တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်''ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေ

တပ်မတော်သည် နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်တည်တံ့ ခိုင်မြဲရေးအတွက် အာမခံချက်ဖြစ်သည်''ဟူသော ခေါင်းစဉ်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Politic မဂ္ဂဇင်းတို့၏ မေးမြန်းဖြေကြားမှုများကို Politic မဂ္ဂဇင်း၌ ထည့်သွင်းဖော်ပြ

ယမန်နေ့မှအဆက်          

.မေး။ ။         အမျိုးသား ကာကွယ်ရေးနဲ့   လုံခြုံရေး ကောင်စီကို နိုင်ငံတော်စီမံ ခန့်ခွဲရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ထည့်သွင်း ရေးဆွဲထားပါတယ်။ အဆိုပါ ကောင်စီရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ အချို့သော ကိစ္စရပ်တွေဟာ ကျွန်ုပ်တို့အမြင်အရ အဆိုပါ ကောင်စီမှာ ဆွေးနွေးရမယ့် ကိစ္စရပ်တွေဖြစ်နေပေမယ့် ကောင်စီမှာ ဆွေးနွေးတာနဲ့ ပတ်သက်ပြီး ဘာတစ်ခုမှ မကြားမိသေးဘူး။ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးတွေ လိုအပ်တယ်လို့  အဆွေတော် ထင်ပါသလား။ အဆိုပါ အစည်းအဝေးက အခြေအနေတွေ တည်ငြိမ်အောင်ဆောင်ရွက်ရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတွေ အထောက်အကူဖြစ်စေနိုင်တယ်လို့ ထင်ပါသလား။

ဖြေ။  ။ ထင်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေ အားလုံးလောက်နီးပါးမှာ ဒီ ''ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ''ကို ဒီနာမည်နဲ့ပဲဖြစ်ဖြစ်၊ အခြားနာမည်နဲ့ပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့  ဖွဲ့စည်းလုပ်ကိုင် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေဟာ နိုင်ငံတစ်ခုရဲ့ အသက်ဝိညာဉ်တွေပဲ ဖြစ်ပါတယ်။

အသက်ဝိညာဉ် မရှိတဲ့လူကို   လူလို့ဆက်ပြီးခေါ်လို့ ရဦးမလား။ ဒီလောက်အထိ အရေးကြီးပါတယ်။ ကျွန်တော်မကြာခဏ ပြောခဲ့သလိုပါပဲ။ ဒီကိစ္စတွေမှာ Sorryဆိုတာမရှိပါဘူး။   Sorry ဆိုရင် နိုင်ငံရဲ့အချုပ်အခြာအာဏာ  ဆုံးရှုံးပြီး ဖြစ်နေပါလိမ့်မယ်။

ဒါတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ၊ ညှိနှိုင်းမှုတွေ၊ သုံးသပ်မှုတွေမလုပ်ဘဲ၊   တစ်ဦးတည်းက ဆုံးဖြတ်နေတာ အန္တရာယ်သိပ်ကြီးပါတယ်။ ထိရောက်တဲ့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်တွေ ဖြစ်ဖို့အလွန် အလှမ်းဝေးလှပါတယ်။   ဒီအစည်းအဝေးတွေ ခေါ်ယူခြင်း၊ မခေါ်ယူခြင်းဟာ  ခေါ်ယူလုပ်ဆောင်ရန် တာဝန်ရှိသူတွေရဲ့ အပိုင်းသာဖြစ်ပြီး ကျွန်တော်တို့က မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေး ကိစ္စတွေကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်တာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

မေး။  ။ဇွန်လ ၂၄ ရက်နေ့ ရင်ပြင်နီမှာ ပြုလုပ်ကျင်းပခဲ့တဲ့ ဆိုဗီယက်ပြည်သူလူထု၏ (၇၅) နှစ်မြောက် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားကို အဆွေတော် တက်ရောက်ခဲ့ပါတယ်။ အဆွေတော်နဲ့ အဆွေတော်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားပြည်သူများနှင့်အတူ မျှဝေအောင်ပွဲခံခဲ့ကြတဲ့ သမိုင်းဝင်ပထမဆုံး မြန်မာဧည့်သည်တော်ကြီးများ ဖြစ်ကြတဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ အဆွေတော်ရဲ့   ထင်မြင်ယူဆချက်တွေကို မျှဝေပေးပါဦး။

ဖြေ။  ။အင်မတန်ဂုဏ်ယူစရာကောင်းတဲ့၊ ကြီးကျယ်လှတဲ့ အခမ်းအနားတစ်ခုပါပဲဗျာ။ COVID-19ကြောင့် ကန့်သတ်ချက်တွေ၊ စိတ်သွားတိုင်း ကိုယ်မပါတာတွေ ရှိပေမယ့် ရုရှားနိုင်ငံရဲ့ အမျိုးသားရေး စိတ်ဓာတ်နဲ့ စည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်တဲ့ အခမ်းအနားကြီးပဲဖြစ်ပါတယ်။ ဒီအောင်ပွဲဟာ ရုရှားပြည်သူတစ်ရပ်လုံးရဲ့ အောင်ပွဲပါ။ ဒီနေရာမှာ ရုရှားပြည်သူတွေအောင်ပွဲခံခဲ့တာဟာ နိုင်ငံအပေါ်  အောင်ပွဲခံခဲ့တာ မဟုတ်ပါဘူး။

ဆိုးရွားလှတဲ့   ဖက်ဆစ်စနစ်၊  နာဇီစနစ်အပေါ် အောင်ပွဲခံခဲ့တာပါ။  ဒီစနစ်တွေကို တွန်းလှန်ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒါဟာ   အဓိကအချက်ပါပဲ။ ယခင်အတိတ်က ဒီစနစ်၊  ဒီဝါဒတွေဟာ  ကမ္ဘာမှာ ကမ္ဘာစစ် (World War)) ဖြစ်တဲ့အဆင့်အထိ ဆိုးရွားလှတဲ့ စနစ်တွေဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကမ္ဘာကို ညစ်နွမ်းစေတဲ့စနစ်တွေ၊ ဝါဒတွေကဘာလဲ။ အကြမ်းဖက်စနစ်ပါပဲ။ ဒါကို ကျွန်တော်တို့ သတိရှိရပါမယ်။ ဒီအချိန်မှာ ရုရှားဟာ  ဒီဆိုးရွားလှတဲ့ စနစ်အပေါ် အောင်ပွဲခံနိုင်ခဲ့ပါပြီ။ ဒါ့ကြောင့် ဒီ  Victory  Day စစ်ရေးပြပွဲဟာ   ရုရှားရဲ့ နိုင်ငံတော် ကာကွယ်ရေး စွမ်းပကားကို ပြသနိုင်ခဲ့ပါတယ်။ ဒီလိုပါပဲ။ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ တပ်မတော်နေ့၊ လွတ်လပ်ရေးနေ့၊ အမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားတွေ ပြုလုပ်နေကြပါတယ်။ ရည်ရွယ်ချက်ကတော့ မိမိနိုင်ငံရဲ့ ကာကွယ်ရေး စွမ်းပကားကိုပြသဖို့၊ တိုင်းချစ်၊ ပြည်ချစ်၊ နိုင်ငံချစ် စိတ်ဓာတ်ကိုပြသဖို့၊ တပ်မတော်နဲ့ပြည်သူ တစ်သားတည်းရှိပြီး နိုင်ငံတွင်း စည်းလုံးညီညွတ်မှုကို ပြသဖို့ စတာတွေပဲဖြစ်ပါတယ်။

မေး။ ။          စစ်ရေးပြ အခမ်းအနား တက်ရောက်ရန် ရုရှားနိုင်ငံသို့ လာရောက်စဉ်အတွင်း မော်စကိုမြို့အနီး၊  မျိုးချစ်ပန်းခြံမှာရှိတဲ့ ရုရှားတပ်မတော်၏ ပင်မဘုရားကျောင်းဆောင်ကြီးကို အဆွေတော် လည်ပတ်ခဲ့ပါတယ်။ ဘုရားကျောင်းဝင်းကြီး အတွင်းမှာ မဟာမျိုးချစ် စစ်ပွဲကြီးအတွင်း ကျဆုံးသွားခဲ့ကြသူတွေရဲ့ အမှတ်တရဓာတ်ပုံပြခန်းကို    အကျွမ်းတဝင် လေ့လာခွင့်ရရှိခဲ့ပါတယ်။

ဘုရားကျောင်းကြီးနဲ့   အမှတ်တရ ဓာတ်ပုံပြခန်းကို ကြည့်ရှုလေ့လာနေတဲ့ အချိန်မှာ မည်သည့် ခံစားမှုမျိုးကို အဆွေတော် ရရှိခံစားရပါသလဲ။

ဖြေ။  ။(က)စစ်ပွဲဆိုတာ ပန်းနဲ့ပေါက်တာမဟုတ်ပါဘူး။ လက်နက်၊ ခဲယမ်းမီးကျောက်တွေနဲ့ တိုက်ခိုက်တာဖြစ်ပါတယ်။ စစ်သည်တွေ နိုင်ငံနဲ့လူမျိုးအတွက် အသက်ပေး လှူဒါန်းခဲ့ကြရတယ်။ အပြစ်မဲ့ပြည်သူတွေ သေကျေခဲ့ကြရတယ်။ တကယ်ကို စိတ်မကောင်းစရာပါ။   ဒါကို သင်ခန်းစာရယူကြရမှာပါ။ ဒီလိုကျူးကျော်စစ်တွေ၊  နယ်ချဲ့မှုတွေ၊  မတရားမှုတွေ ဖြစ်မလာအောင် တားဆီးကြရမှာဖြစ်တယ်။ ဒီမျိုးချစ်စစ်ပွဲကြီးအတွင်း ကျဆုံးသွားရသူတွေအတွက် တကယ် စိတ်မကောင်းပါဘူး။   နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သားအချင်းချင်း ရဲဘော်ရဲဘက်စိတ်အပြည့်နဲ့   ဝမ်းနည်းပါတယ်။ ဒါတွေဟာ  သင်ခန်းစာယူဖို့အတွက်ပဲ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

(ခ)ဒါ့အပြင် ဒီလိုမျိုးချစ်စစ်သည်တွေ၊ ရဲဘော်တွေအတွက် အထိမ်းအမှတ်နေရာတွေ ဆောင်ရွက်ပေးတာဟာ သူတို့ကိုလေးစားရာ၊ အသိအမှတ်ပြုရာ ရောက်သလို နိုင်ငံတော်နဲ့ တပ်မတော်အတွက် နိုင်ငံ့ကာကွယ်ရေး ခွန်အားနဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကို လှုံ့ဆော်ပေးရာ၊ Motivate လုပ်ပေးရာနေရာလည်းဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာလည်း ဒီလိုနိုင်ငံတော်၊ ပြည်သူနဲ့ တပ်မတော်အတွက် အသက်စွန့်လွှတ်ခဲ့ရသူတွေအတွက် ယခင်က အညတရစစ်သည်များ ဗိမာန်  ဆောင်ရွက်ခဲ့သလို ကျွန်တော်တပ်မတော် အကြီးအကဲ တာဝန်ထမ်းဆောင်နေချိန် ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်းမှာ သူရဲကောင်း စစ်သည်ဗိမာန်ကို   ခမ်းခမ်းနားနား  ဆောက်လုပ်ပေးခဲ့ပါတယ်။ ဒီလိုနိုင်ငံတော်နဲ့ ပြည်သူအတွက်   အသက်ကိုစွန့်လွှတ် အနစ်နာခံခဲ့သူတွေကို  ကျွန်တော်တို့ စစ်သည်တွေကမှ မချီးကျူးရင် ဘယ်သူက ချီးကျူးမှာလဲ။ သူတို့ရဲ့ကျေးဇူးတရားကို ကျွန်တော်တို့ကမှ မဖော်ထုတ်ရင် ဘယ်သူကဖော်ထုတ်မှာလဲ။ ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့  လုပ်ရပ်၊ ဝင့်ကြွားစရာ ကောင်းတဲ့ နေရာဖြစ်ပါတယ်လို့  ကျွန်တော်ပြောလိုပါတယ်။

.မေး။ ။ ရုရှား-မြန်မာစစ်ဘက်နဲ့ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဟာ နှစ်ပေါင်း ၂ဝ ကျော်ကြာဖွံ့ဖြိုး တိုးတက်လျက်ရှိနေပြီး  တက်တက်ကြွကြွနဲ့ ကောင်းမွန်တဲ့အဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်ကိုရောက်ရှိနေပြီး ရွေ့လျားတိုးတက်နေတဲ့အတွက် အဆွေတော်ကို ကျေးဇူးတင်ရှိပါတယ်။ ရုရှား-မြန်မာ  ယခုကဲ့သို့   ပူးပေါင်းဆောင်ရွက်မှုရဲ့ အလားအလာနဲ့  မျှော်လင့်ချက်တွေက  ဘာတွေပါလဲ။

ဖြေ။  ။ ရုရှားနိုင်ငံရဲ့ နည်းပညာတွေဟာ ကမ္ဘာမှာ ထိပ်တန်းအဆင့်ဖြစ်ပါတယ်။ နည်းပညာဟာ နိုင်ငံတစ်ခုကို ကောင်းသော ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာရဲ့ဖြတ်သန်းလာခဲ့ရတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ပါ။ ရုရှားရဲ့ နည်းပညာတွေကြောင့် ကမ္ဘာ့ရဲ့ဟန်ချက်ကို ထိန်းထားနိုင်တယ်လို့ပဲ ပြောလိုပါတယ်။ ဒါ့ကြောင့်လည်း ရုရှားရဲ့နည်းပညာတွေကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ လက်တွေ့အသုံးချ နေကြပါတယ်။ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ဖလှယ်မှုတွေဟာ တိုင်းပြည်တိုးတက်ရေး အတွက် ကြီးမားတဲ့ အထောက်အပံ့တွေ  ဖြစ်ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ တပ်မတော်အရာရှိများကို ရုရှားက အဆင့်မြင့် နည်းပညာတွေ သင်ယူစေခဲ့ပါတယ်။ လက်ရှိလည်း လုပ်ဆောင်နေဆဲပါ။ နိုင်ငံတော်နဲ့ တပ်မတော်အတွက် လက်တွေ့ အသုံးချလျက်ရှိပါတယ်။ ဒါတွေဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက်  များစွာအထောက်အကူဖြစ်မှာဖြစ်ပါတယ်။  

ဆက်လက်ဖော်ပြပါမည်။