ဆင်းရဲခြင်းလွတ်ကင်းအောင်
စာရေးသူအနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ ခရိုင်မှူး/မြို့နယ်ဦးစီးမှူး စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းတွေမှာ ခေါင်းဆောင်မှု ဘာသာရပ်ကို သင်ပေးလေ့ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်တွေအကြောင်း၊ ဆင်းရဲရတဲ့ အကြောင်းရင်း၊ အာဆီယံနိုင်ငံများရဲ့ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်း အခြေအနေများကိုလည်း မျှဝေသင်ကြားပေးခဲ့ပါတယ်။ ဆင်းရဲရတဲ့ အကြောင်းရင်းများ၊ ဆင်းရဲမှု လျှော့ချရေး ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းများအကြောင်းကို မျှဝေပေးဖို့ စဉ်းစားမိလို့ ခုဆောင်းပါးကို ရေးဖြစ်ပါတယ်။
ဆင်းရဲခြင်းအဓိက နှစ်မျိုးရှိပြီး ဝင်ငွေမရှိ၊ ငွေကြေးမရှိခြင်းနဲ့ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း တို့ဖြစ်တယ်။ ဆင်းရဲခြင်း(Poverty)ကို အိမ်တစ်အိမ်၊ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေ (Income)နဲ့ တိုင်းတာ ကြတယ်။ လွယ်ကူရိုးရှင်းအောင် ပြောရရင် လူတစ်ဦးဟာ တစ်နေ့ဝင်ငွေ ဘယ်လောက်ရှိလဲ၊ အသုံးစရိတ် လောက်လား၊ လိုအပ်လား၊ စုဆောင်းနိုင်သလား၊ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံနိုင်ရဲ့လား၊ ပညာရေး၊ ကျန်းမာရေးစတဲ့ လူမှုရေးတွေမှာ သုံးနိုင်သလား စတဲ့အချက်တွေကိုကြည့်ပြီး ဆင်းရဲ၊ ချမ်းသာခွဲခြား သတ်မှတ်တာဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုင်းတာတဲ့ စံသတ်မှတ်ချက်တွေတော့ ကွာခြားတယ်။
မြန်မာနိုင်ငံမှာ ဆင်းရဲမှုကို တိုင်းတာရာ၌ လူတစ်ဦး တစ်ရက်ဝင်ငွေကျပ် ၁၅၉၀ သို့မဟုတ် အမေရိကန်ဒေါ်လာ သုည ဒသမ ၈၆ အောက် ရရှိသူများကို ဆင်းရဲမှုစာရင်းအောက် ရောက်ရှိတယ်လို့ သတ်မှတ်ပါတယ်။ Myanmar Living Condition Survey ၂၀၁၇ စစ်တမ်းအရ ၂၀၀၅ ခုနှစ်မှာဆင်းရဲမှုနှုန်း ၄၈ ဒသမ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်အရောက်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့တာတွေ့ရတယ်။
ဘာ့ကြောင့်ဆင်းရဲရသလဲ
ဆင်းရဲရတဲ့ အကြောင်းတွေကို လေ့လာကြည့်ရင် နိုင်ငံတော်အဆင့်၊ လူ့အဖွဲ့အစည်းအဆင့်၊ အိမ်ထောင်စုအဆင့်စတဲ့ အဆင့်သုံးမျိုးကို အခြေခံပြီး ဆက်စပ်ကြည့်ရပါတယ်။ အဓိကအားဖြင့် အကြောင်းရင်း ခြောက်မျိုးကြောင့်ဖြစ်ပါတယ်-
(၁) နယ်မြေမတည်ငြိမ်မှု၊ မလုံခြုံမှု၊
(၂) အခွင့်အလမ်းများနည်းပါးမှု၊
(၃) အလုပ်အကိုင်/ ဝင်ငွေမရှိခြင်း၊
(၄) မညီမျှမှု၊
(၅) ထိခိုက်လွယ်မှု/ဖယ်ကြဉ်ခံရမှု၊
(၆) အခြေခံအဆောက်အဦတွေ မပြည့်စုံမှုစတာတွေကြောင့်ဖြစ်ပါတယ်။
နိုင်ငံတော်အဆင့် (National Level) အကြောင်းရင်းများကိုကြည့်ရင် အဓိက အကြောင်းအရာများကတော့-
(၁) ရာသီဥတုဆိုးရွားပြီး ရေကြီး၊ မိုးခေါင်၊ မုန်တိုင်း၊ငလျင်စသည့် သဘာဝဘေး အန္တရာယ်များ မကြာခဏ ပြင်းထန်စွာ ခံစားရခြင်း၊
(၂) သဘာဝသယံဇာတ အရင်းအမြစ်များရှိသော်လည်း စနစ်တကျ မစီမံနိုင်ခြင်း၊ နိုင်ငံတော်မှ တရားဝင်ဝင်ငွေမရဘဲ မှောင်ခိုများ၊ လက်နက်ကိုင် သောင်းကျန်းသူများမှ ထိန်းချုပ်သုံးစွဲခြင်း၊ လာဘ်ပေးလာဘ်ယူမှုများ၊ အကျင့်ပျက်ခြစားမှုများရှိခြင်း၊ ရသင့်ရထိုက်သည့် အခွန်အခများ အပြည့်အဝမရရှိခြင်း၊
(၃) လုပ်ကိုင်စားသောက်ရန် မြစ်ချောင်း၊ အင်းအိုင်၊လယ်ယာကိုင်းကျွန်း ရှားပါးခြင်း၊ (ကျွန်တော်တို့နိုင်ငံမှာတော့ ပေါပါတယ်)
(၄) တိုင်းရင်းသား တန်းတူညီမျှမှုမရှိခြင်း၊ရှိသော်လည်း မရှိဟု တမင်အသုံးချ အဖျက်လမ်းကြောင်းရွေးချယ်ခြင်း၊
(၅) စီးပွားရေးဈေးကွက် မတည်ငြိမ်ခြင်း၊
(၆) ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများရှိပြီး နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်းအဆင့် (Community Level)အကြောင်းရင်းများကိုကြည့်ရင် အဓိကအကြောင်းအရာများကတော့-
(၁) လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်၊မပြည့်စုံခြင်း၊
(၂) လူမှုရေးအခြေခံ အဆောက်အဦ မကောင်းမွန်၊ မပြည့်စုံခြင်း၊
(၃) အလုပ်အကိုင်၊ အခွင့်အလမ်းရှားပါးခြင်း၊
(၄) ဖွံ့ဖြိုးရေးဆောင်ရွက်ပေးမည့် လူ့အဖွဲ့အစည်းများနည်းပါးခြင်း စသည် တို့ ဖြစ်ပါတယ်။
အိမ်ထောင်စုအဆင့် (Household Levelူ) အကြောင်းရင်းများကိုကြည့်ရင် အဓိကအကြောင်းအရာများကတော့-
(၁) အိမ်ထောင်စုဝင်များတဲ့ အိမ်တစ်အိမ်မှာ အလုပ် လုပ်နိုင်သူ အရေအတွက်နည်းပြီး သက်ကြီးရွယ်အို၊မကျန်းမာသူ၊ ကလေးအရေအတွက် များခြင်း၊
(၂) အမျိုးသမီး/ သက်ကြီးရွယ်အိုများ ဦးစီးတဲ့အိမ်ထောင်စုဖြစ်ခြင်း၊
(၃) အထက်ပါအချက်များကြောင့် ဝင်ငွေရှာဖွေနိုင်မှု မရှိဘဲ ထွက်ငွေများခြင်း၊
(၄) ပညာရေးနိမ့်၊ ပညာမတတ်၊ ကျန်းမာရေးမကောင်း၍ လုပ်နိုင်ကိုင်နိုင်မှု မရှိဘဲ စွမ်းဆောင်ရည်နည်း၍ ဝင်ငွေ မရှာဖွေနိုင်ခြင်း၊
(၅) အရက်သေစာသောက်စားပြီး လောင်းကစားလုပ်ခြင်း၊ ရာဇဝတ်မှုများ ကျူးလွန်ခြင်း၊
အမှုအခင်းများ ရင်ဆိုင်ရခြင်း၊
(၆) လုပ်ကိုင်ရန်ငွေကြေးအရင်းအနှီးရရန် ခက်ခဲခြင်း၊မလွယ်ကူခြင်း၊ ရရှိသော်လည်း အတိုးနှုန်းကြီးမားခြင်း၊
(၇) ရှိတဲ့အလုပ်၊ ရတဲ့အလုပ်ကို ဖြစ်မြောက်အောင်မလုပ်ချင်၊ အပျင်းကြီးသူ၊ တိုးတက်ချင်စိတ်မရှိ သူ၊ အလုပ်မလုပ်သူများရှိသည့် အိမ်ထောင်စုဖြစ်ခြင်း စသည်တို့ကြောင့် ဖြစ်ပါတယ်။
ဆင်းရဲခြင်းလွတ်ကင်းအောင် ဘယ်လိုလုပ်ကြမလဲ
၁၉၉၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အစိုးရကာလအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ခဲ့ရာ ဘက်စုံကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်ရေးဆွဲချမှတ်ပြီး လုပ်ငန်းစဉ်(၅)ရပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ယင်းလုပ်ငန်းစဉ်(၅)ရပ်ကတော့ -
(က) ကျေးလက်လမ်းပန်း ဆက်သွယ်ရေး လွယ်ကူလျင်မြန်ချောမွေ့စေရေး၊
( ခ ) ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေး၊
( ဂ ) ကျေးလက်နေပြည်သူများ၏ ပညာရေးအဆင့်အတန်း တိုးတက်မြင့်မားရေး၊
(ဃ) ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်စေရေးနှင့်
( င ) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်စေရေးတို့ပဲ ဖြစ်ပါတယ်။
၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အထိ အစိုးရကာလတွင်လည်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်(၈)ရပ်ကို ချမှတ်၍ ဆောင်ရွက်ခဲ့ပါတယ်။ ယင်းလုပ်ငန်းစဉ် (၈) ရပ်ကတော့-
(၁) လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး၊
(၂) မွေးမြူရေးနှင့် သားငါး ထုတ်လုပ်မှုနှင့် ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊
(၃) ကျေးလက်ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊
(၄) အသေးစား ပုဂ္ဂလိက ငွေစုငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊
(၅) သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊
(၆) ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး၊
(၇) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊
(၈) စာရင်းအင်းအချက်အလက်များ ကောက်ယူစုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေးတို့
ဖြစ်ပါတယ်။
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ဗဟိုကော်မတီတွင် သမ္မတ(နိုင်ငံတော် အကြီးအကဲ) က ဥက္ကဋ္ဌဖြစ်ပြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ပါဝင်ပါတယ်။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းကော်မတီတွင် ဒုတိယသမ္မတက ဥက္ကဋ္ဌဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး Focal ဝန်ကြီးဌာနဖြစ်တဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနမှ အတွင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ၏၂၀၁၅ ခုနှစ် ထောင်စုနှစ် ရည်မှန်းချက်များအရ ဆင်းရဲမှုနှုန်းသည် ၂၀၀၅ ခုနှစ်တွင် ၃၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ဆင်းရဲမှုနှုန်း ၁၆ ရာခိုင်နှုန်းအထိ လျော့ကျသွားစေရေး ဦးစားပေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဓိက အထက်ပါ လုပ်ငန်းစဉ်(၈)ရပ်ကို ဦးစားပေးအကောင်အထည်ဖော်ခဲ့တယ်။
မြန်မာနိုင်ငံ အိမ်ထောင်စုစားဝတ်နေရေး အခြေအနေ လေ့လာမှုစစ်တမ်း (၂၀၀၉-၂၀၁၀) (Myanmar Integrated Household Living Conditions Assessment- IHLCA) လေ့လာချက်အရ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း လူနေမှုဘဝပြည့်စုံ ဖူလုံမှု၏ လူမှုရေးဆိုင်ရာ အတိုင်းအတာများမှာ သိသာစွာ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၆
ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကာလမှာတော့ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) ပန်းတိုင်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် SDG ရည်မှန်းချက်များနှင့် အညီစီမံချက်၊ စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ကြတယ်။
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ နေထိုင်မှုစစ်တမ်း Myanmar Poverty and Living Conditions Survey 2017- MPLCS) အရ လူဦးရေတိုးပွားလာသည့်တိုင် ၂၀၀၅ ခုနှစ်တွင် ဆင်းရဲသူအရေအတွက် ၁၈ ဒသမ ၇ သန်းခန့်ရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၁၁ ဒသမ ၈ သန်းသို့ လျော့ကျသွားသည့် အတွက် ဆင်းရဲမှုကို ထက်ဝက်နီးပါး လျှော့ချနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ သို့ရာတွင် မြို့ပြနှင့် ကျေးလက် ကျေးရွာ-မြို့နယ်များအကြား ဆင်းရဲ-ချမ်းသာကွာဟမှုနှုန်းမှာ မြင့်မားနေဆဲဖြစ်ပြီး ကျေးလက်ရှိ ဆင်းရဲသူ အရေအတွက်မှာ မြို့ပြရှိ အရေအတွက်ထက် ၆ ဒသမ ၇ ဆပိုများနေသေးကြောင်း တွေ့ရှိရသည်။
ဆင်းရဲမှုလျှော့ချနိုင်ရန် အတွက်ဆိုလျှင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ တိုးမြှင့်ပေးခြင်း (Creating and Increasing Opportunities))တို့ကို ဆောင်ရွက်ပေးရန် လိုအပ်ပြီး အောက်ဖော်ပြပါ အခွင့်အလမ်းများကို ဖော်ဆောင်ပေးရမှာ ဖြစ်ပါတယ်-
(၁) အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း၊
(၂) ငွေကြေးအရင်းအနှီး ရရှိနိုင်မှု အခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း မြစိမ်းရောင် ကျေးရွာစီမံကိန်း၊MSME ချေးငွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ချေးငွေစသည်)၊
(၃) ထုတ်ကုန်ရောင်းဖို့ ဈေးကွက်အခွင့်အလမ်း ဖန်တီး/ တိုးမြှင့်ပေးခြင်း၊
(၄) ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မဟာဗျူဟာ ရည်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွာအားလုံး၏ ရာခိုင်နှုန်း ၈၀ နှင့် ကျေးလက်နေ လူဦးရေ၏ ရာခိုင်နှုန်း ၉၀ ရာသီမရွေး သွားလာနိုင်သော လမ်းများအသုံးပြုနိုင်ရေး လမ်းပန်းဆက်သွယ်ရေး အခွင့်အလမ်း ဖန်တီး/ တိုးမြှင့်ပေးခြင်း၊
(၅) ၂၀၃၀ ပြည့်နှစ် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေးမျှော်မှန်းချက်နှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (Sustainable Development GoalSDG) ရည်မှန်းချက်များ ပြည့်မီစေရေးအတွက် လူသားတိုင်း လက်လှမ်းမီပြီး ရေရှည်တည်တံ့သည့် ခေတ်မီစွမ်းအင် ရရှိစေရန် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု အခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း၊
(၆) ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ (UN)ရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (Sustainable Development Goal- SDG)နဲ့အညီ ၂၀၃၀ ပြည့်နှစ်မှာ လူသားတိုင်း သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်သုံးစွဲနိုင်ရေး ရည်မှန်းချက်ဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိနိုင်မှု အခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း၊
(၇) ပညာသင်ကြားနိုင်သည့် အခွင့်အလမ်း ဖန်တီး/ တိုးမြှင့်ပေးခြင်း (ဆင်းရဲသည့်မိသားစုမှ ကလေးများအတွက် ပညာသင်ဆုများ၊ ပညာသင် ထောက်ပံ့ကြေး၊ အခမဲ့ပညာရေး)၊
(၈) ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်း ဖန်တီး/တိုးမြှင့်ပေးခြင်း (အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု၊ ကျန်းမာရေးအာမခံ) စသည့် အခွင့်အလမ်းများကို ဖန်တီး/တိုးမြှင့်ပေးခဲ့ပါတယ်။
အထက်ပါအခွင့်အလမ်းတွေကို ဖော်ဆောင်ပေးခြင်းအားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်တွေထဲက (Sustainable Development Goal-SDG. 1)) ဖြစ်တဲ့ ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် ဆင်းရဲမှုပုံစံအမျိုးမျိုး အဆုံးသတ်ရေး (End Poverty in all its forms everywhere)) ရည်မှန်းချက်ပြည့်မီစေရေးမှာ အထောက်အပံ့ကောင်း တစ်ခုဖြစ်မှာ အသေအချာပဲဖြစ်ပါတယ်။
ဆင်းရဲခြင်းမှလွတ်မြောက်အောင် ဆောင်ရွက်ရာမှာ အောက်ဖော်ပြပါတို့ကိုလည်း ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်-
(၁) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပေးခြင်း (ရာသီဥတု မဖောက်ပြန်အောင်)၊
(၂) နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊
(၃) ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ရပ်စဲရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း၊
(၄) လူမျိုး၊ ဘာသာ၊ ကျား/မ မခွဲခြားဘဲ တန်းတူညီမျှရှိရေးမြှင့်တင်ခြင်း၊
(၅) လူ့အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည်တိုးမြှင့်ပေးခြင်း၊
(၆) ဖွံ့ဖြိုးရေး အကူအညီပေးမည့်အဖွဲ့များ ပူးပေါင်း ပါဝင်လာအောင်၊ အကူအညီ ပေးလာအောင် ဆွဲဆောင်ခြင်း၊
(၇) ဆင်းရဲသူများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရင်းနှီးမြှုပ်နှံပေးခြင်း၊
(၈) ဖွံ့ဖြိုးရေးဆောင်ရွက်ပေးတဲ့ အဖွဲ့များ တာဝန်ယူ၊ တာဝန်ခံမှုရှိလာစေရေး အားပေးခြင်း (ကောင်းမွန်သော စီမံအုပ်ချုပ်ရေး-Good Governance) စသည်တို့ ဖြစ်ပါတယ်။
ထို့ပြင် နိုင်ငံတော်၏ အခွန်မူဝါဒနှင့်အညီ ထိရောက်ကောင်းမွန်သော အခွန်ကောက်ခံမှုစနစ်ဖြင့် နိုင်ငံတော်တွင် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ် ပေါ်ပေါက်စေပြီး ငွေကြေးလည်ပတ်မှုကို မှန်ကန်စေ၍ ငွေကြေးဖောင်းပွမှု မပေါ်ပေါက်စေရေး ထိန်းသိမ်းပေးရန်၊ ရသင့်ရထိုက်သည့် အခွန်အခများကို ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိရေး ICT နည်းပညာများ တိုးချဲ့အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် ခြစားမှုများမရှိအောင် ထိန်းကျောင်း တည့်မတ် ကြီးကြပ်သွားရန်လည်း လိုအပ်မှာဖြစ်ပါတယ်။
ဆင်းရဲရတဲ့ အကြောင်းတရား များစွာရှိတဲ့အနက်က အရေးကြီးဆုံး အဓိက အကျဆုံးကတော့ တည်ငြိမ်အေးချမ်းရေး၊ တစ်နည်းဆိုရရင်”ငြိမ်းချမ်းရေး”ရပြီး ငြိမ်းချမ်းပြီး တည်ငြိမ်ရေးပဲဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရအောင် လုပ်နိုင်မယ် ဒေသအလိုက် အကြမ်းဖက်မှုတွေ ကင်းဝေးမယ်ဆိုရင် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နိုင်လာမယ်။ စီးပွားရေး လုပ်ငန်းတွေ လုပ်နိုင်မယ် ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့လုပ်နိုင်မယ်။ ကူးသန်းရောင်းဝယ်ရေးတွေ ကောင်းလာမယ်၊ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာမှာ မလွဲဧကန်ဖြစ်၍ ဆင်းရဲမှု လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခု အရေးကြီးဆုံးက ပညာရေးနဲ့ အမှား၊ အမှန် ခွဲခြားသိမြင်တတ်တဲ့ ပညာဉာဏ်၊ ပညာအသိအမြင်၊ ဗဟုသုတပဲဖြစ်မယ် ထင်ပါတယ်။ ပညာမတတ်၊ ပညာအသိမရှိရင် အမှား၊ အမှန် မခွဲခြားတတ်ဘဲ မကောင်းမှု ဒုစရိုက်တွေလုပ်မယ်။ အကုသိုလ်အလုပ်တွေ လုပ်မယ်။ တိုးတက်ရာ တိုးတက်ကြောင်း မတွေးနိုင်၊ မကြံစည်နိုင်၊ မလုပ်နိုင် ဖြစ်မယ်။ နိုင်ငံအတွက် အမျိုးသားရေးစိတ်ဓာတ် မွေးမြူရမယ့် အကြောင်းမသိနိုင်၊ နိုင်ငံသားတာဝန်မသိနိုင်၊ လူ့အဖွဲ့အစည်း ကောင်းရာကောင်းကြောင်းကို မသိမြင်နိုင်ဘဲ အမှားများစွာ ကြံစည်လုပ်ကိုင်နေကြရင် တစ်ဦးချင်း၊ တစ်အိမ်ချင်း အတွက်သာမက အဖွဲ့အစည်း၊ တိုင်းပြည်အထိပါ မတိုးတက်နိုင်ဖြစ်ပေမယ်။ ဒါ့ကြောင့် ပညာရေးဟာ အလွန်အရေးကြီးပါတယ်။ အတန်းပညာ တတ်ရုံတင်မက အမှား၊ အမှန် ဝေဖန်ပိုင်းခြားသိမြင်နိုင်တဲ့အသိ၊ ပညာ၊ သတိရှိရန်လည်း အလွန်အရေးကြီးပါတယ်။
ဆင်းရဲခြင်းကင်းစွာ စိတ်အေးချမ်းသာခြင်း ပြည့်စုံစေဖို့ရာ ဆင်းရဲခြင်း ဆိုရာမှာ စိတ်ဆင်းရဲခြင်းဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ စိတ်ဆင်းရဲခြင်းဖြစ်ရတဲ့ အကြောင်းရင်းကတော့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ငွေကြေးမပြည့်စုံလို့၊ လိုချင်တာမရလို့၊ လုပ်ချင်တာမလုပ်ရလို့၊ သွားချင်တာ မသွားရလို့၊ စားချင်တာမစားရလို့၊ ဖြစ်ချင်တာတွေမဖြစ်လို့၊ ချစ်ခင်သူတွေနဲ့ အတူမနေရလို့၊ ချစ်ခင်သူတွေနဲ့ကွဲရလို့ စတဲ့အကြောင်းအရာတွေ ကြောင့်ဖြစ်ပါတယ်။ ဘာသာတရားနဲ့အညီ နှလုံးသွင်းနိုင်ပြီး လောဘ နည်းမယ်၊ လိုအင်ရမ္မက်နည်းမယ်၊ ရောင့်ရဲတင်းတိမ်နိုင်မယ် ဆိုရင်တော့ ငွေကြေးပြည့်စုံခြင်းနှင့် မဆိုင်သော စိတ်ချမ်းသာစရာ ကိစ္စတွေကို ဖန်တီးရယူနိုင်ပြီး စိတ်ဆင်းရဲမှုများ ကင်းဝေးမှာဖြစ်ပါတယ်။ စိတ်ဆင်းရဲမှုကင်းဝေးမှသာ လူသားဆန်စွာ မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာတရားတွေနဲ့အညီ နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။ အများကို ကူညီနိုင်သူ၊ ပံ့ပိုးနိုင်သူဖြစ်အောင်ကြိုးစား၊ အများအတွက်၊ မိသားစုအတွက်၊ ပတ်ဝန်းကျင်အတွက်၊ နိုင်ငံအတွက်၊ လူသားတွေအတွက် အကျိုးပြုမယ့်အတွေး၊ အကျိုးရှိမယ့် အလုပ်တွေ လုပ်ရင်လည်း စိတ်ချမ်းသာမှုရနိုင်တာပါပဲ။ စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်လို့ပြောတော့ သစ်ပင်စိုက်ကြရမှာပေါ့။ သစ်ပင်စိုက်ခြင်းကလည်း ကိုယ့်ပတ်ဝန်းကျင် သာယာလှပရေးအပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ အထောက်အကူပြုစေတာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်မှသာ သဘာဝဘေးအန္တရာယ် ကျရောက်တာတွေ၊ ရာသီဥတု ဖောက်ပြန်ပြောင်းလဲတာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
သဘာဝဂေဟစနစ်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်ဖြစ်ပေါ်နေသလိုပဲ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း၊ နိုင်ငံ့စီးပွား တိုးတက်မြင့်မားခြင်းတို့ဟာလည်း တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်အထောက်အပံ့ပြုနေတာဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲမှု လျှော့ချရေးအတွက် ဆောင်ရွက်ကြရာမှာ ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းစဉ်တွေနဲ့အတူ တည်ငြိမ်အေးချမ်းရေး၊ ပညာရည်မြင့်မားရေး တို့ကိုပါ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအနေဖြင့်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်မှာ “ဖွံ့ဖြိုးရေးမှသည် ငြိမ်းချမ်းရေးဆီသို့” ဆောင်ပုဒ်ကို ဖော်ပြခဲ့ပါတယ်။ “ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်”၊ တစ်ဖန် “ဖွံ့ဖြိုးမှ ငြိမ်းချမ်းမယ်” ဆိုတဲ့ သဘောတရားကို အလေးထားဆောင်ရွက်နေတာကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဆင်းရဲခြင်း လွတ်ကင်းအောင်၊ ကိုယ်၊ စိတ်နှစ်ပါးချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆိုရာမှာ ငြိမ်းချမ်းရေးဟာ အလွန်အရေးကြီးတဲ့ ကဏ္ဍက ပါဝင်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ခံယူချက်၊ စိတ်ထား၊ အသိအမြင်ဟာ ရိုးသားပြီး ငြိမ်းချမ်းရေးကို လိုလားနေဖို့ လိုပါတယ်။ လူတိုင်း ငြိမ်းချမ်းရေးကို လိုချင်စိတ် ဖြစ်နေရပါမယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံ ဆင်းရဲခြင်း လွတ်ကင်းအောင် ငြိမ်းချမ်းရေးအရယူဖို့ တိုက်တွန်းကြပါစို့၊ ငြိမ်းချမ်းရေး ရယူကြပါစို့။ နိုင်ငံဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ဆင်းရဲခြင်း လွတ်ကင်းရေးမှာ အဓိကကျတဲ့ ငြိမ်းချမ်းရေးရဖို့ အားလုံး အားလုံး ဝိုင်းဝန်း ပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး ရယူကြပါစို့။
ရည်ညွှန်းကိုးကားချက်
- ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမူဘောင်စာအုပ် (RDSF)
- မြန်မာနိုင်ငံ အိမ်ထောင်စုစားဝတ်နေရေး အခြေအနေ လေ့လာမှု စစ်တမ်း (၂၀၀၉-၂၀၁၀) (Myanmar Integrated Household Living Conditions Assessment- IHLCA)
- ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ နေထိုင်မှု စစ်တမ်း(Myanmar Poverty and Living Conditions Survey 2017-MPLCS)
- ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်း ဆိုင်ရာ ချက်အလက်များ (2022-2023 CITIZEN's BUDGET)
- An Analysis of Poverty in Myanmar (August 2017)