ထွက်ပြီး တောမခိုသေး၍ ပြည်သူ တို့နှင့်အတူ ပထမဆုံး လွတ်လပ်ရေး အောင်ပွဲကို ဝမ်းသာတက်ကြွစွာ ပါဝင် ဆင်နွှဲခဲ့ကြသည်။
ပြည်သူ့ရဲဘော်များလည်း တောမခိုသေး၍ အားလုံးတညီတညွတ် တပျော် တပါး လွတ်လပ်ရေးအောင်ပွဲ နွှဲခဲ့ကြပေသည်။ မြန်မာတိုင်းရင်းသား ပြည်သူတို့ ကား အထူးပြောနေစရာ မလိုလောက် အောင်ပင် ပီတိတဝေဝေ၊ အပြုံးပန်းများ နှင့် “လွတ်လပ်ပြီ .... လွတ်လပ်ပြီ ...တို့ တွေ လွတ်လပ်ပြီ ဟု သီဆိုဥဒါန်းကျူး နေကြပေသည်။
ထို့နောက် ဒုတိယအကြိမ်၊ တတိယ အကြိမ် စသည်ဖြင့် မြန်မာ့လွတ်လပ်ရေး နေ့ အခမ်းအနားများကို နိုင်ငံအနှံ့ မြို့ရွာ များတွင် ကျင်းပခဲ့ရာ ပြည်သူတို့၏ လွတ်လပ်ရေးစိတ်ဓာတ်သည် ရှင်သန်တိုးပွားလာခဲ့ကြပေသည်။ (၂၅)နှစ်မြောက် လွတ်လပ်ရေးနေ့ (ငွေရတု)၊ နှစ်(၅၀)ပြည့် လွတ်လပ်ရေးနေ့(ရွှေရတု)မှသည် ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက် မြန်မာ့ လွတ်လပ်ရေးနေ့ (၇၅)နှစ်ပြည့် စိန်ရတု အခမ်းအနားကို နိုင်ငံအနှံ့ကျင်းပကြရာ ကျွန်တော်သည် နေပြည်တော်တွင် ကျင်းပသည့် ခမ်းနားကြီးကျယ် သော စိန်ရတု လွတ်လပ်ရေးပွဲသဘင်သို့ တက်ရောက်ဆင်နွှဲခဲ့ရပေသည်။
နေပြည်တော်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ကျွန်တော် တက်ရောက်ဖြစ်သော အကြောင်း တရားကား လွတ်လပ်ရေးနေ့ အခမ်းအနား၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြု ညစာစားပွဲနှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးအပ်မည်ဖြစ်ရာ အလင်္ကာကျော်စွာဘွဲ့ရ ကျွန်တော် လည်း ဘွဲ့နှင်းသဘင်တွင် ဘွဲ့တံဆိပ်ယူပြီး စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား နှင့် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ တက်ရောက်ရန် ဖိတ်ကြားစာရထား၍ ရောက်ရှိနေခြင်းဖြစ်ပါသည်။
ကျွန်တော်သည် နယကအစိုးရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၂၀၀၇ ခုနှစ် လွတ်လပ်ရေးနေ့က လူမှုထူးချွန်တံဆိပ်၊ သမ္မတကြီး ဦးသိန်းစိန် လက်ထက် ၂၀၁၂ ခုနှစ် လွတ်လပ်ရေးနေ့ က စည်သူဘွဲ့၊ ယခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နစကအစိုးရလက်ထက် တွင် အလင်္ကာကျော်စွာဘွဲ့များ ရရှိခဲ့ပါသည်။
ယခုနှစ် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ဂုဏ်ထူးဆောင်ဘွဲ့များပေးအပ်ပွဲ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား၊ လွတ်လပ်ရေးနေ့ ညစာ စားပွဲတို့သည် လွတ်လပ်ရေးရရှိခဲ့သည့် ၇၅ နှစ်တာကာလအတွင်း ကျွန်တော့်အနေဖြင့် မကြုံဖူးလောက် အောင် များစွာ စည်ကားသိုက်မြိုက်၊ ကြီးကျယ်ခမ်းနား လွန်းသည်ကို တအံ့တဩတွေ့ကြုံရပါသည်။
ဘွဲ့မျိုးစုံရရှိသူအများဆုံး
ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ် ချီးမြှင့်ရာ၌ ယခုနှစ်တွင် ဘွဲ့မျိုးစုံရရှိသူ အများဆုံးဟု ဆိုရပေမည်။ နိုင်ငံတော် အကျိုးကို ခေတ်အဆက်ဆက် ကြိုးပမ်း ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတော် အတွက် အသက်ခန္ဓာစွန့်လွှတ်ခဲ့ကြသူ များ၊ အမျိုးသားရေး တာဝန် ကျေပွန်ခဲ့သူ များကို ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်အသိအမှတ်ပြုခဲ့သည့်အပြင် ဖဆပလ (ပါလီမန်ဒီမိုကရေစီခေတ်)၊ တော်လှန်ရေး ကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် (ဆိုရှယ်လစ်ဒီမိုကရေစီခေတ်)၊ နဝတနှင့် နယကအစိုးရ လက်ထက်မှစ၍ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ထွန်းလာသော ပါတီစုံဒီမိုကရေစီခေတ်တို့မှ နိုင်ငံ့အကျိုး ကို ထူးထူးကဲကဲ သယ်ပိုးခဲ့သူများကိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ ထိုက်ထိုက်တန်တန် ပေးအပ်ခဲ့ပါသည်။
၁-၁-၂၀၂၃ ရက်နေ့နှင့် ၂-၁-၂၀၂၃ ရက်နေ့တို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ လည်းကောင်း၊ ၃-၁-၂၀၂၃ ရက်နေ့တွင် ဇေယျာသီရိဗိမာန်၌လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များ၊ တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနားများကို ကျင်းပခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံးတွင် ဂုဏ်ထူးဆောင် ဘွဲ့ချီးမြှင့်ခြင်းခံရသူများအား ကြိုဆိုရန် တိုးချဲ့ဆောက်လုပ်ထားသည့် ခမ်းနားသစ်လွင်သော အဆောက်အအုံကြီး ကို တွေ့ရှိလိုက်ရသည်မှာ ဂုဏ်ထူးဆောင် ဘွဲ့ရရှိသူများအား ယခုနှစ်တွင် နိုင်ငံတော် က မည်မျှအလေးထား တန်ဖိုးထား ကြောင်း ပေါ်လွင်ထင်ရှားလှပေသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးသဘင်ဆောင်၌ ကျင်းပသည့် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းသည့် အခမ်းအနား တွင် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းပါစာသားများကို မှတ်မိနေပါသေးသည်။ “အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှ ယနေ့အထိ အသက်ခန္ဓာနှင့် သွေးချွေးတို့ ကို ပေးဆပ်ပြီး ထူးကဲစွာ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင်သက်စွန့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍတို့တွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက် ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုး အတွက် သိပ္ပံပညာ၊ ဝိဇ္ဇာ ပညာနှင့် အခြားသော ပညာရပ်တစ်ခုခု တွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာတီထွင် ဖန်တီးစွမ်းဆောင်နိုင် သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူ ပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့တွင် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြ သည့် ပုဂ္ဂိုလ်များကို ယခုလို မင်္ဂလာရှိပြီး ထူးခြားလေးနက်သည့် အခါသမယတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့ များကို ဂုဏ်ပြုချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ပါကြောင်း။
“နိုင်ငံတော်၏ အရေးအရာများနှင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် ခေတ်အဆက်ဆက်တွင်လည်း အမြင်တူခြင်း မတူခြင်း၊ မူဝါဒကွဲပြားခြင်း မကွဲပြားခြင်းများ ရှိခဲ့ပါကြောင်း၊ လက်ရှိ အချိန်မှာလည်း အမြင်တူခြင်း မတူခြင်း၊ မူဝါဒကွဲပြားခြင်း မကွဲပြားခြင်းများ ရှိနေ ပါသေးကြောင်း၊ ယခုနှစ် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်းသည် တိုင်းပြည် လွတ်လပ်ရေးရရှိရန်နှင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးတို့အတွက် အသက်ခန္ဓာ ပေးဆပ်ခဲ့ကြသူများနှင့် ဂုဏ်ပြု ချီးမြှင့်ထိုက်သူများအားလုံးကို ဂုဏ်ပြု ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပါကြောင်း။
“နိုင်ငံတော်အတွက် မိမိအသက်ခန္ဓာ ကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့်စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ကြသူများကို အဆင့်ဆင့် စိစစ်ပြီး ထောက်ခံတင်ပြချက်များအရ ချီးမြှင့်ခြင်းဖြစ်ပါ ကြောင်း။
သားစဉ်မြေးဆက် ဂုဏ်ယူစရာ
“ယခုရရှိခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များသည် မိမိတို့ ဖြတ်သန်းခဲ့ရသည့် ခက်ခဲကြမ်းတမ်းသောဘဝကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြသည့် မိမိတို့ စွမ်းဆောင်ရည်များကို နိုင်ငံတော်က မှတ်ကျောက်တင်ခြင်းခံခဲ့ရသည့် သင်္ကေတ အမှတ်အသား တစ်ခု ဖြစ်သည့်အတွက် ယနေ့အခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခြင်း မပြုနိုင်တော့သည့် ပုဂ္ဂိုလ်များအနေဖြင့်လည်း သားစဉ် မြေးဆက် ဂုဏ်ယူစရာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူများကိုယ်စား လေးစားဂုဏ်ယူပါကြောင်း၊ မိဘဘိုးဘွား များ၏ နိုင်ငံတော်အတွက် ဆောင်ရွက်ခဲ့ သည့် ကြီးမြတ်သောဂုဏ်ကို ဆက်လက် စောင့်ထိန်းပေးရန်”ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးက တစ်ဦးချင်းစီအား ဂုဏ်ထူဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ကိုယ်တိုင် တက်ရောက် လာမယူနိုင်သူများအတွက် ကာယကံရှင်၏ မိသားစုဝင် သား၊ သမီး၊ မြေး၊ မြစ်တို့က ကိုယ်စားတက်ရောက် ယူကြသည်။ မူလက ကိုယ်စား လာယူသူ များအားလုံး ဘွဲ့တံဆိပ်တက်ယူမနေဘဲ ဆုအမျိုးအစားအလိုက်၊ ဆုရသူများ ကိုယ်စား တစ်ယောက်၊ နှစ်ယောက်က တက်ယူရန် သက်ဆိုင်ရာကော်မတီက စီစဉ်ခဲ့သည်ဟု သိရသည်။ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ပင်ပန်းလွန်းမည် ကို စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။ သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးက ကိုယ်စားယူသူ အားလုံးကိုလည်း ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့သည်။
ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးနေဝင်း၊ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးစန်းယု၊ ဦးအေးကို၊ ဦးစိန်လွင်တို့ ကိုယ်စား သား၊ သမီး၊ မြေး တို့က ဘွဲ့တံဆိပ်ကို လက်ခံကြသည်။ တိုင်းရင်းသားမျိုးစုံ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများ၊ ဗုဒ္ဓဘာသာဆရာတော် သံဃာ တော်များ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ ဆုတက်ယူ ကြသောအခါ ပရိသတ်၏ လက်ခုပ်ဩဘာ သံက ပို၍ကျယ်လောင်သည်ကို သတိပြုမိ သည်။ ကျွန်တော်တို့ကဲ့သို့ အသက် ၈၀ ကျော်၊ ၉၀ ကျော်များကို တာဝန်ကျ ဝန်ထမ်းများက ဖေးမတွဲကူပေးသဖြင့် စင်မြင့်ပေါ်တက်ရောက် ဘွဲ့ယူနိုင်ခဲ့ကြပေသည်။
ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရ
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲ သို့ တက်ရောက်ခဲ့သူအားလုံး၏ သွားရေး လာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက် ရေး၊ လုံခြုံရေးမှအစ လိုလေသေးမရှိ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပေသည်။ ယခုရက်များအတွင်း သတင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် သော်လည်းကောင်း၊ ကိုယ်စားသော် လည်းကောင်း တက်ရောက်ရယူနိုင် ခြင်း မရှိဘဲ အဝေးရောက် လက်ခံရယူသည့် ကာယကံရှင်နှင့် မိသားစုများထံသို့ ဘွဲ့ထူး ဂုဏ်ထူးများ၊ ဆုတံဆိပ်၊ ဆုလက်မှတ်များ ကို တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များနှင့် တိုင်းမှူးများက လက်ရောက်ချီးမြှင့် အပ်နှင်းနေသည်ကိုလည်း ဝမ်းမြောက် ဂုဏ်ယူဖွယ်ရာ တွေ့မြင်ရပေသည်။ ဂုဏ်ထူးဆောင်ဘွဲ့များကို ၂၀၂၂ ခုနှစ် တပ်မတော်နေ့မှ စတင်ပြီး အကြိမ်ကြိမ် စိစစ်ထုတ်ပြန်ခဲ့ သည်ကို တွေ့ရပါသည်။ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးသင့်ပေးထိုက် သူအချို့ ကျန်ကောင်းကျန်နိုင်သည့် အတွက် ပေးအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိခဲ့ရပါသည်။
၄-၁-၂၀၂၃ ရက်နေ့ နံနက် ၇ နာရီ တွင် ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူအားလုံး တက်ရောက်ခဲ့ကြပေသည်။ နိုင်ငံခြား သံရုံးများမှ သံတမန်များ၊ ဖိတ်ကြားထား သော အထူးဧည့်သည်တော်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကြည်း၊ ရေ၊ လေ တပ်မတော်အသီးသီးမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ် များသည် အခမ်းအနား၏ အံ့ဩဖွယ်ရာ ခင်းကျင်းပြသမှုများကို တစ်ဝကြီး ကြည့်ရှု နိုင်ခဲ့ကြပေသည်။
မြန်မာတို့၏ လွတ်လပ်ရေး(ဝါ)မြန်မာပိုင် အချုပ်အခြာအာဏာရပ်ကြီးကို မြန်မာတို့ ပြန်လည်စိုးပိုင်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် (၇၅)နှစ် တိတိကျကျ ပြည့်ခဲ့လေပြီ။ စိန်ရတု လွတ်လပ်ရေးနေ့ကို အစည်ကားဆုံး၊ အသိုက်မြိုက်ဆုံး၊ အကြီးကျယ် ဆုံး၊ အခမ်းနားဆုံး ကျင်းပနိုင်ခဲ့ပေပြီ။ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားများကို မြန်မာတို့ ဂုဏ်ယူဝမ်းမြောက်စွာ ကျင်းပ ကြလေသည်။
ကျွန်တော့်အနေဖြင့် နေပြည်တော်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရန် နိုင်ငံတော်က ကြိုတင်ပြင်ဆင် နေသည့် သတင်းများကို နေ့စဉ်ကြားသိ နေခဲ့ရသည်။ ယခုနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားသည် ယခင့်ယခင်နှစ်များထက် ထူးထူးကဲကဲ ခမ်းနားကြီးကျယ် စည်ကားလိမ့်မည်ဟု ကြိုတင်ခန့်မှန်း နိုင်ခဲ့ပါသည်။ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားမကျင်းပမီ ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ထုတ်လွှင့်သည့် တူယှဉ်နွှဲပျော် ဂီတပွဲတော်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲ၊ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် လူငယ်နှင့် စာပေအနုပညာပြပွဲတို့ကိုလည်း တခမ်းတနား စီစဉ်ကျင်းပခဲ့သည် ကို သတင်းများတွင် တွေ့ခဲ့ရပါသည်။
အဆောင်နှစ်ဆောင် တိုးချဲ့
ဗဟိုမဏ္ဍပ်၏ ဘေးတစ်ဖက်တစ်ချက် တွင် ဖိတ်ကြားထားသူများ တက်ရောက် ကြည့်ရှုဆင်နွှဲနိုင်ရန် မဏ္ဍပ်များ ခင်းကျင်း ထားသည်။ ယခင်က အဆောင်သုံးဆောင် သာရှိခဲ့သော ဗိုလ်ရှုခံမဏ္ဍပ်မှာ ကျယ်ဝန်း ခမ်းနားနေသည်ကို တွေ့ရ၍ မေးမြန်းကြည့်ရာ ယခုနှစ်တွင် ယခင်ရှိပြီး ဗိုလ်ရှုခံ မဏ္ဍပ်ကို မွမ်းမံပြင်ဆင်ခဲ့ရုံသာမက အဆောင်နှစ်ဆောင် ထပ်မံတိုးချဲ့ဖွဲ့စည်း ခဲ့သည်ဟု သိရသည်။
ထိုနေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မ မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ မဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ဒုတိယသမ္မတ(ငြိမ်း) သရေစည်သူ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဇနီး၊ ဒုတိယသမ္မတ(ငြိမ်း) သရေစည်သူ ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော် အကြီးအကဲများ၏ မိသားစုဝင်များ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ အကြံပေး ပုဂ္ဂိုလ်များ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တိုင်းစစ် ဌာနချုပ်အသီးသီးမှ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများနှင့် သံရုံးတာဝန်ခံများ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များ၊ စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့ရရှိ ကြသူများ၊ NCA စာချုပ် လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် NCA စာချုပ် လက်မှတ်ရေးထိုး ထားခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်မှ အရာရှိကြီးများ၊ နိုင်ငံရေး ပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ် များ၊ တိုင်းရင်းသား တိုင်းရင်းသူများ၊ အနုပညာရှင်များ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် အထူးဖိတ်ကြား ထားသည့် ဧည့်သည်တော်များကိုပါ ဗဟိုမဏ္ဍပ်နှင့် ဝဲဘက်။ယာဘက်မှ ဧည့်မဏ္ဍပ်များ၌ တက်ရောက်ခဲ့ကြသည် ကို တွေ့ရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကို ချီတက် အလေးပြုကြသည့်စစ်ရေးပြမှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် ဦးဆောင်သော နိုင်ငံတော်အလံအဖွဲ့နှင့် စစ်ရေးပြတပ်ရင်းများက စုရပ်ကွင်းမှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်ကို တွေ့မြင်ရသည်။
မျက်နှာချင်းဆိုင် စင်မြင့်များ၏ အလယ်စင်မြင့်တွင် နေပြည်တော် ကောင်စီနယ်မြေရှိ အခြေခံပညာကျောင်း များမှ ကျောင်းသား ကျောင်းသူလေးများ က ရောင်စုံကတ်ပြားများ ကိုင်ဆောင်ကာ “(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ ၄-၁-၂၀၂၃”စာသား၊ “75th Anniversary of Diamond Jubilee Independence Day (4-1-2023)” စာသား၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံပုံရိပ်၊ “စည်းလုံးခြင်း သည် အင်အား” စာသား၊ ထင်းစည်းချိုး ရုပ်တုအား တိုင်းရင်းသားလူမျိုး ရှစ်မျိုး ခြံရံထား သည့် ပုံရိပ်၊ “လွတ်လပ်ရေးကို ကာကွယ်ပါ”ဆိုသော စာသား၊ ချိုးဖြူ ငှက်က သံလွင်ခက်ကို ကိုက်ချီပျံသန်း နေပုံ၊ “ရှေ့သို့ ချီမည် ပန်းတိုင်ဆီ”စာသား၊ “Keep Moving Forward to Achieve Our Goal” စာသား၊ “ပြန်လည်ဆုံတွေ့ ကြပါစို့”စာသားတို့ကို ပီပြင်လှပစွာ သရုပ် ဖော်တင်ဆက်နေကြပုံကို တွေ့မြင်ရသည် မှာ နှစ်ခြိုက်ကျေနပ်ဖွယ် ကောင်းနေပေသည်။
ကျွန်ုပ်တို့သည်... အစချီသည့် သစ္စာ အဓိဋ္ဌာန်ပြုသံများ ကွင်းလုံးပြည့် ကျယ်လောင် ဟိန်းထွက်လာသည်။ သစ္စာအဓိဋ္ဌာန် ပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စစ်ရေးပြ တပ်ရင်း၊ ဂုဏ်ပြုယာဉ်များ၊ တပ်မတော် နှင့် ပြည်ထဲရေးမှ ယန္တရားတပ်ခွဲများကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေး သည်။
ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့ ဂုဏ်ပြုအခမ်းအနား မိန့်ခွန်းမြွက်ကြားရာတွင် “တိုင်းရင်းသား သွေးချင်းညီအစ်ကို မောင်နှမများ သွေးစည်းချစ်ကြည်စွာ စုပေါင်းနေထိုင်ကြသော အမိမြန်မာနိုင်ငံတော်သည် အနော်ရထာမင်းတရားကြီး လက်ထက်၊ ဘုရင့်နောင်မင်းတရားကြီး လက်ထက်၊ အလောင်းမင်းတရားကြီး လက်ထက်တို့တွင် ဘုရင့်နိုင်ငံတော်အဖြစ် စည်းလုံးညီ ညွတ်မှုရှိခဲ့ကြသည့်အတွက် နိုင်ငံတော်၏ ဂုဏ်ရှိန်ရောင်ဝါ ထွန်းတောက်ခဲ့ကြောင်း၊ နိုင်ငံ၏ စည်းလုံးညီညွတ်မှု အားနည်းနေချိန်၌ ကိုလိုနီနယ်ချဲ့တို့က ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲခဲ့ပြီးနောက် ထီးကျိုး စည်ပေါက်ထီးနန်းပျောက်ပြီး တစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ရောက်ခဲ့ရကြောင်း၊ နယ်ချဲ့များက မြန်မာနိုင်ငံကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးတွင် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်သွေးစုပ် အမြတ်ထုတ်ခဲ့ကြကြောင်း၊ မြန်မာနိုင်ငံကို ကိုလိုနီသက်ဆိုးရှည်စေရန် နယ်ချဲ့များက တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့ပြီး တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သွေးကွဲအောင် စနစ်တကျ သွေးခွဲသပ်လျှိုမှုများ ပြုလုပ် ခဲ့ကြကြောင်း၊ တိုင်းရင်းသားခေါင်းဆောင် ကြီးများ၏ ဦးဆောင်မှုနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးက သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း”သမိုင်းကြောင်း နောက်ခံ ဖြင့် စတင်မြွက်ကြားခဲ့ပေသည်။
“တိုင်းရင်းသား ပြည်သူများ၏ အသက်၊ သွေး၊ ချွေးများကို စတေးပြီး ရယူခဲ့ရသော လွတ်လပ်ရေးသည် အလွန်အရင်းအနှီး ကြီးမားလှကြောင်း၊ လွတ်လပ်ရေးရခဲ့ပြီး နောက်ပိုင်းတွင်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု အကျိုးဆက် က ယနေ့ထက်တိုင် တင်ကျန် နေဆဲဖြစ်ပြီး နိုင်ငံတော်တွင် ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများစွာ ပေါ်ပေါက်လာခဲ့ကြောင်း၊ သို့သော် လွတ်လပ်ရေးက ပေးလိုက်သည့် ကြီးမြတ်သည့် လက်ဆောင်သည်ကား မြန်မာနိုင်ငံသား အားလုံး၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်နှင့် စည်းလုံးညီညွတ်မှုတို့ပင်ဖြစ်ကြောင်း၊ တိုင်းရင်းသား သွေးချင်း ညီအစ်ကို မောင်နှမများအားလုံး အတူတကွ စည်းလုံးညီညွတ် ကြသောအခါ အောင်မြင်မှုကို မလွဲမသွေရရှိနိုင်သည်ဆိုသည်ကို လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှာ ထင်ရှားသော သာဓကပင် ဖြစ်ကြောင်း”လွတ်လပ်ရေးဆုံးရှုံးရမှု အကြောင်းရင်းခံ နှင့် ညီညွတ်ချစ်ကြည်မှုတို့ဖြင့် လွတ်လပ် ရေးရပြီဟု သမိုင်းကြောင်းတို့ကို ရှင်းရှင်းပြတ်ပြတ်၊ ကွင်းကွင်းကွက်ကွက် ဖြစ်လာကြစေရန် ဗိုလ်ချုပ်မှူးကြီးက ရှင်းလင်းပြဆိုသွားခဲ့သည်။
ဆက်လက်၍ “တိုင်းပြည်ဖွံ့ဖြိုးရေး ကို ပြည်တွင်းအားနှင့်သာ အဓိကထား တည်ဆောက်ကြရမည်ဖြစ်ကြောင်း၊ မြေပေါ်မြေအောက်၊ ရေသယံဇာတ ကြွယ်ဝပြီး လူသားအရင်းအမြစ်ရှိသော မိမိတို့နိုင်ငံသည် မဖွံ့ဖြိုးမတိုးတက်စရာ မရှိကြောင်း၊ မိမိတို့ညီညွတ်လျှင်၊ ကြိုးစားလျှင် မြန်မာနိုင်ငံသည် ဒေသအတွင်းမှသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံအထိ မလွဲဧကန် ရောက်ရှိမည်ဖြစ်ကြောင်း၊ (၇၅)နှစ်တာ အတွင်း အခက်အခဲပေါင်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ် နိုင်ခဲ့မှုအတွက် ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူများ အားလုံးကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ (၇၅)နှစ်မှ သည် နှစ်ရာထောင်မက ကမ္ဘာတည်သရွေ့ နိုင်ငံတော်ကြီး ဝင့်ကြွားစွာ ထာဝရတည်တံ့နေဖို့ မိမိတို့အားလုံး နိုင်ငံချစ်စိတ်၊ မြန်မာစိတ်နှင့် ကြိုးစားလုပ်ဆောင်သွား ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ “ကမ္ဘာ တည်သရွေ့ မြန်မာပြည်ရှိရပါမယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
မိန့်ခွန်းပါအကြောင်းအရာ၊ အချက်အလက်များစွာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာတွင်လည်း တွေ့ရသည့်အတွက် ဗိုလ်ချုပ်မှူးကြီးအနေဖြင့် လွတ်လပ်ရေးကို အလေးထားတန်ဖိုးထားရန် လိုအပ်သည် ကို ပြည်သူများ သိစေချင်သည့် ဆန္ဒရှိ ကြောင်း ပေါ်လွင်ထင်ရှားပါသည်။
အညာဒေသလည်းဖြစ်၊ ရိုးမအလယ် တွင် တည်ထားသည့်မြို့လည်းဖြစ်သော နေပြည်တော်၏ ဆောင်းရာသီနံနက်ခင်း သည် ချမ်းအေးလှပေသည်။ လွတ်လပ်ရေး အခမ်းအနားမိန့်ခွန်းကို နားထောင်မိသောအခါ ယနေ့မျက်မှောက်ကာလ မြန်မာနိုင်ငံနှင့် ပတ်သက်၍ အကြောင်း အရာ ပြည့်ဝစုံလင်ခြင်း၊ သမိုင်းအချက် အလက်ပါ သတင်းအချက်အလက်များ ပါရှိခြင်းတို့ကြောင့် ကျွန်တော်သည် ချမ်းအေးရမှန်းမသိတော့ချေ။ မိန့်ခွန်း ပြောပြီးသည်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်အား ဝန်ကြီးဌာနကိုယ်စားပြု တပ်ရင်း များ၊ ရဟတ်ယာဉ်များ၊ လေယာဉ်များက မြေပြင်နှင့် ဝေဟင်ထက်မှ ချီတက် အလေးပြုကြသည်။
ထို့ပြင် အလွတ်ခုန် လေထီးအဖွဲ့မှ လေထီးအရာရှိ စစ်သည်၊ စစ်သမီးနှင့် အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီး စုစုပေါင်း ၇၅ ဦးတို့က ဝေဟင်အမြင့်ပေ ၇၅၀၀ မှ အလွတ်ခုန်၍ တပ်မတော်အလံ၊ ကြည်း၊ ရေ၊ လေ အလံများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြုအလံများ၊ ဝန်ကြီးဌာန ကိုယ်စားပြုအလံများ၊ ကာကွယ်ရေးအလံ နှင့် ရောင်စုံအလံများ ချိတ်ဆွဲသယ်ဆောင် ကာ ဝေဟင်ထက်မှ မြေပြင်သို့ ဆင်းသက် ၍ ချီတက်အလေးပြုကြသည်။
အခမ်းအနား ကြေညာသူများ၏ ကြေညာချက်အရ တပ်မတော်သား အရာရှိ၊ စစ်သည်၊ အရာရှိ စစ်သမီးများ သည် လေထီးခုန် လေ့ကျင့်မှု အကြိမ်ရေ (၇၅)ကြိမ်မှ (၁၁၂၅)ကြိမ်ထိ လေ့ကျင့် ထားကြပြီး လေ့ကျင့်သားပြည့်ဝသူများ ဖြစ်သည်ဟု ကြားသိရ၍ နိုင်ငံတော် ကာကွယ်ရေးစွမ်းအားအတွက် ကျွန်တော့် အနေဖြင့် ပီတိများစွာဖြစ်မိပါသည်။
ထို့နောက် ဂုဏ်ပြုယာဉ်များဖြင့် ချီတက်အလေးပြုကြရာ ဦးဆောင် ဂုဏ်ပြုယာဉ်က စတင်ဝင်ရောက်လာသည်။ အဓိပ္ပာယ် ပြည့်ဝ၊ ခမ်းနားစွာ ပြင်ဆင်ထားသော ဂုဏ်ပြုယာဉ်နှင့်အတူ ရှေးမြန်မာ့အစဉ်အလာ ဝင်းခင်းချီတက် လာပုံကိုပါ တွေ့ရ၍ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ဖြစ်ရသည်။ ဆက်လက် ၍ တပ်မတော် ကြည်း၊ ရေ၊ လေ ဂုဏ်ပြုယာဉ်များနှင့် ခေတ်အဆက်ဆက် စစ်ရေးပြ တပ်ခွဲများ၊ မြန်မာ့သိုင်းသရုပ်ပြ စစ်သမီးနှင့် စစ်သည်များ၊ အထူးတာဝန် တပ်ဖွဲ့(အမျိုးသမီး၊ ရေတပ်အထူးတပ်ဖွဲ့)၊ပြည်ထဲရေး သိုင်းသရုပ်ပြအဖွဲ့များ ချီတက်လာကြသည်။ မြန်မာ့ရိုးရာ ကိုယ်ခံပညာရပ်များကို လှပစွာ ပြသသွား ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ် ၁၅ စီးက ဒေသအလိုက် သရုပ်ဖော်၊ သရုပ်ပြမှုများဖြင့် တန်ဆာဆင် ချီတက်လာကြသည်။ ထိုမှနောက် ဝန်ကြီး ဌာန ကိုယ်စားပြုယာဉ် ၂၆ စီးက စီတန်း ဝင်လာကြသည်။ ထိုယာဉ်များတွင် ဒေသ အလိုက်၊ ဌာနအလိုက် ထင်ရှားသောနေရာ၊ အဆောက်အအုံ၊ ဓလေ့ထုံးတမ်း လုပ်ငန်း များကို သရုပ်ဖော်ဆင်ယင်ထားကြသည်။ ထိုယာဉ်တိုင်းလိုလိုပင် ယာဉ်၏အောက်မြေပြင်တွင် ချီတက်လာသော ယိမ်းအဖွဲ့၊ အကအပြအဖွဲ့၊ သရုပ်ပြအဖွဲ့များက ပါလာမြဲဖြစ်သည်။
ယင်းနောက် တပ်မတော် ယန္တရားတပ်ခွဲ ရှစ်ခွဲနှင့် ပြည်ထဲရေးတပ်ခွဲ တစ်ခွဲတို့က ချီတက်အလေးပြုကြသည်။ ဝေဟင်ယံတွင်လည်း တပ်မတော်(လေ)မှ လေယာဉ်အချို့က လေကြောင်း စွမ်းရည်ပြသရင်း ကောင်းကင်ယံမှ ပျံသန်းအလေးပြုကြသည်။ လေယာဉ် မျိုးစုံ စင်းရေ ၇၅ စင်းကို ဝေဟင် မော့ကြည့်ရင်း၊ မြေပြင်ငုံ့ကြည့်ရင်း၊ လွတ်လပ်ရေးနေ့အခမ်းအနား ဂုဏ်ပြု ယာဉ်များ၊ ယန္တရား စစ်ကြောင်းတို့ကို ငေးကြည့်ရင်းဖြင့် မွန်းလွဲ ၁၂ နာရီခွဲခန့်မှ အခမ်းအနားပြီးသည်။ အခမ်းအနားက ခြောက်နာရီမျှကြာမြင့်သည်။ ပြသမှုအစီ အစဉ်များက အံ့မခန်းရှိလှသည်။ ပြည်သူများသည်လည်း ရုပ်မြင်သံကြားမှ တိုက်ရိုက်လွှင့်ထုတ်ချက်များကို ကြည့်လိုက်ကြရ လေသည်။ ယခုနှစ်ကတော့ “ကြီးကျယ် ခမ်းနားပါ့။ အံ့လောက်ပါပေ့” ဟူသော မှတ်ချက်စကားသံများကိုလည်း ကြားခဲ့ ရသည်။
ဝန်ကြီးဌာနကိုယ်စားပြုတပ်ခွဲများ၊ စစ်ရေးပြစစ်ကြောင်းများ၊ ယန္တရား စစ်ကြောင်းများ၏ ချီတက်အလေးပြုမှု များမှာ အားမာန်ပါပြီး တက်ကြွမှုအပြည့် ဖြင့် ညီညာလှသည်ကို တွေ့ရ၍ အနီးရှိ တာဝန်ရှိသူ တစ်ဦးကို မေးကြည့်ရာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ အကြိမ်ကြိမ် စုဖွဲ့လေ့ကျင့်ခဲ့ပြီး ၃၁-၁၂-၂၀၂၂ ရက်နေ့အထိ လေ့ကျင့်ခဲ့ ကြောင်း သိရှိခဲ့ရပါသည်။
လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အကြီးအကဲ၏ ဂုဏ်ပြုညစာ စားပွဲကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ရုံးဝင်းအတွင်း ကျင်းပရာ ကျွန်တော့်အထင် ၁၀ ယောက်ထိုင် စားပွဲ ဝိုင်းတစ်ရာကျော် ရှိလောက်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ က တည်ခင်းသော ဂုဏ်ပြုညစာစားပွဲဖြစ် ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝင်းအတွင်းရှိ ကွက်လပ်ကျယ်တွင် ကျင်းပသည်။ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်မြင်သံကြားနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တို့မှ တေးသံရှင်များ၊ အနုပညာရှင်များ၊ နိုင်ငံကျော်တေးသံရှင်များ၊ အနုပညာရှင်များက အဆို၊ အကများဖြင့် ဧည့်ခံ၏။ မီးရှူး မီးပန်းများ၏ ကောင်းကင်မြင်ကွင်း အလှ၊ မီးလျှံလေးများကို ဒရုန်းအသုံးပြု၍ ဝေဟင်သို့ လွှတ်တင်ကာ စာတန်းများ ပေါ်လာလိုက်၊ ရုပ်ပုံများပေါ်လာလိုက်ဖြင့် တင်ဆက်မှုကိုလည်း စိတ်ဝင်တစား ရှိကြသည်။ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ချီတက်သော တိုင်း ဒေသကြီးနှင့် ပြည်နယ်များ၊ တပ်မတော် နှင့် ဝန်ကြီးဌာန ဂုဏ်ပြုယာဉ်များကို အကဲဖြတ်စိစစ်ကာ ဆုချီးမြှင့်ခြင်းကို လည်း ညစာတည်ခင်းစဉ်မှာပင် ကျင်းပ ခဲ့သည်။
ကျွန်တော့် အသက် ၉၂ နှစ်။ ကိုဗစ် ရောဂါဖြင့် ဆေးရုံတက်ရင်း နှလုံး သွေးကြောကျဉ်းသည်ကို ကုသနေရပြီး ဇရာထောင်းရုံမျှမက အနာရောဂါအမျိုးမျိုး ဖိစီးခံရ၍ ယခင်ကလို သွက်လက်ကြံ့ခိုင် ခြင်းမရှိသည့်တိုင် နေပြည်တော်၌ ကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အခမ်းအနားကို ကျန်းမာပျော်ရွှင်စွာ လန်းလန်းရွှင်ရွှင် ဆင်နွှဲနိုင်ခဲ့ပါသည်။
ကျွန်တော်သည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား တက်ရောက်ပြီး ပီတိဖြစ်ရသဖြင့် နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် တောင်ဘက် တပေါင်းကွင်းအတွင်း စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များအား ၄-၁-၂၀၂၃ ရက်နေ့မှ ၈-၁-၂၀၂၃ ရက် နေ့အထိ ခင်းကျင်းပြသထားသည့် ပြပွဲသို့ သွားရောက် နိုင်ခြင်းမရှိခဲ့ပါ။ သို့သော် သတင်းများအရ ထိုပြခန်းများသို့ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ပြည်သူများ စိတ်ဝင်တစား ဖြင့် နေ့စဉ်ပျားပန်းခပ်မျှ လာရောက်ကြည့်ရှုလေ့လာ ကြသည်ကို သိရသည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ယခုနှစ် စိန်ရတုလွတ်လပ်ရေးနေ့၏ ခမ်းနားကြီးကျယ်မှုကို ဝမ်းသာဂုဏ်ယူ မဆုံးဖြစ်မိပါသည်။
ပထမအကြိမ် ၄-၁-၁၉၄၈ ရက်နေ့ လွတ်လပ်ရေးပွဲမှသည် ယခု ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိ အခမ်းအနား စုစုပေါင်း (၇၅)ခု၊ (၇၅)ကြိမ် ဆင်နွှဲခဲ့ရသည်ကို မှတ်မှတ်ရရ ရှိနေပါသည်။ ၁၉၄၈ ခုနှစ်က ဝမ်းသာ ဂုဏ်ယူစွာ ဆင်နွှဲခဲ့သည့်နည်းတူ (၇၅)နှစ်မြောက် စိန်ရတုပွဲတော်ကိုလည်း ဝမ်းမြောက်ဂုဏ်ယူစွာ ဆင်နွှဲရကြောင်းပါ ခင်ဗျာ။ ။
တက္ကသိုလ် မြတ်သူ