ထမနဲနှင့် ကျန်းမာရေး
မြန်မာ့ရိုးရာ ဆယ့်နှစ်လ ရာသီပွဲတော်များထဲမှ တပို့တွဲလသည် ဗုဒ္ဓဘာသာဝင်တို့ အတွက် ထူးခြားသည့် လမြတ်တွင်ပါဝင်နေသည်။ တပို့တွဲလပြည့်နေ့သည် ရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့၊ ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလာန်တို့ ဧတဒဂ်ရသောနေ့၊ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ရဟန်း၊ ပရိသတ် အလိုအလျောက် စုဝေးမိသောနေ့၊ ဘုရားရှင် သြဝါဒပါတိမောက် ပြတော်မူသောနေ့ဖြစ်သည်။
တပို့တွဲလ၏ ရာသီပန်းမှာ ပေါက်ပန်းဖြစ်ပြီး တပို့တွဲလ ရာသီပွဲတော်မှာ လူသိများ ထင်ရှားလှသည့် ထမနဲပွဲ ဖြစ်သည်။
တပို့တွဲလ ထမနဲပွဲ
ထမနဲဟု ဆိုသည်နှင့်တစ်ပြိုင်နက် တပို့တွဲလ ထမနဲပွဲဟူသော စကားရပ်ကို မြန်မာနိုင်ငံသူ နိုင်ငံသားများ နားရည်ဝနေကြပြီဖြစ်သည်။ တစ်နည်းဆိုသော် ထမနဲပွဲသည် တပို့တွဲလ၏ ပုံရိပ် သင်္ကေတလည်း ဖြစ်သည်။ ထို့ကြောင့် တပို့တွဲလပြည့်နေ့တွင် ဆွမ်းတော် ကပ်လှူရန်အတွက် ထမနဲပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ထမနဲထိုးချိန်သည် တောင်သူများ ကောက်ဦးပေါ်ချိန်ဖြစ်သဖြင့် ကောက်ဦးအလှူပွဲလည်း ဖြစ်သည်။
တပို့တွဲလ ထမနဲပွဲကို ရှေးပဝေသဏီကတည်းက စတင်ကျင်းပလာခဲ့သော်လည်း ထိုခေတ်က ထမနဲကို ယာဂုဟုသုံးနှုန်း ခေါ်ဝေါ်ခဲ့ကြသည်။ ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး၏ မှတ်တမ်းအရ မင်းတုန်းမင်းကြီး လက်ထက်တော်အခါက ယာဂုအလှူပွဲ အကြောင်းနှင့်ပတ်သက်၍ ရွှေမြို့တော်လေးပြင် လေးရပ်ရှိ တိုင်းသူပြည်သား အားလုံးတို့သည် လူတစ်ကိုယ် ဆန်တစ်စလယ်ကျ စုဆောင်း၍ ယာဂုကျိုရာ ယင်းယာဂုတွင် ကောက်ညှင်းဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီးစသည်တို့ကို ထည့်၍ကျိုသည်ဟု ဆိုထားသည်။ ယာဂုကျိုခြင်းကို ယခုခေတ်တွင် ထမနဲထိုးသည်ဟု ဆိုကြသည်။
ထို့ပြင် ကုန်းဘောင်ခေတ်နှောင်း သီပေါမင်းလက်ထက်တွင်လည်း တပို့တွဲလတွင် ဗုဒ္ဓမြတ်စွာဘုရားကို နံ့သာများမီးရှို့၍ ပူဇော်ကျင်းပသော မီးပုံပွဲ(မီးဖုန်းပွဲ)နှင့်အတူ ယာဂုပွဲကိုပါ ကျင်းပခဲ့ကြကြောင်း ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးတွင် ရေးသား မှတ်တမ်းတင်ထားကြောင်း လေ့လာသိရှိရသည်။ ရှေးခေတ်အခါသမယက ကျင်းပခဲ့ကြသော မီးပုံပွဲများတွင် ယာဂုအိုး ၁၀၀၀ လှူဒါန်းလေ့ရှိကြသဖြင့် သဒ္ဓါတရား ထက်သန်ပုံမှာ နှောင်းလူတို့အတွက် အံ့သြလေးစားဖွယ်ဖြစ်ပါသည်။
ထမနဲစားသုံးသင့်သော လတပို့တွဲ
ထမနဲ သို့မဟုတ် ထမင်းနှဲဟူသော စကားသည် ကောက်ညှင်းဆန်ကို ပျော့အိသွားသည်အထိ နှဲခြင်းဖြစ်သည်။ တချို့ကလည်း နှမ်းကိုထူးကဲပြီး ထည့်သောကြောင့် နှမ်းမနဲဟုခေါ်သည်။ ထမနဲတွင် ကောက်ညှင်းဆန်၊ ဆီ၊ ဆား၊ နှမ်း၊ ချင်းစိမ်း၊ မြေပဲ၊ အုန်းသီး၊ သစ်ကြားသီးတို့ပါဝင်သည်။ ခေတ်ကာလရွေ့လျား လာသည့်အလျောက် သစ်ကြားသီး ထည့်သောဓလေ့လည်း မရှိသလောက် ရှားလာသည်။
ထမနဲထိုးခြင်းနှင့်စပ်လျဉ်း၍ လိုအပ်သော ပစ္စည်းအချိန်အဆများကို ရှေးအခါက အောက်ပါအတိုင်းတေးထပ်စပ်ဆိုခဲ့ကြကြောင်း လေ့လာမှတ်သားရပါသည်။
စားတော်ရ ဆန်ပေါက်ဝါ
လေးပြည်သာထည့်မြဲ။
ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့
နှမ်းဆီလည်းထည့်ပြန်။
မြေပဲဆန် အဋ္ဌသုညငယ်နှင့်
ဒွတ္တိံသ တိလဗီဇံ။
အုန်းသီးစိတ် ကျပ်ဝီသံငယ်
လော န တံချိန်သတ်နှင့်
ချင်းနုဖတ် သိင်္ဂီမျှင်ရွှေ
သုံးကျပ်မသွေ။
ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ကောက်ညှင်းဆန် လေးပြည်၊ နှမ်းဆီတစ်ပိဿာ၊ မြေပဲဆန် ၈၀ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိတ် ၂၀ ကျပ်သား၊ ဆား ခုနစ်ကျပ်သား၊ ချင်းစိမ်း သုံးကျပ်သားတို့ကို ဒယ်အိုးတွင်နှံ့အောင်မွှေ၍ ယာဂုနှင့်ထမနဲအတူတူပဲဟု ဆိုပါသည်။
အထက်တွင် ဆိုထားသည့်အတိုင်း တပို့တွဲလသည် မြန်မာနိုင်ငံ၏ အအေးဆုံးလဖြစ်ကာ လူတို့ အဆီခန်းခြောက်ကြပြီး ကိုယ်သားကိုယ်ရေအေးခြင်း၊ ခြေဖျားလက်ဖျား အေးစက်ခြင်း၊ အသားပပ်၍ ကိုယ်ရေပြား ယားယံခြင်းတို့ ဖြစ်ပေါ်ခံစားကြရသည်။ ထိုအခါ ဆီနိုင်သည့် အပူစာထမနဲကို စားသုံးပါက ကိုယ်ငွေ့ကောင်းပြီး အသားအရေစိုပြည်လာကာ အပူဓာတ်ရနိုင်သည်။
အကယ်၍ ကောက်ညှင်းသီးသန့်ကို များများစားမိပါက ဝမ်းချုပ်ကာ လေပူထခြင်း ဖြစ်စေတတ်သော်လည်း ထမနဲစားခြင်းက ၎င်းတွင်ထည့်သုံးထားသည့် တခြားသော ပစ္စည်းအမယ်များက ခန္ဓာကိုယ် အတွက် လိုအပ်လျက်ရှိသော အပူဓာတ်ကို အားဖြည့်ပေးသောကြောင့် ထမနဲသည် အအေးပိုသော ကာလတွင် မဖြစ်မနေစားသုံးသင့်သော ဓာတ်စာတစ်မျိုးဖြစ်သည်။ ထို့ပြင် ထမနဲစားခြင်းက ဝမ်းရောဂါကို ကြိုတင်ကာကွယ်ရာ ရောက်ကြောင်းနှင့် ပထဝီပျက်သူများ အနေဖြင့် ထမနဲကို အစာလည်းဆေး၊ ဆေးလည်းအစာအဖြစ် စားသုံးသင့်ကြောင်း ရှေးလူကြီးများကဆိုကြသည်။
ထမနဲကျန်းမာရေးနှင့် ပတ်သက်၍ နောက်ထပ် မှတ်သားဖွယ်တစ်ခုရှိပါသည်။ မြတ်စွာဘုရားရှင်သည် လေနာနှိပ်စက်ခြင်း ခံရချိန်တွင် အရှင်အာနန္ဒာကို ယာဂုဆွမ်းခံစေရာ မာတုဂါမတစ်ဦး လှူဒါန်းလိုက်သော ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်းတို့ဖြင့် စီရင်ထားသည့် ယာဂုဆွမ်းကို ဘုဉ်းပေးသုံးဆောင်ပြီးနောက် လေနာရောဂါ ငြိမ်းသွားသည်ဟု ဆိုထားပါသည်။
အဆိုပါယာဂုတွင်ပါဝင်သော ပစ္စည်းအမျိုးအမည်များသည် ထမနဲကဲ့သို့ပင် တူပါသည်။
ထို့ပြင် တပို့တွဲလ ထမနဲပွဲနှင့် ပတ်သက်၍ မင်းတုန်းမင်းကြီး လက်ထက်တော်အခါက နာမည်ကျော် ဆေးသမားတော်ကြီးများကလည်း ယခုကဲ့သို့ဆိုထားသည်။ ဥတုသုံးပါးရှိသည့် အနက် အထူးသဖြင့် ကောက်စိုက်တောင်သူများသည် အသက်မွေးဝမ်းကျောင်း သဘောသဘာဝအရ တစ်မိုးတွင်းလုံးနှင့် တစ်ဆောင်းတွင်းလုံး အအေးဒဏ် ခံစားရလေ့ရှိကြောင်း၊ တပို့တွဲလပြည့်နေ့ နီးလာသောအချိန်သည် ဆောင်းကုန်လု နွေဦးရောက်ခါနီးအချိန် စပ်ကူမပ်ကူးကာလဖြစ်၍ ဓာတ်ကြီးလေးပါး ဖောက်ပြန်တတ်ကြောင်း၊ ထို့ကြောင့် ဓာတ်ကြီးလေးပါး ညီညွတ်မျှတစေရန် ဆေးဝါးဓာတ်စာ အဖြစ် ကောက်သစ်ပေါ်ချိန်တွင် ထမနဲကို စားပေးသင့်ကြောင်း အကြံပြုထားသည်။
လူတချို့က ကောက်ညှင်းစားလျှင် ဝမ်းချုပ်တတ် သည်ဟုဆိုကြသည်။ ကောက်ညှင်းစားပြီးနောက် ရေများများသောက်လျှင် ဝမ်းမချုပ်ပါ။ ဆိုလိုသည်မှာ ကောက်ညှင်းစားပြီးနောက် ရေပိုသောက်ပေးပါ။
ကောက်ညှင်း၏ကစီဓာတ်က သက်ကြီးပိုင်း အရွယ်များနှင့် ကလေးများအတွက် ခွန်အားဖြစ်စေပါသည်။
ထမနဲ၏ သဘောသဘာဝအရ ဆီရွှဲရွဲစားရခြင်းဖြစ်၍ ဆီက အူသိမ်၊ အူမနှင့် အစာအိမ်အစာခြေစနစ်ကို ပြေပြစ်ကာ သက်သောင့်သက်သာဖြစ်စေသည်။
ကောက်ညှင်းဆန်စေးစေးကို မိုးပြဲဒယ်ကြီးတွင် ထည့်ကာ ယောက်မကြီးများဖြင့် ဘတစ်ပြန် ကျားတစ်ပြန် အားစိုက်နှဲကြရာ ရလဒ်အနေဖြင့် အိစက်ဆိမ့်မွှေးသော ထမနဲ(နှမ်းမနဲ) ပူပူလေးက စုပေါင်းညီညာ အောင်ကြောင်းဖြာသော သရုပ်ကို ဖော်ဆောင်ပါသည်။ ထမနဲထိုးရာတွင် အဖွဲ့များဖွဲ့၍ အပြိုင်အဆိုင် ထိုးကြသည်။ ဇွဲမာန်အားအင်အပြည့်ဖြင့် ပျော်ပျော်ရွှင်ရွှင်ပြုလုပ်ကြသည့် ပွဲတော်ဖြစ်သဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင်စိတ်၊ ဘာသာအပေါ် ရိုသေ ကိုင်းညွှတ်စိတ်ကိုဖြစ်စေသည့် ပွဲတော်တစ်ခုဟု ဆိုရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် နှင်းမှုန်ဝေသီသော ကာလတွင် အရိုးပေါ်အရွက်မဖုံး ထမနဲပွဲ ကျင်းပလေ့ရှိသော ချစ်စရာမြန်မာ့ဓလေ့သည် ပျော်စရာလည်း ကောင်းလှသည်။ သို့ဖြစ်ရာ အစဉ်အလာမပျက် ကျင်းပသည့် တပို့တွဲလ ထမနဲပွဲသည် ဘာသာတရားအပေါ် ယုံကြည်သက်ဝင်မှုအပြင် ဇွဲ၊ လုံ့လအားမာန်ကို တိုးပွားစေပြီး တစ်ဦးနှင့်တစ်ဦး ချစ်ခင်စည်းလုံးမှုကို ဖြစ်ပေါ်စေသည်ဖြစ်ရာ မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များကို အခြေခံ၍ ရိုးရာဓလေ့ ပွဲတော်များ ဆင်နွှဲကျင်းပခြင်းဖြင့် တိုင်းရင်းသား မိဘပြည်သူအပေါင်း၏ မျိုးချစ်စိတ်များ ရှင်သန်လာစေမည်ဖြစ်သည်။ ထမနဲသည် အဘိုးအို၊ အဘွားအိုများအတွက် တမြုံ့မြုံ့ စားကောင်းသော ဓာတ်စာလည်းဖြစ်ပေရာ တပို့တွဲလထမနဲစားဖွယ်ကို မဖြစ်မနေ စားပေးကြစေလိုကြောင်း ရေးသားလိုက်ရပါသည်။
ပေါက်ပေါက်