စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ် (၃၃)
ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်ပေါ်မှ ရေအားလျှပ်စစ်စီမံကိန်းများ
မဲခေါင်မြစ်ကို ယေဘုယျပိုင်းခြားတဲ့အခါ အထက်မဲခေါင် (Upper Mekong) နဲ့ အောက်မဲခေါင် (Lower Mekong) ဆိုပြီး နှစ်ပိုင်း စဉ်းစားကြပါတယ်။ အထက်မဲခေါင်ဆိုတာကတော့ တရုတ်နိုင်ငံထဲက အပိုင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအပိုင်းဟာ မြင့်မားတဲ့ တောင်ကြားများထဲမှာ မြစ်ကဖြတ်စီးခဲ့ရတာဖြစ်လို့ တမံအမြင့်များ တည်ဆောက်နိုင်ပါတယ်။ လူနေကျဲတဲ့ တောင်ကြား များဖြစ်တဲ့ အတွက် လူမှုပတ်ဝန်းကျင်ထိခိုက်မှုလည်း အလွန်နည်းပါတယ်။ စီမံကိန်းအကြီးကြီးမှာတောင် ရာဂဏန်း ကနေ သောင်းဂဏန်း ဝန်းကျင်အထိသာ ဒေသခံများပြောင်းရွှေ့နေရာချထားမှုတွေ လုပ်ခဲ့ကြရတာပါ။
အောက်မဲခေါင်ဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယားတို့ကို ဖြတ်စီးတဲ့အခါမှာ တောင် အချို့ကြားထဲက ဖြတ်စီးတာ အထိုက်အလျောက် ရှိပေမယ့် အများစုဟာ မြေပြန့်ဒေသတွေကို ဖြတ်သန်းသွားတာဖြစ်လို့ တည်ဆောက်မယ့်တမံတွေဟာလည်း သိပ်မြင့်လို့မရပါဘူး။ တမံမြင့်သွားရင် တမံအထက်ဘက်မှာ မြေပြန့်တွေထဲ ရေဝင်မှာဖြစ်တော့ လူမှုဝန်းကျင်ထိခိုက်မှုရော၊ လယ်မြေယာမြေတွေပါ ထိခိုက်မှုများမှာ ဖြစ်လို့ပါပဲ။ ဒါကြောင့် လာအိုမှာတည်ဆောက်နေတဲ့ ဆာရာပူရီ (Xayarabui) တမံဆိုလျှင် အမြင့် ၁၀၇ ပေသာ ရှိပါတယ်။ တပ်ဆင်စက်အင်အားကလည်း ၁၂၈၅ မဂ္ဂါဝပ်သာရှိပါတယ်။ မြန်မာမှာ ဆောင်ရွက်မယ့်သံလွင်ပေါ်က ဟတ်ကြီး စီမံကိန်းနဲ့ အင်အားရော တမံအမြင့်ပါ အတူနီးပါးဖြစ်ပါတယ်။ နောက်တစ်ခု ဒါဆာဟောင် (Donsahong) တမံဆိုရင် လည်း အမြင့် ၁၀၅ ပေသာရှိပြီး တပ်ဆင်အင်အားကလည်း ၂၆၀ မဂ္ဂါဝပ်သာရှိပါတယ်။ ဒီအမြင့်တွေကိုကြည့်ရင် အောက်မဲခေါင်ရဲ့ စီမံကိန်းတွေဟာ ရေစီးအားသုံး ရေအားလျှပ်စစ်စက်ရုံစီမံကိန်း (Run-off-River Hydropower Project) များသာ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
ကမ္ဘောဒီးယားကလည်း သူ့နိုင်ငံထဲမှာ မဲခေါင်မြစ်ပေါ်မှာ ရေအားလျှပ်စစ်တမံနဲ့ စက်ရုံနှစ်ရုံတည်ဆောက်ဖို့ စီစဉ်နေပါပြီ။ ဒီစက်ရုံ တည်နေရာတွေကတော့ ဆမ်ဘော် (Sambor) နဲ့စတန်ထရန် (Stung Treng) နှစ်နေရာမှာ ဖြစ်ပါတယ်။ လာအိုလိုပဲ သိပ်မမြင့်တဲ့ တမံတွေပဲ ဖြစ်ကြမှာပါ။ မဂ္ဂါဝပ်ထောင်ဂဏန်းခန့် စက်ရုံတွေ မကြာမီပေါ်ပေါက်လာတော့မှာပါ။
ကမ္ဘောဒီးယားဟာ ပင်လယ် ထွက်ပေါက်ရှိတဲ့အတွက်ကြောင့်ရယ် မဲခေါင်မြစ်ဝကျွန်းပေါ်ကို အများဆုံး ပိုင်ဆိုင်ထားတာရယ်ကြောင့် စီးပွားရေးအခြေအနေ ကောင်းမယ်လို့ယူဆရပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လူတစ်ဦးချင်းဝင်ငွေအနိမ့်ဆုံးနဲ့ ဖွံ့ဖြိုးမှု အနည်းဆုံး စာရင်းဝင် ဖြစ်နေပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ခမာအင်ပါယာခေတ် (Khmar Empire) ၁၂ ရာစု ပထမထက်ဝက်ကာလက အန်ကောဝပ်ဘုရားကျောင်း (Ang kor Wat Temple) အပါအဝင် အခြားစိတ်ဝင်စားစရာတွေရှိနေလို့ ခရီးသွားလုပ်ငန်းကနေ နှစ်စဉ်ဝင်ငွေများစွာရနေပါတယ်။ အန်ကောဝပ် ဘုရား ကျောင်းဟာ ဘုရင်ဆူရာဗာမာန် (၂) (King Suravarman II) လက်ထက်မှာ နှစ်သုံးဆယ်လောက်ကြာအောင် တည်ဆောက်ခဲ့ရတဲ့ ကမ္ဘာ့အံ့ဖွယ် ခုနစ်ခု စာရင်းဝင် အမွေအနှစ်ဖြစ်ပါတယ်။ စနစ်တကျ ယူနက်စကို (UNESCO) နဲ့ ပူးပေါင်းထိန်းသိမ်း စောင့်ရှောက် နေတာပါ။
ကမ္ဘောဒီးယားနိုင်ငံဟာ ဧရိယာအားဖြင့် ၁၈၁၀၃၅ စတုရန်းကီလိုမီတာ (၆၉၈၉၈ စတုရန်းမိုင်)သာ ရှိတဲ့အတွက် မြန်မာနဲ့နှိုင်းရင် အကျယ်အဝန်းဟာ လေးပုံတစ်ပုံလောက်သာရှိပါတယ်။ ၁၉၅၃ ခုနှစ်ရောက်မှ ပြင်သစ်ကိုလိုနီဘဝက လွတ်လပ်ရေးရခဲ့ပါတယ်။ နိုင်ငံမှာ ၂၀၁၆ ခုနှစ် လူဦးရေအရ ၁၅ ဒသမ ၇ သန်းခန့်သာရှိလို့ မြန်မာထက် သုံးပုံတစ်ပုံနီးပါးသာ ရှိပါတယ်။ ၁၉၇၉ နဲ့ ၁၉၉၁ ခုနှစ်ကြားမှာ ဗီယက်နမ်နဲ့ အကြီးအကျယ်စစ်ဖြစ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ကစပြီး အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟွန်ဆန် (Hun Sen) ဟာ ၂၀၁၈ ခုနှစ်အထိ အာဏာကို လက်လွှတ်မသွားရအောင် နည်းမျိုးစုံသုံးပြီး အုပ်ချုပ်နေဆဲပါပဲ။ ၂၀၁၈ ခုနှစ်ဇူလိုင်လ ၃၀ ရက်နေ့ ရွေးကောက်ပွဲမှာလည်း သူပဲထပ်အရွေးခံရပြန်ပါတယ်။ နှစ်ပေါင်း ၂၀ ကျော် ဆက်တိုက်အုပ်ချုပ်နေခဲ့သူပါ။
၂၀၁၅ ခုနှစ် တန်းစီဇယားအရ နိုင်ငံ ၁၀၂ နိုင်ငံကို စာရင်းကောက်ယူဆန်းစစ်ထားတဲ့ တရားဥပဒေစိုးမိုးမှုဟာ အဆင့် ၉၉ မှာ ရပ်တည်နေတဲ့အတွက် အလွန်ဆိုးရွားတယ်လို့ပဲ ဆိုရမှာပါ။ လူတစ်ဦးပျမ်းမျှ တစ်နှစ်ဝင်ငွေဟာလည်း ၂၀၁၆ စာရင်းအရ အမေရိကန် ဒေါ်လာ ၁၃၀၀ ခန့်သာရှိလို့ ဒေသတွင်းမှာတောင် အနိမ့်ဆုံးနိုင်ငံဖြစ်ပါတယ်။
ကမ္ဘောဒီးယား၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသိုက်
ကမ္ဘောဒီးယားရဲ့အတည်ပြုနိုင်တဲ့ ရေနံသိုက်ဟာ စည်သန်းပေါင်း ၂၀၀၀ နဲ့ ဓာတ်ငွေ့သိုက်ဟာ ကုဗပေ သန်း ၁၁၀၀၀၀၀၀ ရှိပါ တယ်။ ကျောက်မီးသွေးသိုက် အတည်ပြုထားတာကလည်း တန် ၇ သန်းသာရှိပါတယ်။ ၂၀၁၅ ခုနှစ်ထိ ရေနံထွက်ကုန်အားလုံး ပြည်ပက ဝယ်ယူတင်သွင်းနေရတာပါ။
ကမ္ဘောဒီးယား၏ လျှပ်စစ်ကဏ္ဍ
၂၀၁၈ ခုနှစ် ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ ၉၇ ဒသမ ၆ ရာခိုင်နှုန်းသောပြည်သူဟာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ကြပါပြီ။ ဒီထဲမှာ ဓာတ်အားစနစ်ကနေ ၇၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ဒေသသီးခြားဓာတ်အားစနစ် (Off-grid) ကနေ ၂၆ ဒသမ ၁ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဓာတ်အားစနစ် မကြာခဏချွတ်ယွင်းမှုကြောင့် ပြည်သူ ၆၉ ရာခိုင်နှုန်းခန့်သာ အမှန်တကယ် ဓာတ်အားရရှိကြတယ်လို့လည်း ဆိုပါတယ်။
တစ်နိုင်ငံလုံးမှာ ၂၀၁၆ ခုနှစ်အတွင်း အရင်းအမြစ်အလိုက် ဓာတ်အားထုတ်လုပ်မှု ကီလိုဝပ်နာရီသန်းပေါင်း (ယူနစ်သန်းပေါင်း) ကတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်။
အရင်းအမြစ်အလိုက် တစ်နှစ်ထုတ်လုပ်သည့်ဓာတ်အား ၂၀၁၆ ခုနှစ်
ဖော်ပြခဲ့တဲ့ဇယားကို လေ့လာရင် ကမ္ဘောဒီးယားနိုင်ငံမှာ ၂၀၁၆ ခုနှစ် တစ်နှစ်စာ သုံးစွဲထားတဲ့ လျှပ်စစ်ဓာတ်အားပမာဏဟာ ၆၁၈၅ ဒသမ ၉၆ ကီလိုဝပ် (ယူနစ်သန်း) ရှိပါတယ်။ ဒီဓာတ်အားတွေကို အောက်ပါအတိုင်း ရယူသုံးစွဲခဲ့တာ ဖြစ်ပါတယ်။
ပြည်တွင်းမှ ထုတ်လုပ်မှု - ၇၇.၉၆ %
ဗီယက်နမ်မှ တင်သွင်းမှု - ၁၆.၇၄ %
လာအိုမှ တင်သွင်းမှု - ဝ.၅၃ %
ထိုင်းမှ တင်သွင်းမှု - ၄.၇၇ %
ယခင် ၂၀၁၁ ခုနှစ်ကဆိုရင် ပြည်ပကနေ ဓာတ်အားလိုအပ်ချက်ရဲ့ ၆၄ ရာခိုင်နှုန်း ဝယ်ယူသုံးစွဲခဲ့ရာကနေ ၅ နှစ်အတွင်း သိသိသာသာ လျော့ကျသွားတာဖြစ်ပါတယ်။ ကမ္ဘောဒီးယား တိုးတက်ထုတ်လုပ်လာတာကတော့ ကျောက်မီးသွေးနဲ့ ရေအားအရင်းအမြစ်တွေကပဲ ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
မော်သာထွေး(မန္တလေး)