မွေးမြူထုတ်လုပ်မြှင့်တင် AI နည်းပညာတစ်ခွင်အကြောင်း တစေ့တစောင်း

မွေးမြူထုတ်လုပ်မြှင့်တင် AI နည်းပညာတစ်ခွင်အကြောင်း တစေ့တစောင်း

    မွေးမြူထုတ်လုပ်ရေးနှင့် မျိုးမြှင့်တင်ရေး နယ်ပယ်တွင် AI  ခေါ် Artificial Inse-mination (မေထုန်မဲ့သားစပ်ခြင်း)နည်းပညာကို လူသိများကြပြီး မွေးမြူထုတ်လုပ်ရေး ကဏ္ဍတွင်  မရှိမဖြစ် အရေးပါသည့် နည်းပညာတစ်ရပ်ဖြစ်သည်။   ၁၉၅၀ ပြည့်နှစ်နှောင်းပိုင်းတွင် စတင်ပေါ်ပေါက်ခဲ့သည့် AI ခေါ် Artificial Intelligence (ဉာဏ်ရည်တု)နည်းပညာသည် ဖန်တီး ပြုလုပ်ထားသည့် မှတ်ဉာဏ်အတု နည်းပညာတစ်ခုဖြစ်ပြီး အလိုအလျောက်  သင်ယူလေ့လာနိုင်စေရန် ရေးဆွဲထားသော ကွန်ပျူတာပရိုဂရမ်တစ်ခုပင်ဖြစ်သည်။   ယနေ့ (၂၁)ရာစုခေတ်တွင် AI ဉာဏ်ရည်တုနည်းပညာကို နယ်ပယ်မြောက်မြားစွာတွင် အသုံးပြုလာကြပြီ ဖြစ်သည်။   ထို့အတူ ယနေ့ခေတ်စားနေသည့် AI ဉာဏ်ရည်တု နည်းပညာသည် ကမ္ဘာတစ်လွှားရှိ ခေတ်မီမွေးမြူ ထုတ်လုပ်ရေးနှင့် ဆေးကုသရေး ကဏ္ဍတွင်လည်း မရှိမဖြစ်အရေးပါသည့် နည်းပညာတစ်ရပ်ဖြစ်လာပြီး  Smart livestock farm (နည်းပညာဖြင့်ပြီးပြည့်စုံသော မွေးမြူထုတ်လုပ်ရေး လုပ်ငန်း)များလည်း ထူထောင်လာကြသည်ကို တွေ့ရသည်။

နယ်ပယ်အသီးသီးတွင်  အသုံးများလာသော AI နည်းပညာ

    AI  ဉာဏ်ရည်တု နည်းပညာကို ဖွံ့ဖြိုးပြီး နိုင်ငံများတွင် မောင်းသူမဲ့ကားများ၊ ဒရုန်း ယာဉ်များတွင်ထည့်သွင်း အသုံးပြုရုံသာမက မော်တော်ကား ထုတ်လုပ်ရေး စက်ရုံများတွင် အလိုအလျောက် ကားအစိတ်အပိုင်း တပ်ဆင်သူစက်ရုပ်များ အဖြစ်လည်း အသုံးပြုကြသည်။ စားသောက်ဆိုင်များတွင် စားပွဲထိုး၊ ဧည့်ကြိုများအဖြစ် လည်းကောင်း၊ သက်ကြီးရွယ်အိုပြုစု စောင့်ရှောက်သူအဖြစ် လည်းကောင်း၊   ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် လည်းကောင်း၊ Website များ၏ Search Engine တွင် လည်းကောင်း၊ ကွန်ပျူတာနှင့် စမတ်ဖုန်းများတွင် လည်းကောင်း AI  ဉာဏ်ရည်တုနည်းပညာကို  အသုံးပြုလာကြပြီဖြစ်သည်။    ထို့ပြင် စိုက်ပျိုးရေး ကဏ္ဍတွင်လည်း ရိတ်သိမ်းချိန် ရောက်၊ မရောက်စိစစ်ခြင်း၊ အပင်ကျန်းမာရေးနှင့် ရေလိုအပ်မှုအခြေအနေ စစ်ဆေးခြင်း၊ ပေါင်းပင်နှင့် အင်းဆက်ပိုးမွှားများ ထိန်းချုပ်ခြင်းနှင့်  မြေဆီလွှာရှိ မြေသြဇာဓာတ်များ ခန့်မှန်းတိုင်းတာခြင်း စသည့် လုပ်ငန်းစဉ်များတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်ကြောင်း  သိရသည်။

ထို့အတူ AI  ဉာဏ်ရည်တုနည်းပညာကို မွေးမြူထုတ်လုပ်ရေး  ကဏ္ဍတွင်လည်း    မွေးမြူရေး တိရစ္ဆာန်အလိုက် အသုံးပြုနေကြပြီဖြစ်သည်။

တိရစ္ဆာန်မွေးမြူရေးတွင် အသုံးဝင်သည့် AI ဉာဏ်ရည်တုနည်းပညာ AI ဉာဏ်ရည်တု နည်းပညာကို အသုံးပြုခြင်းဖြင့် မွေးမြူထုတ်လုပ်ရေး လုပ်ငန်း လုပ်ကိုင်သူများသည် မိမိတို့၏ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို   အချိန်ပြည့် စောင့်ကြည့်နိုင်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ၎င်းနည်းပညာ အကူအညီဖြင့် တိရစ္ဆာန် မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်လာပြီး အသား၊ နို့၊ ဥများနှင့် အခြားထုတ်ကုန်များ အထွက်နှုန်း  ပိုမိုကောင်းမွန်လာသည်။

AI ဉာဏ်ရည်တုနည်းပညာ အကူအညီဖြင့် မွေးမြူရေး တိရစ္ဆာန်များကို နေ့စဉ်ပြုစု စောင့်ရှောက်မှု၊ စီမံခန့်ခွဲမှုများအတွက် ပိုမိုလွယ်ကူလာပြီး   မွေးမြူထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ပြီး ဆုံးဖြတ်ချက်များကို လိုအပ်သလို အချိန်မီချမှတ်နိုင်သည်။

မွေးမြူသူများသည် ၎င်းတို့၏ တိရစ္ဆာန်များ ဖျားနာနေသည့် အခြေအနေ၊ ကာကွယ် ဆေးထိုးသင့်သည့် အချိန်နှင့် သားစပ်ရန် အဆင်သင့်ဖြစ်နေချိန်ကဲ့သို့ အရေးကြီးသော သတိပေးချက်များရရှိရန်   AI ဉာဏ်ရည်တု နည်းပညာက အကူအညီပေးနိုင်သည်။ AI  ဉာဏ်ရည်တုနည်းပညာဖြင့်  မွေးမြူရေးတိရစ္ဆာန်၏  ခန္ဓာကိုယ် အရွယ်အစားကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တစ်ကောင်ချင်းစီ၏ မျက်နှာအသွင်အပြင်ကို မှတ်သားထားနိုင်သည်။ တိရစ္ဆာန် များကို ရေသောက်နှုန်း၊ အစာစားသုံးနှုန်းနှင့်  ကိုယ်အလေးချိန် တိုးတက်နှုန်းတို့ကို အချိန်ပြည့်   စောင့်ကြည့်နိုင်ရုံသာမက ၎င်းတို့၏ ကိုယ်ခန္ဓာအပူချိန်၊ စရိုက်သွင်ပြင် လက္ခဏာနှင့်   အပြုအမူတို့ကိုလည်း မှတ်တမ်းတင်နိုင်ကာ  ပုံမှန်ဟုတ်၊  မဟုတ် သုံးသပ်နိုင်သည်။  ထို့ပြင်  စက်အမြင်အာရုံခံစနစ်ကို အသုံးပြုပြီး မျက်နှာအသွင်အပြင်တွေကို မှတ်သားကာ   ကိုယ်ခန္ဓာ၊ မျက်နှာအသွင်အပြင်နှင့် သွားလာလှုပ်ရှားဟန်များကို တစ်ကောင်ချင်းစီ စောင့်ကြည့်  မှတ်တမ်းယူနိုင်သည်။ တိရစ္ဆာန်များဘဝ သာယာရေး(Animal welfare) စံချိန်စံညွှန်းနှင့် ညီညွတ်မှုရှိ၊ မရှိကိုလည်း နည်းပညာအကူအညီဖြင့် ဆန်းစစ်နိုင်သည်။

ယခုအခါ သုတေသီများသည် တိရစ္ဆာန်များ၏ မျက်နှာအသွင်အပြင် ခွဲခြားမှတ်သားခြင်း၊ အပြုအမူများနှင့် ရောဂါလက္ခဏာဆိုင်ရာများ ခွဲခြားမှတ်သားခြင်းနှင့် တိရစ္ဆာန်များ၏ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များကို မှတ်သားခြင်းတို့နှင့် ပတ်သက်သည့် AI models of machine learning, deep  learning, artificial neuro networks စသည့် နည်းပညာဆိုင်ရာ သုတေသနများကို တွန်းအားပေး ဆောင်ရွက်လာကြကြောင်း တွေ့ရသည်။ ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများရှိ လယ်သမားများသည် AI  ဉာဏ်ရည်တုနည်းပညာ၏ အသုံးဝင်မှု များစွာကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍတွင် ဝယ်လိုမှုလျင်မြန်စွာ တိုးတက်လာကြောင်း သိရသည်။   သုတေသီများ၏ ကောက်ယူခဲ့သည့် သုတေသနစစ်တမ်း များအရ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ တစ်ခုတည်းအတွက်ပင်   ကမ္ဘာ့ AI ဉာဏ်ရည်တုနည်းပညာ  ဈေးကွက်သည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၈၅၂ ဒသမ ၂ သန်းခန့်ရှိနေရာမှ ဒေါ်လာသန်းပေါင်း ၈၃၇၉ ဒသမ ၅ အထိ တိုးတက်လာပြီး ၂၀၂၀-၂၀၃၀ ကာလအတွင်း ၂၄ ဒသမ ၈  ရာခိုင်နှုန်းအထိ တိုးတက်လာမည်ဟု မျှော်မှန်းထားကြသည်။

နို့စားနွားမွေးမြူရေးခြံနှင့် AI ဉာဏ်ရည်တု နည်းပညာ

    နို့စားနွားမွေးမြူရေးတွင် တစ်ကောင်ချင်းစီ၏ နို့ထွက်နှုန်းကို ဂရုစိုက်ရန်လိုသလို ထုတ်လုပ်မှုကို ရေရှည်ထိန်းသိမ်းရန်လည်း အလွန်အရေးကြီးသည်။  ထုတ်လုပ်မှုကို လွှမ်းမိုးသည့် အချက်များစွာ ရှိသည့်အနက် အစာကျွေးမွေးမှုစနစ်သည် နို့စားနွားမွေးမြူ ထုတ်လုပ်ရေးအတွက်    အရေးကြီးဆုံး အချက်တစ်ချက်ပင်ဖြစ်သည်။ နွားတစ်ကောင်ချင်းအတွက် လိုအပ်သည့် အစာပမာဏကို AI ဉာဏ်ရည်တုနည်းပညာ အကူအညီဖြင့် တိကျမှန်ကန်စွာ တွက်ချက်စောင့်ကြည့်ကာ လိုအပ်သလောက်သာ  ကျွေးမွေးရသောကြောင့် ကုန်ကျစရိတ်ကိုပါ အလေအလွင့် မရှိအောင် စီမံနိုင်ပြီး  အကျိုးအမြတ်ကို ပိုမို၍ရရှိနိုင်စေနိုင်သည်။  အာရုံခံစနစ် အသုံးပြုခြင်းဖြင့် နွားတစ်ကောင်ချင်းစီ၏ မျက်နှာအသွင်အပြင်ကို မှတ်သားနိုင်ခြင်းကြောင့် ၎င်း၏လှုပ်ရှားမှု၊ လမ်းလျှောက်ချိန်၊ မစင်စွန့်ထုတ်မှု၊ အစာစားချိန်နှင့် ရေသောက်ချိန်များကို  တိကျစွာ မှတ်တမ်းတင်နိုင်သည်။ ထိုသို့မှတ်တမ်းတင်ခြင်းဖြင့် ရောဂါဖြစ်ပွားနေသည့် နွားကိုလည်း အချိန်မီသိရှိ ဖော်ထုတ်နိုင်ပြီး လိုအပ်သည့် ကုသမှုများကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်နိုင်သည်။

နွားနို့ညှစ်ရမည့်နွားနှင့် ညှစ်ရမည့်ပမာဏကိုလည်း ဖော်ထုတ်ပေးနိုင်သည်။ ပညာရှင်များ၏ အဆိုအရ  စားသုံးသူများအတွက် နွားနို့တွင်ပါဝင်သော အာဟာရဓာတ်များနှင့် နွားနို့အရည်အသွေးကိုသာမက အစားအစာ ဘေးကင်းမှုဆိုင်ရာ အချက်အလက်များကိုလည်း ဖော်ပြပေးနိုင်သည်ဟု သိရသည်။   စားကျက်စိုက်ခင်း အတွင်း၌ နွားများ၏ အစာစားမှုနှင့် လှုပ်ရှားသွားလာမှုများကို စောင့်ကြည့်ခြင်းအားဖြင့် စားကျက် စိုက်ခင်းအခြေအနေနှင့် မြက်အထွက်နှုန်းတို့ကို သုံးသပ်နိုင်ပြီး စားကျက်စိုက်ခင်းစီမံခန့်ခွဲမှုများကိုလည်း များစွာအထောက်အကူပြုနိုင်သည်။

အသားထုတ်လုပ်ရေး  မွေးမြူရေးခြံများနှင့် AI ဉာဏ်ရည်တုနည်းပညာ

    အသားသည် ကမ္ဘာတစ်ဝန်းရှိ လူသားများအတွက် အဓိကပရိုတင်း အရင်းအမြစ် တစ်ခုပင်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူအများစုသည် ကြက်သားကို ကြိုက်နှစ်သက်ကြသည်။ ထို့ပြင် ကျွဲ၊ နွား၊ သိုး၊ ဝက်၊ ဆိတ် စသည့်မွေးမြူရေး တိရစ္ဆာန်တို့၏ အသားများကို လူကြိုက်များပြီး စားသုံးမှုနှုန်းလည်း များပြားသည်။ ၎င်းတို့အနက် လူကြိုက်များသည့် အသားတစ်မျိုးဖြစ်သည့် ဝက်သားနှင့် ဝက်မွေးမြူ ထုတ်လုပ်ရေးသည် အရေးပါသည့်  မွေးမြူရေးလုပ်ငန်းဖြစ်သည်။ ဝက်မွေးမြူ ထုတ်လုပ်ရေးတွင်လည်း AI ဉာဏ်ရည်တုနည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်သည်။ ဝက်၏ခန္ဓာကိုယ်တွင် ဆေးမင်ကြောင်ထိုး၍ မှတ်သားထားခြင်းဖြင့် ပုံမှန်မဟုတ်သည့် ဝက်များ၏ လှုပ်ရှားမှုများကို AI ဉာဏ်ရည်တုနည်းပညာဖြင့် ဖော်ထုတ်နိုင်ပြီး လိုအပ်သည့် စီမံခန့်ခွဲမှုများကို အချိန်မီပြုလုပ်နိုင်သည်။ ထို့အတူ သိုးမွေးမြူရေးတွင်လည်း သိုးတစ်ကောင်ချင်းစီ၏ မျက်နှာကို  AI ဉာဏ်ရည်တု နည်းပညာဖြင့် မှတ်သားထားစေပြီး သိုးများ၏ ပုံမှန်လှုပ်ရှားမှုများနှင့် ရောဂါဖြစ်ပွားနေသည့် သိုးများ၏ အပြုအမူများကို  ခွဲခြား ဖော်ထုတ်နိုင်သည်။ ရောဂါဖြစ်ပွားနေသည့် သိုးကို အချိန်မီဖော်ထုတ်နိုင်သဖြင့် တိရစ္ဆာန်ဆေးကု ဆရာဝန်များက   လိုအပ်သည့် စစ်ဆေးကုသမှုများကို  ပြုလုပ်နိုင်သည်။

ထို့ပြင်  အသားပြုပြင် ထုတ်လုပ်ရာတွင်လည်း အာရုံခံစနစ်သုံး  စက်ရုပ်များ အသုံးပြုကာ  အရိုးနှင့်အသား  ခွဲခြားဖြတ်တောက်ခြင်း၊ အသားအရည်အသွေးနှင့် အလေးချိန်ကို တိကျမှန်ကန်စွာ ခွဲခြားထုပ်ပိုးခြင်း စသည့်လုပ်ငန်းစဉ်များတွင် အကျိုးရှိရှိ အသုံးပြုနိုင်သည်။

ကြက်မွေးမြူရေးခြံနှင့် AI  ဉာဏ်ရည်တု နည်းပညာ

    မွေးမြူရေး တိရစ္ဆာန်များတွင် ကျွေးမွေးသည့်အစာ၌ အာဟာရဓာတ်ချို့တဲ့ပါက ကြီးထွားနှုန်းကျဆင်းပြီး စီးပွားရေးကို ထိခိုက်နိုင်သည်။ ကြက်မွေးမြူရေးခြံများတွင် AI ဉာဏ်ရည်တုနည်းပညာသုံး စက်များ တပ်ဆင်အသုံးပြုခြင်းဖြင့် ကြက်တစ်ကောင်ချင်းစီ၏ ကြီးထွားမှုအခြေအနေကို သိရှိနိုင်ပြီး    ကြီးထွားနှုန်း လျော့နည်းနေသည့် ကြက်ကို ခွဲခြားသိမြင်စေနိုင်သည်။ ကျန်းမာသည့်ကြက်များနှင့် ရောဂါကူးစက် ခံထားရသော ကြက်များကို ခွဲခြားနားလည်အောင် စက်များအား လေ့ကျင့်ပေးနိုင်သည်။ AI  ဉာဏ်ရည်တု နည်းပညာသုံး စက်ရုပ်များသည် ကြက်မွေးမြူသူများကို  နည်းလမ်းအမျိုးမျိုးဖြင့် များစွာအကူအညီပေးနိုင်သည်။ ၎င်းစက်ရုပ်များသည် ကြက်များကို အစာကျွေးခြင်း၊  ကြက်ဥကောက်ခြင်းနှင့် ကြက်မစင်နှင့် အညစ်အကြေးများ ဖယ်ရှားခြင်းကဲ့သို့သော လုပ်ငန်းစဉ်များကို ကြိမ်ဖန်များစွာ   ထပ်တလဲလဲ ဆောင်ရွက်နိုင်ကြသည်။ ကြက်ဥများကို စုဆောင်းပေးရုံမက ရေတွက်ခြင်းနှင့် ထုပ်ပိုးခြင်းကဲ့သို့သော လုပ်ငန်းစဉ်များကိုလည်း အလိုအလျောက် ပြုလုပ်ပေးနိုင်ကာ   လူတို့၏ အနီးကပ် ကြီးကြပ်မှုများကို လျှော့ချပေးနိုင်သည်။

ထို့ပြင်   နည်းပညာ အကူအညီဖြင့် ကြက်ဥများ   သန္ဓေအောင်၊ မအောင်ကို သိရှိနိုင်ရုံမက    သန္ဓေသားကြီးထွားမှု အဆင့်ဆင့်ကိုပါ သိရှိနိုင်သဖြင့်   သားမအောင်သည့်ကြက်ဥများကို ဆောလျင်စွာ ဖယ်ရှားနိုင်သည်။  ကြက်ဥဖောက်စက်၏  အပူချိန်နှင့်  စိုထိုင်းဆတို့ကို   အလိုအလျောက် ထိန်းညှိပေးနိုင်ခြင်းကြောင့်   ကြက်သားဖောက် လုပ်ငန်းတွင် ဥပေါက်နှုန်းကောင်းအောင်  အထောက်အကူပြုနိုင်သည်။             

AI ဉာဏ်ရည်တု နည်းပညာသုံး  စက်ရုပ်များသည် ကြက်မွေးမြူရေး လုပ်ငန်းအတွက် လုပ်ငန်းတာဝန်အမျိုးမျိုး ထမ်းဆောင်နိုင်ပြီး  ကြက်မွေးမြူ ထုတ်လုပ်သူများအတွက် ကုန်ကျစရိတ်များ သက်သာစေပြီး  အကျိုးအမြတ်ကိုများစေသည်။

အင်းဆက်မွေးမြူရေးနှင့် AI ဉာဏ်ရည်တုနည်းပညာ

    ပျားမွေးမြူရေး လုပ်ငန်းသည် လူသားများအတွက်    စားသုံးရန်နှင့်   ကျန်းမာရေး အထောက်အကူပြုသည့် ပျားရည်၊ ရွိုင်ရယ်ဂျယ်လီ၊ ပျားဝတ်မှုန်နှင့်  ပျားဖယောင်းတို့ကို ထုတ်လုပ်ပေးလျက်ရှိသော အရေးကြီးသည့် မွေးမြူရေး လုပ်ငန်းတစ်ခုဖြစ်သည်။   ထို့ပြင် ယနေ့တိုးပွားလာသည့်   လူဦးရေအတွက် ပရိုတင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လူတို့စားသုံးနိုင်သည့် အင်းဆက်ပိုးများ မွေးမြူခြင်းသည်လည်း အရေးပါသည့်လုပ်ငန်း တစ်ခုဖြစ်လာသည်။   AI  ဉာဏ်ရည်တု နည်းပညာအသုံးပြုခြင်းဖြင့် ပျားမွေးမြူရေးကိုလည်း   များစွာအထောက်အကူပြုပြီး ထုတ်လုပ်မှုကို တိုးတက်စေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ အာရုံခံကိရိယာများ၏ အကူအညီဖြင့် ပျားအုံအလေးချိန်၊  အပူချိန်နှင့် စိုထိုင်းဆတို့ကို  စောင့်ကြည့်နိုင်သည်။ ပျားများ၏ လှုပ်ရှားမှုများနှင့် ပျားအုံကျန်းမာရေး အခြေအနေများကိုပါ ထောက်လှမ်းကြည့်ရှုနိုင်သည်။  အသံလှိုင်းအတုဖြင့် ပျားများစုဝေး အုံဖွဲ့လာအောင် ဆွဲဆောင်နိုင်ပြီး ပျားမွေးမြူရေး သမားများ ပျားအုံရွှေ့ပြောင်းရာတွင် များစွာအသုံးဝင်သည်။ ပုရစ်ကဲ့သို့သော အင်းဆက်ပိုးများ မွေးမြူရာတွင် အပူချိန် (၉၀ ဒီဂရီဖာရင်ဟိုက်)နှင့် စိုထိုင်းဆ (၅၀-၉၀ ရာခိုင်နှုန်း) လိုအပ်သည်။ အသံဖြင့် အမိန့်ပေးစနစ် ပါဝင်သည့် AI ဉာဏ်ရည်တုနည်းပညာ တပ်ဆင်ထားခြင်းဖြင့် အင်းဆက်တို့အတွက် အသင့်တော်ဆုံး ပတ်ဝန်းကျင်အခြေအနေကို အလိုအလျောက် ပြောင်းလဲပေးနိုင်သည်။

ငါးမွေးမြူရေးနှင့် AI  ဉာဏ်ရည်တုနည်းပညာ

    ကမ္ဘာ့လူဦးရေ တိုးပွားလာသည်နှင့်အမျှ ငါးစားသုံးမှုမြင့်မားလာကာ ငါးထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ်ရန်  လိုအပ်လာသည်။ ထိုသို့ လိုအပ်ချက်မြင့်မားလာသည့် အတွက် ခေတ်မီ နည်းပညာသုံး ငါးမွေးမြူရေးစနစ်ဖြင့် ငါးမွေးမြူ ထုတ်လုပ်ရန် လိုအပ်လာသည်။   AI  ဉာဏ်ရည်တုနည်းပညာ အထောက်အကူဖြင့် Smart aquaculture အဖြစ်ဖန်တီးနိုင်ပြီး ငါးမွေးမြူရေးကန်၏ ရေအရည်အသွေး(စံ၊ အပူချိန်၊ အောက်ဆီဂျင် ပျော်ဝင်မှုစသည်)ကို သိရှိနိုင်ခြင်း၊  ရောဂါကျရောက်မှု အခြေအနေကို သိရှိနိုင်ခြင်း၊   အစာအလေအလွင့်ကို သိရှိနိုင်ပြီး အစာလိုအပ်ချက် အတိအကျကျွေးမွေးကာ အကျိုးအမြတ်များအောင်  စီမံနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို  ရရှိနိုင်သည်။ ငါးမွေးမြူ ထုတ်လုပ်ရေးတွင် ကုန်ကျစရိတ်၏  ၆၀ ရာခိုင်နှုန်းသည် အစာအတွက် ကုန်ကျခြင်းဖြစ်သည်။ ထို့ကြောင့် လိုအပ်သော အစာပမာဏကို လိုအပ်သည့်အချိန်တွင် မှန်ကန်စွာကျွေးမွေးနိုင်မှသာ   အကျိုးအမြတ်များများ ရရှိမည်။

အာရုံခံနည်းပညာ အကူအညီဖြင့် ငါးများ၏ အစာလိုအပ်ချက်များကို  သိနိုင်သည်။ ထို့ပြင် ငါးမွေးမြူရေးကန်တွင်  ရေကိုအလိုအလျောက် လည်ပတ်မှုစနစ် တပ်ဆင်ထားပြီး  အာရုံခံကိရိယာများ၏ အကူအညီဖြင့် လိုအပ်သည့် အချိန်တွင် ရေကိုလည်ပတ်စေနိုင်သည်။ အချို့နိုင်ငံများတွင် အသုံးပြုလျက်ရှိသည့် Aquapod  ခေါ် ရွေ့လျားငါးလှောင်မွေးစနစ်တွင်  AI ဉာဏ်ရည်တု နည်းပညာကို အသုံးပြုခြင်းဖြင့် ပင်လယ်ပြင်တွင်ထားရှိသော    လှောင်အိမ်ပျက်စီးမှုရှိ၊ မရှိသိရှိနိုင်ခြင်း၊ ပျက်စီးပါကလည်း   ရေအောက်စက်ရုပ်များဖြင့် အချိန်မီ ပြင်ဆင်နိုင်ခြင်း၊ သဘာဝ အခြေအနေအပေါ် မူတည်ပြီး  လိုအပ်သလိုရွှေ့ပြောင်းနိုင်ခြင်း၊ ရေအပေါ်ပိုင်း/ရေနက်ပိုင်း   လိုအပ်သလို   ရွှေ့ပြောင်းနိုင်ခြင်း၊ ရေအရည်အသွေးများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး လိုအပ်သလို ပြောင်းရွှေ့မှုပြုလုပ်နိုင်ခြင်း စသည့်စီမံခန့်ခွဲမှုများကို ပြုလုပ်နိုင်သည်။

ထုတ်လုပ်မှုကဏ္ဍများနှင့်    ဉာဏ်ရည်တုနည်းပညာ

    ယနေ့ကမ္ဘာကြီးသည် နည်းပညာ ဖွံ့ဖြိုးလာသည်နှင့်အမျှ စိုက်ပျိုးရေး၊ မွေးမြူရေး အပါအဝင်  ကဏ္ဍအသီးသီး၏ ထုတ်လုပ်မှု လုပ်ငန်းများတွင်    လူသားများအတွက် သက်သောင့်သက်သာဖြစ်လာပြီး ထုတ်လုပ်မှုနှုန်းလည်း ပိုမိုကောင်းမွန်လာသည်။  AI ဉာဏ်ရည်တုနည်းပညာ   အကူအညီဖြင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်များကိုလည်း စမတ်ဖုန်းတစ်လုံးရှိရုံဖြင့်  အသေးစိတ် အခြေအနေများကို သိရှိနိုင်ပြီး လိုအပ်သည်များကို အချိန်မီစီမံခန့်ခွဲမှုများကို ဆောင်ရွက်နိုင်သည်။ သို့သော် မည်သည့်နည်းပညာမဆို  အဆိုးအကောင်း  ဒွန်တွဲလျက်ရှိနေသည်။ စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှု လုပ်ငန်းများတွင် AI  ဉာဏ်ရည်တုနည်းပညာသုံး စက်ကိရိယာများ  တပ်ဆင်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် အရင်းအနှီးမြင့်မားခြင်း၊  လုပ်သားအသုံးပြုမှု နည်းသွားသဖြင့် အနာဂတ်တွင် လူသားများအတွက် အလုပ်အကိုင် ရှားပါးလာနိုင်ခြင်း စသည့်ဆိုးကျိုးများ ရှိနိုင်ကြောင်း ပညာရှင်များက ထောက်ပြဝေဖန်မှုများလည်းရှိနေကြောင်း စုစည်းတင်ပြလိုက်ရပါသည်။   ။

(Bao and Xie, Artificial intelli-gence in animal farming: A systematic literature review, Journal of Cleaner Production (2022), 331: 129956 ကို မှီငြမ်း၍ ရေးသားပါသည်။)

မောင်စော(မွေးမြူဆေးကု)