နေပြည်တော် ဥပ္ပါတသန္တိစေတီတော်နှင့် ဗုဒ္ဓခြေတော်ရာသီရိပါဒ ဂန္ဓကုဋီကျောင်းတော်

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်နှင့် ဗုဒ္ဓခြေတော်ရာသီရိပါဒ ဂန္ဓကုဋီကျောင်းတော်

    ယနေ့သည် မိမိ၏မွေးနေ့ဖြစ်၍ ဘုရားဖူးလိုသော ဆန္ဒများပြင်းပြနေ၏။ သို့ဖြစ်၍ မိမိ၏ ခင်ပွန်းနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၏ အထင်ကရဖြစ်တော်မူသော ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဆီသို့ ဦးတည်၍  အိမ်မှထွက်လာကြသည်။

ဘုရားသို့ရောက်သည်နှင့် ဓာတ်လှေကား ရှိသော်လည်း ရိုးရိုးလှေကားမှ တက်လာကြသည်။ ဘုရားရှိခိုး၊ ပရိတ်ရွတ်ပူဇော်၊ ဝတ်ပြုဆုတောင်းပြီးသော် စေတီတော်အတွင်း ပရိဝုဏ်ကို  လက်ယာရစ်ပတ်ပူဇော်ကန်တော့ပါသည်။

စေတီတော်အတွင်း အရပ်လေးမျက်နှာတွင် ဉာဏ်တော် ၃ ပေ ၆ လက်မရှိ ကျောက်စိမ်းဆင်းတုတော် လေးဆူကို ပူဇော်ထားပါသည်။ တစ်ဖန် မြတ်စွာဘုရားရှင်၏ မြတ်စွယ်တော်စေတီတော်ကိုလည်း ပူဇော်ထားပါသည်။ စေတီတော်ကြီး၏ အတွင်းဘက်

သည် အမြင့် ၇၃ ပေရှိသော လိုဏ်ခေါင်း ပုံသဏ္ဌာန်ဖြင့်   တည်ဆောက်ထားပြီး ပရိသတ် ၁၀၀၀၀ ဆံ့ကြောင်း သိရသည်။ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၏ဉာဏ်တော်အမြင့်မှာ ၃၂၅ ပေရှိပြီး ရန်ကုန်ရွှေတိဂုံ စေတီတော်ထက် ဉာဏ်တော်အမြင့် ၁ ပေလျော့ကာ ရွှေတိဂုံပုံစံတူ တည်ထားခဲ့ပါသည်။ ဤစေတီတော်ကြီးကို တည်ထားရန် ၂၀၀၆ ခုနှစ် ဇူလိုင် ၂၈ ရက်တွင် မြေသန့် မင်္ဂလာပြုလုပ်ခဲ့သည်။ ၂၀၀၆ ခုနှစ် သြဂုတ် ၄ ရက်တွင်စတင်၍ ဘုရားတည်ခဲ့ပြီး ၂၀၀၉  ခုနှစ် မတ် ၉ ရက်တွင်  မင်္ဂလာရွှေထီးတင် လှူခဲ့ကြောင်း သိရှိရပါသည်။ ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို ၂၀၀၉ ခုနှစ်တွင်ကျင်းပခဲ့ပြီး နှစ်စဉ်တပေါင်းလတွင်  ဗုဒ္ဓပူဇော်ပွဲ ကျင်းပခဲ့သည်။  ဘုရား၏အတွင်းဘက် နံရံပတ်ပတ်လည်တွင်လည်း ကျောက်ဆစ်လက်ရာ ပန်းချီများထွင်းထုထားသည်ကို တွေ့ရှိရသည်။ ဘုရားရှင်၏ ဗုဒ္ဓဝင်ရုပ်ပြများ ဆွဲသားထားသည့် လက်ရာမှာ ပြောင်မြောက်လှပေသည်။ မိမိတို့သည် ဘုရားစေတီအတွင်း လက်ယာရစ်တစ်ပတ် ပူဇော်ပြီးနောက် စေတီတော်ရင်ပြင်၏ ပြင်ပမျက်နှာစာသို့ထွက်၍ လက်ယာရစ်ဖူးမြော် ပူဇော်ပါသည်။ ထို့နောက် ခေါင်းလောင်းကြီး ရှိရာသို့လာခဲ့ပြီး ၃၁ ဘုံ၌ ကျင်လည်ကြကုန်သော သဗ္ဗေသတ္တာ သတ္တဝါအပေါင်းတို့အား အမျှပေးဝေ၍ ခေါင်းလောင်းတော်ကြီးကို  သုံးချက်ထိုးလိုက်သည်။ စေတီတော်ကြီး၏ အရှေ့တောင်ထောင့်ကို ရှုကြည့်လိုက်သော် အမြင့် ၁၀၈ ပေရှိသော အံ့ဖွယ်တံခွန်တိုင် ငှက်မြတ်နားတော်ကို လှပခံ့ညားစွာ ဖူးမြော်တွေ့ရှိရသည်။

ကျွန်မတို့သည်  စေတီတော်ကြီး၏ ကုန်းတော်ပေါ်မှနေ၍ ရှုမျှော်ခင်းများကို ခံစားရင်း လေကောင်းလေသန့်ကို တဝကြီး ရှူရှိုက်လိုက်သည်။ ဤစေတီတော်ကြီး၏ နောက်ဘက် မလှမ်းမကမ်းတွင်ရှိသည့် “ရွှေလွှမ်းတောင်ဘုရား”ကိုလည်း ဤနေရာမှပင် ဦးခိုက်ကန်တော့ လိုက်ပါသည်။ တစ်ဖန် ဟိုးအဝေးဆီသို့ တည့်တည့်ရှုမျှော်လိုက်ရာ ရွာသစ်ရွာအနီးရှိ “နေရောင်ပြအင်းဘုရား”  ကို  ဖူးမြင်ရပြန်သည်။ ဤနေရာတွင် နေရောင်ပြအင်းဘုရား၏ သမိုင်းကို အနည်းငယ် တင်ပြလိုပါသည်။

မြတ်စွာဘုရားရှင်သည်  ပလလဲဆင်မင်းကို နောက်ပါခေါ်ဆောင်ပြီး ဘုန်းတန်ခိုးဖြင့် ဟိမဝန္တာတောမှစ၍  ဒေသစာရီကြွချီလာရာ တောင်ငူမြို့အရှေ့ဘက်ရှိ မြတ်စောညီနောင်တောင်၌  ခေတ္တရပ်နားပြီးနောက် နေရောင်ပြ အရပ်သို့ ဆိုက်ရောက်လာ၏။ မြတ်စွာဘုရားသည် နေရောင်ပြကုန်း၌ စမ္မခဏ်ကို ခင်းတော်မူပြီး လက်ယာနံပါးဖြင့် စက်လျောင်း၍  ဖလသမာပတ် ချမ်းသာကို  ဝင်စားတော်မူသည်။ ပလလဲဆင်မင်းသည် အနီးရှိကြာမျိုးငါးပါးနှင့် ပြည့်စုံသော ကြာအင်းကြီးအတွင်းရှိ ကြာစွယ်ကြာရင်းတို့ကိုနုတ်၍  ဘုရားရှင်အား ဆက်ကပ်ရာ ဘုဉ်းပေး သုံးဆောင်တော်မူပြီး နေရောင်ပြအင်းအတွင်း ရေသုံးသပ်တော်မူလေသည်။ ပြီးလျှင် နေရောင်ပြကုန်းတော်တွင် သီတင်းသုံးပြန်ရာ နတ်ပေါင်းများစွာတို့သည် တရားနာရန်    ရောက်လာကြကုန်၏။

မြတ်စွာဘုရားရှင်သည် “မဟာသမယသုတ္တန်နှင့်တကွ ဒါနသီလကထာ တရားတော်များ” ကို ဟောကြားတော်မူရာ နတ်ပေါင်းများစွာတို့ သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်ကြလေသည်။ ထိုအချိန်တွင် တောဆင် သားအဖနှစ်စီးသည် တောအတွင်းအလေ့ကျ ပေါက်နေသောကြံကို နှာမောင်းဖြင့်ရစ်ပတ်ဆောင်ယူပြီး ဘုရားရှင်အား ဆက်ကပ်ပူဇော်ကြ၏။ ပလလဲဆင်မင်းသည် ကြံချောင်းမှ ကြံရည်ကိုညှစ်ယူကာ ဘုရားရှင်အား ဆက်ကပ်သော် မြတ်ဘုရားက တောဆင်နှစ်စီးကိုကြည့်ပြီး ပြုံးတော်မူလေသည်။  အဘယ်ကြောင့် ပြုံးရကြောင်း ပလလဲ

ဆင်မင်းက လျှောက်ထားရာ “ဤဆင်သားအဖသည် ငါဘုရားအား ကြံတို့ဖြင့်  ရိုသေစွာ လှူဒါန်းပူဇော်သော အကျိုးကြောင့် နောင်တွင် နန်းတည်ပြီး ဤအရပ်ကို အုပ်စိုးသော ဘုန်းတန်ခိုးကြီးမားသည့် မင်းဧကရာဇ်ဖြစ်လတ္တံ့၊ ကမ္ဘာဆုံးသည့်တိုင်အောင်  မြေဖြစ်လတ္တံ့၊ မြို့ပြ ပြည်ရွာ စည်ပင်လတ္တံ့”ဟု ဟောတော်မူခဲ့၏။ ယခု မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်သည် မြို့တော်မဖြစ်မီ  ရှေးယခင်ကတည်းက မြတ်စွာဘုရားရှင် ဗျာဒိတ်တော်ထားတော်မူခဲ့သော မင်းနေပြည်တော်ဖြစ်ကြောင်း ကြားသိခဲ့ဖူးပါသည်။

ယခုအမှန်ပင် နေပြည်တော်မြို့တော် ဖြစ်လာသောအခါ မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့သော ဤနေရာတွင် “နေရောင်ပြအင်း ဘုရား”ကို တည်ထားကိုးကွယ်ကြပါသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ အနောက်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်လျှင် “လက်လုပ်တောင် ရွှေနန်းသွင်းစေတီတော်”ကို ဖူးတွေ့ရပြန်သည်။ တန်ခိုးကြီးမားပြီး လူတစ်ရစ်၊ နတ်တစ်ရစ် တည်ထားသော ဘုရားဖြစ်ကြောင်း ရှေးလူကြီးများ အဆိုရှိခဲ့သည်။ ကံလှရေကန်မှ မြေကြီးများကို ရွာသားများ၏ အင်အားဖြင့် လက်နှင့်ဆုပ်ဆုပ်ပြီး သယ်ယူ၍ ဘုရားတည်ကြသည်။ နေ့အခါ ရွာသားများတည်နေသော ဘုရားတောင်ကို ညအခါတွင် နတ်များက တစ်ရစ်တက်၍ ဆက်လက်တည်ကြကြောင်း  ကြားသိရသည်။ လက်နှင့်မြေကြီးကိုဆုပ်ပြီး ဘုရားတောင်ပြုလုပ်သဖြင့် “လက်လုပ်တောင်” ဟု ခေါ်တွင်ကြသည်။ ဤဘုရား၌ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူခဲ့သော ကျောင်းတော်လည်း တည်ရှိသည်။

ကျွန်မတို့သည် ဘုရားကြီးကို လှည့်ပတ်ပူဇော်ရင်း တစ်ပတ်ပြည့်ပြီဖြစ်၍  ဘုရားရှေ့ဘက်မုခ် လှေကားအတိုင်း ဆင်းလာခဲ့ပြီး ဆင်ဖြူတော်များ ထားရှိရာနေရာသို့ရောက်ရှိလာသည်။ ဆင်ဖြူတော်များအား  အစာကျွေးရန်  ကြံချောင်းတစ်ဗန်း ဝယ်ယူပြီး ဆင်ဦးစီးထံပေးရသည်။ လှပသော ဆင်ဖြူတော်လေးများကို  တွေ့မြင်ရ၍ ရှေးကဘုရင်ကြီးများ၏ အယူအဆကို တွေးမြင်မိပြန်သည်။ ဆင်ဖြူတော်ပေါ်လျှင် တိုင်းပြည်စည်ပင်သာယာဝပြောမည်ဟု ကြားသိဖူးသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိသည်မှာ အမှန်ပင်။

ကျွန်မတို့သည် ဆင်ဖြူတော် အဆောက်အအုံမှထွက်၍    ဘုရား၏နောက်သို့ ကားကိုမောင်းလာခဲ့ရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ အနောက်မြောက်ထောင့်တွင် ရွှေရောင်ဘုံပြာသာဒ် အဆင့်ဆင့်ဖြင့်  ဆောက်လုပ်ထားသော အဆောက်အအုံကိုတွေ့ရ၍ စိတ်ဝင်စားစွာ  ဝင်ရောက်ဖူးမြော်ရန်  ကားရပ်လိုက်သည်။ “ဗုဒ္ဓခြေတော်ရာ သီရိပါဒကျောင်းတော်ရာ” ဟူသော ဆိုင်းဘုတ်ကို ကျောင်းဆောင်မုခ်ဦး အပေါ်၌ ဖောင်းကြွစာလုံးဖြင့် ထွင်းထုထားသည်ကို တွေ့ရသည်။ ကျောင်းတော်အတွင်းသို့ ဝင်လိုက်သည်နှင့်  မြတ်စွာဘုရားရှင်၏ ခြေတော်ရာများကို အမျိုးအစားစုံလင်စွာ ခင်းကျင်းပြသထားသည်ကို အံ့သြစွာ ဖူးမြော်တွေ့ရှိရပါသည်။ မိမိတို့သည် ကျောက်ဆင်းတုရှေ့ရှိ စကျင်ကျောက်နှင့် ထုဆစ်ထားသော ခြေတော်ရာနှစ်ဆူ၏ ရှေ့တွင်ထိုင်ပြီး မြတ်ဘုရားရှင်အား ကြည်ညိုစွာ အာရုံပြု၍ ဦးခိုက် ကန်တော့ကြပါသည်။

ဤ  “ဗုဒ္ဓခြေတော်ရာပါဒစေတီ”ကို တည်ထားကိုးကွယ်ရန် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့်  ဂေါပကတို့၏ ခွင့်ပြုချက်ရယူပြီး ဥပ္ပါတသန္တိစေတီတော် အနောက်မြောက်ထောင့်   နှစ်ကျိပ်ရှစ်ဆူ   မဟာဗောဓိဥယျာဉ်တော် အနီးအဝင် ညာဘက်ခြမ်းမြေနေရာ၌   ခုနစ်ရက်သားသမီးတို့က ၂၂-၅-၂၀၁၉ နေ့တွင် “အနန္တရာယိက မြေသန့်မင်္ဂလာ”    ပြုလုပ်ကျင်းပခဲ့ပါသည်။ ၂၃-၅-၂၀၁၉ နေ့နံနက်တွင် “ပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာ” ဆင်ယင်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ “ဗုဒ္ဓခြေတော်ရာ  သီရိပါဒဂန္ဓကုဋီကျောင်းတော်”ကို ရှေ့ဘုံပြာသာဒ်များ အထွတ်တင်၍ ဆောက်လုပ်ထားပြီး အလျား ၃၇ ပေ _ အနံ ၂၇ ပေ _ အမြင့် ၁၆ ပေ ရှိပါသည်။ ဤဂန္ဓကုဋီ ကျောင်းတော်အတွင်း၌ နှစ်ကျိပ်ရှစ်ဆူ ကြေးသွန်းရပ်တော်မူ ရုပ်ပွားတော်များနှင့် ကျောက်စိမ်းရုပ်ပွားတော်၊  ကျောက်စိမ်းဘုရား သိဒ္ဓတ္ထမင်းသားရုပ်တုတို့ကို ပူဇော်ထားကြောင်း တွေ့ရှိရပါသည်။

ကျောင်းတော်အတွင်း လှည့်လည်ဖူးမြော်လိုက်သော် စကျင်ကျောက်သားခြေတော်ရာ နှစ်ဆူအပြင် သစ်သားဗုဒ္ဓခြေတော်ရာ၊ ကြေးဗုဒ္ဓခြေတော်ရာ၊ သဲပန်းချီဗုဒ္ဓခြေတော်ရာ၊  ရွှေခြည်ထိုးဗုဒ္ဓခြေတော်ရာ၊ ရွှေကျောက်မျက်ခြေတော်ရာ၊ ရွှေဇဝါယွန်းဗုဒ္ဓခြေတော်ရာ၊ ပုလဲဗွီနိုင်းဗုဒ္ဓခြေတော်ရာတို့နှင့် သိဒ္ဓတ္ထမင်းသားလေးခြေရာ ပါဒစေတီတို့ကို တည်ထားပါသည်။ ၎င်းအပြင် နိုင်ငံအသီးသီး  ခေတ်အဆက်ဆက်မှ  ဗုဒ္ဓခြေတော်ရာများကိုလည်း ပြသထားသဖြင့် ဖူးတွေ့ရသူများအဖို့  ကုသိုလ်လည်းရ၊ ဗဟုသုတလည်း ရရှိမည်ဖြစ်ပါသည်။

နေပြည်တော် ဗုဒ္ဓခြေတော်ရာ သီရိပါဒ စေတီတော်၏ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ဗုဒ္ဓခြေတော်ရာပြတိုက် ဖွင့်ပွဲမင်္ဂလာ အခမ်းအနားကို  ၁၃၈၁  ခုနှစ် တပို့တွဲလဆန်း ၇  ရက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၃၁ ရက် သောကြာနေ့တွင်   ခမ်းခမ်းနားနား ကျင်းပခဲ့ပါသည်။

ဤအခမ်းအနားကြီးကို ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ   ဗန်းမော်ဆရာတော် ဘုရားကြီးအမှူးပြု၍    ဆရာတော်၊ သံဃာတော် အရှင်သူမြတ်အပေါင်းတို့က ကြွရောက်ချီးမြှောက် ဖွင့်လှစ်တော်မူပေးခဲ့ကြပါသည်။

မြန်မာနိုင်ငံအနှံ့  စေတီပုထိုးများတွင်    ခြေတော်ရာပါဒစေတီများကို တည်ထားကြရာ၌ ခြေဖဝါးတော်များကို ဖွင့်၍ ၁၀၈ ကွက် ဗုဒ္ဓစက် လက္ခဏာတော်များ ထည့်သွင်းဖော်ပြ ထားသည်ကို တွေ့ရှိရပါသည်။

မြတ်ဗုဒ္ဓခြေတော်ရာ၏ သမိုင်းကို တင်ပြရသော်- မဟာသက္ကရာဇ် ၆၇ ခု ဝါဆိုလပြည့် ကြာသပတေးနေ့ မိုးသောက်ကာလတွင်  ကပ္ပိလဝတ် နေပြည်တော် ဘုရင်သုဒ္ဓေါဓနမင်းကြီး၏ မိဖုရားကြီး သီရိမဟာမာယာဒေဝီ၏ ဝမ်းကြာတိုက်၌  ပဋိသန္ဓေဝင်စံတော်မူလေသည်။ မိဖုရားကြီးသည် မင်းကြီးအား ခွင့်ပန်လျက် မိဘများရှိရာ ဒေဝဒဟသို့ပြန်ခဲ့၏။  မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့၌ လမ်းခရီးတွင် လုမ္ဗိနီသာမော အင်ကြင်းတောအတွင်း မယ်တော်မာယာ၏ ဝမ်းကြာတိုက်မှ  မီးရှူးသန့်စင် ဖွားမြင်တော်မူလာ၏။             

(ထိုခေတ်က မီးဖွားမည့်မိခင်များသည် မိဘရပ်ထံသို့ပြန်၍ မီးဖွားသည့် ဓလေ့ရှိကြသည်။) သားတော်လေးကို ကပိလဝတ်နေပြည်တော်သို့    ခေါ်ဆောင်လာခဲ့သည်။ သုဒ္ဓေါဓနမင်းကြီး၏ဆရာ ကာဠဒေဝိလရသေ့ကြီးက  သားတော်လေး ဖွားမြင်ကြောင်း ကြားသိရ၍ သားတော်လေးကို ရှုမြင်လိုကြောင်း တောင်းဆိုလေသည်။ မင်းကြီးလည်း သားတော်လေးကို ရသေ့ကြီးအား   ရှိခိုးစေအံ့သောငှာ ယူဆောင်လာခဲ့၏။ ဆရာရသေ့ရှေ့သို့ရောက်သော် သားတော်ကလေး၏   ခြေတော်အစုံသည်   ပျံခုန်မြောက်တက်၍ ရသေ့ကြီး၏ ဦးခေါင်းထက်၌ စံပယ်တည်နေတော်မူလေ၏။ ရသေ့ကြီးလည်း မိမိ၏ ဦးခေါင်းထက်သို့ ရှေးရှုပျံတက်လာသော သားတော်လေး၏ ခြေဖဝါးကိုကြည့်လိုက်ရာ ခြေဖဝါးနှစ်ဖက်စလုံးတွင်   စက်ဝန်းပါရှိပြီး ထိုစက်ဝန်းနှင့်အတူ  ၁၀၈  ကွက် မင်္ဂလာ အမှတ်အသား    “စက္ကေနင်္ကိတပါဒ  လက္ခဏာတော်”ကို မြင်တွေ့လိုက်ရ၏။ ရသေ့ကြီးသည် ထိုမွေးဖွားခါစမှ ပါလာသော လက္ခဏာတော်ကြီး  ၃၂ ပါးကို  စုံလင်စွာတွေ့ရှိရသဖြင့်   “ဤမင်းသားကလေးသည်    ဧကန်စစ်စစ်ဘုရားဖြစ်လတ္တံ့”ဟူ၍  ဆိုလိုက်လေ၏။

ကာဠဒေဝိလရသေ့သာမက သားတော်မွေးပြီး ငါးရက်မြောက်နေ့၌   ဗေဒင်သုံးပုံတစ်ဖက်

ကမ်းခပ်တတ်မြောက်ကုန်သော ပုဏ္ဏား ၁၀၈ ယောက်ကို  ပင့်ဖိတ်ပြီး အတော်ဆုံး ပုဏ္ဏား

လက်ရွေးစင်ရှစ်ဦးကို သားတော်၏ လက္ခဏာနိမိတ်ဖတ်ကြားစေခဲ့၏။ ပုဏ္ဏားပညာရှင်ခုနစ်ဦးက မင်းသားလေး၏ ခြေတော်စက်လက္ခဏာတော်ကိုကြည့်ပြီး လက်နှစ်ချောင်းထောင်လျက် စကြဝတေးမင်းသော် လည်းကောင်း၊ ဘုရားသော် လည်းကောင်းဖြစ်လိမ့်မည်ဟု လျှောက်ထားကြကုန်၏။ အငယ်ဆုံး ပုဏ္ဏားဖြစ်သော ကောဏ္ဍညနွယ်ဖွား သုဒတ္တပုဏ္ဏားကမူ “ဘုရားစင်စစ်ဧကန် ဖြစ်လိမ့်မည်” ဟု တစ်ခွန်းတည်း ဟောကြားလေ၏။ အဘယ်ကြောင့်ဆိုသော် မင်းသားလေး၏ ခြေဖဝါးပြင်ရှိ  ၁၀၈ ကွက်  စက်လက္ခဏာအတွင်း၌ “စကြဝတေးမင်း” ပုံပါရှိနေသဖြင့် စကြဝတေးမင်း လုံးဝမဖြစ်နိုင်၊ ဘုရားစင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဟောကြားခဲ့ခြင်းဖြစ်၏။

ဖွားတော်မူခါစနေ့၌ပင် ကမ္ဘာလောကအနန္တကို ကြည့်ရှု၍ မိမိထက်သာလွန်သူ၊ မိမိနှင့်တန်းတူ ပုဂ္ဂိုလ်တို့ကို မမြင်မတွေ့ရသဖြင့် “အဂ္ဂေါဟမသ္မိ လောကဿ= ငါသည် လောကသုံးပါးထက် အမြတ်ဆုံးဖြစ်၏” ဟူ၍ ရဲရင့်သော စကားကြီးသုံးခွန်းကို ပြောဆိုခြင်းဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာ မင်္ဂလာအမှတ်အသား ၁၀၈ ပါးကိုဖူးမြင်ရာတွင် မြတ်စွာဘုရားရှင်၏ ဂုဏ်သုံးပါးကို   ဆင်ခြင်နှလုံးသွင်း၍ ဖူးမြင်ကြည်ညိုကြရပေမည်။

မြတ်စွာဘုရားရှင်၏ဂုဏ်တော်(၃)ပါး

(၁) တိလောကဂ္ဂ =လောကသုံးပါးထက် မြင့်မြတ်သောဂုဏ်

(၂) တိလောကန္တဂူ =  လောကသုံးပါးမှ လွန်မြောက်တော်မူ သောဂုဏ်

(၃) လောကဝိဒူ = လောကသုံးပါးကိုကြွင်းမရှိ  သိမြင်တော်မူသော       လောကဝိဒ ဂုဏ်တော်တို့ ဖြစ်ပါသည်။

ဗုဒ္ဓခြေတော်ရာဆိုသည်မှာ-

(၁)  မြတ်စွာဘုရားရှင်သည် တပည့်သာဝကများအား သတိသံဝေဂရကြစေရန်နှင့် မဂ်ဖိုလ်

တရားထူးရကြစေရန်ရည်သန်၍ ခြေတော်ရာချထားခြင်းဖြစ်သည်။

(၂) နောင်လာနောက်သားတို့ ထာဝရဖူးမြော်နိုင်ကြစေရန်   ရည်သန်၍လည်းကောင်း၊  ဝေနေယျသတ္တဝါတို့၏ တောင်းပန်ချက်ကြောင့် လည်းကောင်း   အဓိဋ္ဌာန်ခြေတော်ရာကို ချထားခဲ့ခြင်းဖြစ်သည်။

“ခြေတော်ရာ” ဟူသည် အကန့်တစ်ထောင်၊ အကွပ်တံကူ(အနားရေး နှုတ်ခမ်းသပ်)၊ ပုံတောင်း (ဗဟိုချက်)စက်ဝန်းပါရှိကြောင်း ဒေါနသုတ် ပါဠိတော်၌ပြဆိုထား၏။ မြတ်စွာဘုရားရှင်တို့၏ ခြေတော်ကြွလှမ်းတော်မူပြီး ချတော်မူရာ၌ ခြေတော်ချသော နေရာတွင် ထင်ကျန်ရစ်သော ခြေဖဝါးတော်၏ အရာတော်ပင်ဖြစ်ပေသည်။

မြတ်စွာဘုရားရှင်ကြွသွားတော်မူတိုင်း မြေပြင်၌ ခြေတော်ရာထင်သည် မဟုတ်ပေ။ ခြေဖဝါးတော်၏ အလွန်နူးညံ့ခြင်း၊ ကြီးမားသော ခွန်အားနှင့် ပြည့်စုံခြင်း၊ လူအပေါင်းတို့အား ချီးမြှောက်လိုခြင်း ဟူသော အကြောင်းသုံးချက်ကြောင့် မြေပြင်၌ ခြေဖဝါးထိ၍သွားသော်လည်း    ခြေတော်ရာ မထင်ခြင်းဖြစ်၏။  အိန္ဒိယဗုဒ္ဓဂယာအရပ်၌  သတ္တဌာန   ခုနစ်ဌာနကို  စင်္ကြံလျှောက်၍ ခုနစ်ရက်ပတ်လုံး ကြွသွားတော်မူသော်လည်း  ခြေတော်ရာမထင်ပေ။

မြတ်စွာဘုရားရှင်က “မည်သူမြင်ပါစေ” ဟု အဓိဋ္ဌာန်ပြုပြီး ခြေတော်ချပြမှ မြေပြင်ပေါ်တွင်  ခြေတော်ရာ ထင်ကျန်ခဲ့သည်။ ထို့ကြောင့် ခြေတော်ရာတို့သည် “ပရိဘောဂစေတီ” ထိုက်တော်မူရခြင်းဖြစ်၏။

မြတ်စွာဘုရားရှင် မြင်တွေ့စေချင်သော ပုဂ္ဂိုလ်များသာ ခြေတော်ရာကို မြင်တွေ့ရ၍ အခြားပုဂ္ဂိုလ်များ မမြင်ရပေ။ လေကြီးမိုးကြီးကျ၍ လည်းကောင်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွားတို့နင်းခြေသော် လည်းကောင်း မပျောက်မပျက်စီးပေ။

သင်္ဂဇာဆရာတော်ကြီး၏ “ခြေတော်ရာကို မိမိ၏ဦးခေါင်းထက်သို့ ပင့်ဆောင်သောနည်း”မှာ-

စက္ကဝါဠ နဟုတာဂ၊ ဒေဝါလိဂဏ စုမ္ဗိတော။

ဗုဒ္ဓပါဒမ္ဗုဇော  ဌာတု၊  သီသေဒယာ တိဂန္ဓဇော။

ဟူ၍ လေးနက်စွာ ရွတ်ဆိုပူဇော်နိုင်ပါသည်။

စက်လက္ခဏာတော်၏ တန်ခိုးအစွမ်း

   မြတ်စွာဘုရားရှင်ကြွလှမ်းတော်မူရာ အရပ်ဌာနဒေသ လမ်းခရီးဟူသမျှသည်  ချိုင့်ဝှမ်းမြင့် မောက်၊ ကျင်းချိုင့် အနိမ့်အမြင့်ဟူ၍မရှိချေ။

အားလုံးညီညာပြန့်ပြူး ချောမောလျက်သာရှိ၏။ နိမ့်နေသော ချိုင့်ဝှမ်းနေရာသည် မြင့်တက်လာပြီး မြင့်မောက်နေသော အရပ်သည်ကား  ညီညာပြန့်ပြူးပေးရသည်။ လမ်းပေါ်ရှိ ဆူးငြောင့်ခလုတ်ကန်သင်း၊ ကျောက်စရစ်ခဲ အိုးခြမ်းကွဲတို့သည် လည်းကောင်း၊   ကျင်ကြီးကျင်ငယ်၊ နှပ်၊ တံတွေး စသော အညစ်အကြေးအမှိုက်သရိုက်တို့သည် လည်းကောင်း မြတ်စွာဘုရားရှင်ကြွမြန်း၍ ခြေတော်မချမီကပင် ဖယ်ခွာရှောင်ပြေး ကြရလေသည်။ ဤကား  ခြေဖဝါးတော်၌ ပါရှိသော စက်လက္ခဏာတော်၏  တန်ခိုးအစွမ်းပင်ဖြစ်သည်။ ဗုဒ္ဓခြေတော်ရာ၏ဂုဏ်တော်ကို ဆင်ခြင်ပြီး ကုန်းလမ်း၊ ရေလမ်း၊ လေလမ်းခရီးအပြင်”ဘဝခရီး”တို့ကို သွားခဲ့သော်လည်း အန္တရာယ်ကင်း ဘေးရှင်းကြောင်း သိရပါသည်။

ဗုဒ္ဓစက်တော်ရာ ဘုရားရှိခိုးလင်္ကာကို ရွတ်ဆိုပူဇော်ခြင်းဖြင့်လည်း အကျိုးများ ရရှိနိုင်ပါသည်။

ဗုဒ္ဓခြေတော်ရာ ပါဒစေတီကို ရှိခိုးနည်းလင်္ကာ-

“သူချမ်းသာသောင်  မကြောက်အောင်ရွယ်၊ စောင့်ရှောက်ကယ်၍ ဖွယ်ရာခြံရံ လှူဒါနံကြောင့် ဝန်းရံပတ်လျက် ရာရှစ်ကွက်ဖြင့် မြချက်ပုံတောင်း အကွပ်ဆောင်း၍၊ ထောင်ပေါင်းအကန့် ရှင်းသန့်ပြတ်သားခြေတော်ဖဝါး၌ ကြီးမားတေဇော စက်တော်ရတနာ လက္ခဏာဖြင့် မကွာခစား ထံတော်ပါးဝယ် များသော အခြံအရံရှိတော်မူသော မြတ်စွာဘုရားအား ရိုသေမြတ်နိုးရှိခိုးပါ၏ အရှင်ဘုရား။”

ခြေတော်ရာကျောင်းတော် အတွင်း၌ ဘုရားရှင်၏ ခြေတော်ရာအပြင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများကိုလည်း ဖူးမြော်နိုင်ပါသည်။ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်၏ ဘွဲ့တော်နာမည်တော်များမှာ-

၁။      တဏှင်္ကရာ ဘုရားရှင်      

၂။      မေဓင်္ကရာ ဘုရားရှင်

၃။      သရဏင်္ကရာ ဘုရားရှင်    

၄။      ဒီပင်္ကရာ ဘုရားရှင်

၅။      ကောဏ္ဍည ဘုရားရှင်      

၆။      မင်္ဂလ ဘုရားရှင်

၇။      သုမန ဘုရားရှင်              

၈။      ရေဝတ ဘုရားရှင်

၉။      သောဘိတ ဘုရားရှင်       

၁၀။    အနောမဒဿီ ဘုရားရှင်

၁၁။    ပဒုမ ဘုရားရှင်                

၁၂။    နာရဒ ဘုရားရှင်

၁၃။    ပဒုမုတ္တရာ ဘုရားရှင်                 

၁၄။    သုမေဓ ဘုရားရှင်

၁၅။    သုဇာတ ဘုရားရှင်           

၁၆။    ပိယဒဿီ ဘုရားရှင်

၁၇။    အတ္တဒဿီ ဘုရားရှင်                 

၁၈။    ဓမ္မဒဿီ ဘုရားရှင်

၁၉။    သိဒ္ဓတ္ထ ဘုရားရှင်             

၂၀။    တိဿ ဘုရားရှင်

၂၁။    ဖုဿ ဘုရားရှင်               

၂၂။     ဝိပဿီ ဘုရားရှင်

၂၃။    သိခီ ဘုရားရှင်                 

၂၄။    ဝေဿ ဘုရားရှင်

၂၅။    ကကုသန် ဘုရားရှင်                  

၂၆။    ကောဏာဂုံ ဘုရားရှင်

၂၇။    ကဿပ ဘုရားရှင်           

၂၈။    ဂေါတမ ဘုရားရှင်

စသည်တို့ဖြစ်ပါသည်။

နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်များအား ရှိခိုးပူဇော်ခြင်းဖြင့် တန်ခိုးသိဒ္ဓိအကျိုးထူးများ ရရှိနိုင်ပါသည်။

နေပြည်တော်ကောင်စီနယ်မြေ ဥပ္ပါတသန္တိ စေတီတော်အတွင်းရှိ ဘုရားရှင်၏ ခြေတော်ရာ၊  စက်တော်ရာများ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားရှင်နှင့် ဗောဓိပင်၊ ဆင်ဖြူတော်စသည် တို့ကို ဖူးမြော်ကြည့်ရှု ခံစားနိုင်သည့်အပြင်  အချိန်မရ၍ နေရောင်ပြအင်းဘုရား၊ ရွှေလွှမ်းတောင်ဘုရား၊ လက်လုပ်တောင်ဘုရားသို့ မသွားရောက်နိုင်ပါကလည်း ဘုရားပေါ်မှ  လှမ်း၍ကြည်ညိုနိုင်ပါကြောင်း၊ ဘုရားကြီးဝန်းကျင်ကို ရှုစားလိုက်ပြန်သော် မာလိနီရေကန်(ငါးစာ၊ လိပ်စာကျွေးနိုင်ပါသည်။)၊ မနှင်းဆီတောင်ဘုရား၊ ရွှေလွှမ်းတောင်ဘုရား၊ ရေပြာဂေါက်ကွင်း၊ ရေပြာရွာဦးဘုန်းကြီးကျောင်း၊  ရေပြာရွာ၊  အထကခွဲ(ရေပြာ)၊ ပင်မစက်ရုံ၊  မူလတန်းကျောင်း၊ သစ်တောဦးစီးရုံး၊   အမှတ်(၂)သတ္တုတွင်း လုပ်ငန်း(ပျဉ်းမနားရုံးခွဲ)နှင့် ရေပြာသောက်ရေသန့်စက် စသည်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ တွေ့ရှိရမည်ဖြစ်ပါသည်။ သို့ပါသောကြောင့် နေပြည်တော်သို့ အလည်အပတ် လာရောက်ခဲ့ပါက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးကို မဖြစ်မနေ ဖူးမြော်ကြစေလိုပါသည်။   ကျယ်ပြောလှစွာသော ဘုရားရင်ပြင်တော်ပေါ်တွင် ဘုရားရှိခိုး၊ ပုတီးစိပ်၍ လည်းကောင်း၊    အေးအေးဆေးဆေး တရားဘာဝနာများ ရှုမှတ်၍လည်းကောင်း  နေနိုင်ပါကြောင်း  ဓမ္မမိတ်ဆွေ အပေါင်းတို့အား “မင်းနေပြည်တော်သို့ အရောက်လှမ်းလို့ကြွမြန်းလှည့်ပါ” ဟု ဖိတ်ကြားရေးသား  ပူဇော်လိုက်ရပါသည်။  ။

ရဿဝတီမေနန်း