အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်)
ရတနာပလ္လင်တော်ထက်သို့ပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနား
မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာသာသနာ အထွန်းကားဆုံးနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားစွာတည်ရှိနေသည်မှာ ဘာသာသာသနာကို အထူးအားပေးစောင့်ရှောက်သော မင်းကောင်းမင်းမြတ်နှင့် ပြည်သူများရှိနေခြင်းကြောင့် ဖြစ်သည်။ မြန်မာ့သမိုင်းတွင် ဘာသာ၊ သာသနာကိုစောင့်ရှောက်ကြသည့် မင်းများပေါ်ထွက်လာသည့်အခါတိုင်း သာသနာတော်ပြန့်ပွားရေးအတွက် စေတီ၊ ပုထိုး၊ ဂူ၊ ကျောင်း၊ ဇရပ်နှင့်သာသနိက အဆောက်အအုံများ ဆောက်လုပ်တည်ထားကိုးကွယ်ခဲ့ကြသဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရွှေရောင်တဖိတ်ဖိတ် တောက်ပလျက်ရှိသည့် စေတီပုထိုးပေါင်းမြောက်မြားစွာ တည်ရှိနေခြင်းဖြစ်သည်။
ဗုဒ္ဓမြတ်စွာပေါ်ထွန်းလာသည်ကပင် တစ်လောကလုံးရှိလူသားတို့၏ ကောင်းကျိုးကိုသယ်ပိုးပြီး မကောင်းမှု ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေးရန်ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကို ဆည်းကပ်ကိုးကွယ်ကြသည်။ မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးဖြစ်သော်လည်း မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များရှိသည်။ ထိုတရားတော်များကို သံဃာတော်များ ထိန်းသိမ်းစောင့်ရှောက်ကာ ဒါယကာ၊ ဒါယိကာမတို့ကို လမ်းမှားမရောက်အောင် ဟောကြားတော်မူသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတို့သည် မကောင်းမှုမပြုဘဲ ကုသိုလ်ကောင်းမှုများဖြင့်သာ မွေ့လျော်လျက် နေထိုင် ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်ခုနစ်ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်း တောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများလာ ရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေ ကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။
ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မာရဝိဇယဗုဒ္ဓပူဇာဘွဲ့သီချင်းဖြင့် သီကျူးပူဇော်၍ မင်္ဂလာ ငွေခရု၊ အောင်စည်အောင်မောင်းတို့ကို အောင်ကြောင်းမင်္ဂလာအဖြစ် သုံးကြိမ်တီးခတ်ပူဇော်ကြသည်။ ထို့နောက် တက်ရောက် လာကြသည့် ဧည့်ပရိသတ်များက ဆရာတော်ကြီးများ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် သမန္တာမှစ၍ မေတ္တသုတ်၊ အာဋာ နာဋိယသုတ်၊ ဓဇဂ္ဂသုတ်၊ ပုဗ္ဗဏှသုတ်ပရိတ်တော်များနှင့် ဇယမင်္ဂလာဂါထာတော်များကို နာယူကြည်ညိုကြပြီးနောက် ဘုရား ဒါယကာ၊ ဒါယိကာမများက ရတနတ္တပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာတို့ကို သံပြိုင်ညီညာရွတ်ဆိုပွားများ ပူဇော်ကြသည်။
ယင်းနောက် ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာပလ္လင်တော်အနီးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပလ္လင်တော်၊ ရတနာ ပလ္လင်တော်အထောက်အကူပြုသံမဏိစင်၊ ဆင်းတုတော်ထည့်သွင်းထားသည့် သံမဏိပန်းတောင်း၊ ဆင်းတုတော်အား ရတနာပလ္လင် တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်းနေရာ (၄) ခုတို့အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ သိဒ္ဓိ မင်္ဂလာဆင်ယင်သည်။
ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားပြီး မင်္ဂလာအချိန်တော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင် တော်ထက်သို့ စက်ခလုတ်နှိပ်၍ မင်္ဂလာစက်ယန္တရားများဖြင့် စတင်ပင့်ဆောင်ပူဇော်သည်။
ဗုဒ္ဓဂုဏောအနန္တောဖြစ်သည့်အတိုင်း ရတနာသုံးပါးကိုပူဇော်ရသော အကျိုးအားကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့်အတူ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာဝပြောကာ လူမှုစီးပွားဘဝများ တိုးတက်မြင့်မားလာတော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။