စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်

အမှတ်စဉ် (၃၅)

ဒီလို ၉၀-၉၅ ရာခိုင်နှုန်းထိဝယ်ရင် ဓာတ်အားခလည်း ဈေးသက်သာပါတယ်။ အရပ်ထဲမှာ ဈေးရောင်းသလိုပါပဲ။ များများယူရင် ရောင်းသူရော၊ ဝယ်သူရော တွက်ခြေကိုက်တဲ့သဘောပါ။ ဒီလိုမဟုတ်ဘဲ ထုတ်လုပ်တဲ့ ဓာတ်အားကို ၈၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း ဒါမှမဟုတ် ဒီထက်လျှော့ချပြီး ဝယ်တယ်ဆိုရင် ရောင်းသူအနေနဲ့ဓာတ်အားခ တစ်ယူနစ်ဈေးပိုတောင်းမှသာ တွက်ခြေကိုက်တော့မှာ ဖြစ်ပါတယ်။ လျှပ်စစ်ရဲ့သဘောက စာချုပ်နဲ့ နှစ်ဖက်ကြိုတင်ညှိနှိုင်းလုပ်ဆောင်ကြရတာပါ။ စာချုပ်မချုပ်မီကတည်းက အကျေ အလည်ညှိရတာကတော့ နှစ်စဉ်ဝယ်ယူမယ့် ဓာတ်အားပမာဏ၊ ဝယ်ယူမယ့်  ဈေးနှုန်း၊ ပေးချေရမယ့် ငွေအမျိုးအစား (ဒေါ်လာ-ကျပ်-ယွမ်-ယူရိုငွေကြေး စသည်ဖြင့်) ကြိုတင်ညှိနှိုင်းရတာပါ။

နိုင်ငံပိုင်စက်ရုံများရဲ့ဒုက္ခ

နိုင်ငံပိုင်စက်ရုံအများစုကိုတော့ ဒီလိုစဉ်းစားပြီး ဆောင်ရွက်ခဲ့တာမဟုတ်ပါဘူး။ စတင်ရင်းနှီးမြှုပ်နှံစဉ်က (၂၀၁၁ ခုနှစ်အရှေ့ပိုင်း) လည်း နိုင်ငံခြားဝင်ငွေလဲလှယ်နှုန်းအစိုးရဈေးဟာ ပြင်ပထက်အဆပေါင်းများစွာ သက်သာတဲ့နှုန်းနဲ့တွက်ချက်ပြီး စီမံကိန်း ကုန်ကျ စရိတ်တန်ဖိုးသင့်ခြင်း၊ အစိုးရဈေးနှုန်းနဲ့ ပစ္စည်းများရယူသုံးစွဲခြင်း၊ ဝန်ထမ်းစရိတ်များဟာလည်း ပြင်ပဝန်ထမ်းပေါက်ဈေးနှုန်းထက် လျော့နည်းလွန်းခြင်း၊ တောထဲတောင်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းများကို အခြားပံ့ပိုးမှုလည်း မရှိသလောက် ဖြစ်နေခြင်းတို့ကြောင့် နိုင်ငံပိုင်စက်ရုံများရဲ့ကုန်ကျစရိတ်ဟာ သက်သာသယောင်ဖြစ်နေပါတယ်။ ပုဂ္ဂလိကနဲ့ ဖက်စပ်လုပ်ငန်းရှင် တွေဟာ ဒီလိုမဟုတ်ပါဘူး။   သက်သာတဲ့အခွင့်အရေးမျိုးတွေ  မရကြပါဘူး။

တောတောင်ဒေသ အသီးသီးမှာရှိနေတဲ့ ရေအားလျှပ်စစ် စက်ရုံဝန်ထမ်းမိသားစုများအတွက် တန်ရာတန်ကြေးပံ့ပိုးမှုများနဲ့ ကျခံ ဆောင်ရွက်နေကြတာပါ။ တစ်ကမ္ဘာလုံးက ကုမ္ပဏီတိုင်းလည်း ဒီအတိုင်းဝန်ထမ်းတွေကို ပံ့ပိုးပေးနေတာပဲဖြစ်ပါတယ်။ လူသူမနီး ဝေးကွာတဲ့ဒေသမှာ လုံလောက်တဲ့ကျန်းမာရေး၊ ပညာရေး၊ အားကစား၊ စာပေ၊ ဆက်သွယ်ရေး၊ နေရေး၊ စားစရိတ်သက်သာရေး၊  လူမှုရေးကိစ္စကို  ကုမ္ပဏီတွေက  ကျခံပေးနေကြပေမယ့် နိုင်ငံပိုင်စက်ရုံတွေဟာ မည်မျှပင်ဝေးလံခေါင်းပါးပါစေ နိုင်ငံတော်က သတ်မှတ်ထားတဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဝန်ထမ်းများခံစားခွင့်ရနေတဲ့ ပျမ်းမျှခံစားခွင့်နဲ့သာ ခံစားကြရတာပါ။ ရေအားလျှပ်စစ် စက်ရုံတွေဟာ ဝေးလံခေါင်းပါးတဲ့ တောတွင်းနေရာတွေမှာရှိနေပေမယ့် ဘာအခွင့်အရေးမှ ပိုမရကြပါဘူး။ ရေအားလျှပ်စစ် ဝန်ထမ်းသာမက အခြားသော ဓာတ်အားလိုင်းနဲ့ဓာတ်အားခွဲရုံဝန်ထမ်းများလည်း အလားတူပါပဲ။

ဒီလိုအဘက်ဘက်က ကုန်ကျစရိတ်သက်သာနေတဲ့အတွက် နိုင်ငံပိုင် စက်ရုံများဟာ နှစ်အနည်းငယ်အတွင်း အရင်းကျေသွား ကြပါတော့တယ်။ ဒါကိုတာဝန်ရှိသူတွေက ရေအားစက်ရုံတွေ နှစ်ဘယ်လောက်သာရှိသေးတယ်၊ အရင်းကျေပြီလို့ ဂုဏ်ယူပြောဆို နေချိန်မှာ ၂၄ နာရီတာဝန်ရှိတဲ့ တောထဲက ဝန်ထမ်းမိသားစုအားလုံးကတော့ နုံချာသထက် နုံချာလာနေပါတယ်။ အချို့မခံနိုင် တော့လို့ အလုပ်ထွက်ကြရပါတယ်။ မထွက်နိုင်သူအများစုဟာလည်း ကိုယ့်အလုပ်ကိုယ် ဂုဏ်ယူနေကြလို့သာဖြစ်ပါတယ်။ ဒီထက်ဆိုးတာက စီမံကိန်းတည်ဆောက်မှုကုန်ကျစရိတ်ကို ထည့်မတွက်တော့ဘဲ နှစ်စဉ်ထိန်းသိမ်းမောင်းနှင်စရိတ်လောက်ပဲ တွက်ပြီး နိုင်ငံပိုင် ရေအားလျှပ်စစ်က ထုတ်လုပ်တဲ့ဓာတ်အားကို ပျမ်းမျှတစ်ယူနစ် ၁၈ ကျပ်နဲ့ ရောင်းရင်တောင်  တစ်ယူနစ်အပေါ်မှာ ၈ ကျပ်လောက်မြတ်ပါသေးတယ်လို့ ဆိုနေသူတွေရှိပါသေးတယ်။  အံ့သြဖို့ကောင်းတာက  ရေအားလျှပ်စစ်စက်ရုံထပ်တည်ဖို့တော့  ရန်ပုံငွေမရှိလို့ဆိုပြီး လွှတ်တော်မှာ အကြိတ်အနယ်ရှင်းပြပြီး ငွေတောင်းနေကြပြန်ပါတယ်။ နိုင်ငံပိုင်ဓာတ်အားပေးစက်ရုံတွေ၊ တမံတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုစံနှုန်းတွေကိုလည်း နိုင်ငံတကာစံနဲ့အကုန်အကျခံ မဆောင်ရွက်နိုင်ကြတော့ဘဲ ရတဲ့ရန်ပုံငွေနဲ့ပဲ ချို့တဲ့စွာထိန်းသိမ်းစောင့်ရှောက်နေကြရတာ လက်တွေ့ပါ။ ကာလကြာရှည်စွာ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းလာလို့ မမျှော်မှန်းနိုင်တဲ့ ဒုက္ခဆိုးတွေရင်ဆိုင်ကြုံတွေ့လာခဲ့ရရင်တော့ ပြည်သူတွေဒုက္ခရောက်ကြရဦးမှာပါ။

ပုဂ္ဂလိကစက်ရုံများရဲ့ဒုက္ခ

မိုးရာသီမှာ နိုင်ငံတော်ဓာတ်အားစနစ်ထဲမှာ ဓာတ်အားပိုလျှံနေတဲ့အတွက် ရေအားလျှပ်စစ်တွေကို လျှော့ချမောင်းနှင်မှုတွေ ပြုလုပ်ကြရပါတယ်။ မိုးရာသီပုဂ္ဂလိကရေအားစက်ရုံတွေကနေ ၆၀ ရာခိုင်နှုန်းခန့်သာ ဝယ်မယ်ဆိုတဲ့စာချုပ်အရ မယုတ်မလွန် ဝယ်ပါတယ်။ တစ်နှစ်လုံး ပျမ်းမျှဆိုရင်တော့ ၇၀/၈၀ ရာခိုင်နှုန်းပဲဆိုပါတော့။ နေ့စဉ်ကီလိုဝပ်နာရီ(ယူနစ်) ငါးသောင်းထုတ်ပေးနိုင်တဲ့ စက်ရုံဟာ မိုးတွင်းမှာ နေ့စဉ်ယူနစ်သုံးသောင်းသာ  ရောင်းခွင့်ရခဲ့ရင်  ကျန်တဲ့ယူနစ်  နှစ်သောင်းဟာ အလဟဿဖြစ်ပြီး ပိုလျှံ ရေအဖြစ် ချောင်းထဲကို ဒီအတိုင်းလွှတ်နေရတဲ့ သဘောပါပဲ။  လက်ရှိမြန်မာနိုင်ငံ အချို့တမံများမှာ ဒီအတိုင်းကျင့်သုံးနေတာပါ။ ဒီတန်ဖိုးတွေဟာ ရင်းနှီးထားသူအတွက်လည်း အကျိုးမရှိ၊ နိုင်ငံလည်းနစ်နာပါတယ်။ ဒီလိုဖြစ်ရတာဟာ အခြေခံ အချက်တွေ အများကြီးကြောင့်ပါ။ ကမ္ဘာ့ထုံးစံက စက်ရုံမတည်မီကတည်းက သင့်လျော်တဲ့ရာခိုင်နှုန်းကို ဝယ်မလား၊ မဝယ်ဘူးလား ကြိုတင် သဘောတူညီချက် ယူကြရပါတယ်။ ဒီသဘောတူညီမှုအရ ရာခိုင်နှုန်းနည်းရင် တစ်ယူနစ်ရောင်းဈေးမြင့်ပါတယ်။ ဒီသဘောတူညီမှု မရမချင်း စက်ရုံမတည်ဆောက်ပါဘူး။ ဒီသဘောတူညီချက်ကို Power Purchase Agreement (PPA) လို့ခေါ်ပါတယ်။ ငွေချေးတဲ့ ဘဏ်တွေကလည်း ဒီစာချုပ်ကိုကြည့်ချေးတာပါ။ တွက်ခြေမကိုက်ရင် ငွေမချေးပါဘူး။ ရေအားလျှပ်စစ်ကဏ္ဍမှာ နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားသူတွေ လက်တွန့်နေကြတာ ဒီအချက်က အဓိကပါပဲ။ ရေအားအရင်းအမြစ်တွေကိုသုံးပြီး စက်ရုံ တည်ဆောက်ချင်လို့ စူးစမ်းလေ့လာပြီးသားဖြစ်နေသူတွေဟာ သက်ဆိုင်ရာရုံးခန်းတွေမှာ အကြိမ်ကြိမ်လာရောက် ဆွေးနွေးနေကြ ပေမယ့် နှစ်ဖက်မျှတစေမယ့် ဓာတ်အားဝယ်ယူရေးစာချုပ်(PPA) ရေးထိုးဖို့ကိစ္စမှာ နှစ်ချီကြာနေတာကြောင့် မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ရကိုင်ရတာ အခက်ဆုံးနိုင်ငံထဲမှာပါတယ်လို့ ပြောကြတာလည်း မဆန်းပါဘူး။ တစ်နိုင်ငံလုံးမှာ ပြည်သူ ၃၈ ရာခိုင်နှုန်းသာ ဓာတ်အားရရှိသေးတဲ့အချိန်မှာ ဘာတွေကလျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးမှာ အဟန့်အတား ဖြစ်နေတာလဲဆို တာ စစ်စစ်ပေါက်ပေါက် သိသူကနည်းမှာပါ။

လျှပ်စစ်ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လုံခြုံရေးအားလုံးနဲ့ ချိတ်ဆက်နေပါတယ်။ နိုင်ငံတော်ပိုင်းက လုပ်ရမယ့် အလုပ်ဟာ ဥပဒေနှင့်အညီ နိုင်ငံပိုင်စီးပွားရေးကော်ပိုရေးရှင်းတွေ ထူထောင်တာမျိုးလုပ်၊ ပုဂ္ဂလိကတွေကို လွတ်လပ်စွာ ထုတ်လုပ်မှုတွေလုပ်ခိုင်း၊ ဖက်စပ်လုပ်တန်တာကိုလုပ် မိမိကဓာတ်အားစနစ်ကို ကိုင်ထားပြီး ထိန်းကျောင်းဖို့ပါပဲ။ ထုတ်လုပ်သူနဲ့ သုံးစွဲသူကြားထဲမှာ  ဒိုင်လူကြီးလုပ်ပေးဖို့ပါပဲ။ ထုတ်လုပ်သူတွေက ရင်းနှီးမြှုပ်နှံချင်ပါမှ နိုင်ငံတော်ဘတ်ဂျက် တောင်းခံစရာမလိုဘဲ ဓာတ်အားစနစ်ထဲ ဓာတ်အားရောက်လာမှာပါ။ မိမိဓာတ်အားစနစ်ထဲမှာ ဘယ်အချိန်မှာ ဘယ်စက်ရုံတွေ တည်ဆောက်ပြီး ဖြစ်လာမယ်၊ ဘယ်စက်ရုံတွေက ဘယ်တော့သက်တမ်းကုန်လို့ရပ်မယ်၊ ဘယ်လိုအချိန်မှာ ဘယ်နေရာကို မဟာဓာတ်အားလိုင်း ရောက်ရှိနေမှ ထွက်လာမယ့် ဓာတ်အားကိုအကုန်သုံးနိုင်မယ်။ ဒါတွေကို အဓိကစီမံပေးဖို့သာ နိုင်ငံတော်က အာရုံစိုက်ရမှာပါ။  ဓာတ်အားထုတ်လုပ်မှုတွေနဲ့အပြိုင်  တစ်ဖက်ကလည်း  ပြည်ပနဲ့ဓာတ်အားကုန်သွယ်မှု စာချုပ်တွေချုပ်ပြီး ကြိုတင်ဆောင်ရွက်ထားမှ လည်း ကမ္ဘာ့အဆင့်မီ ဓာတ်အားစနစ်ဖြစ်လာမှာပါ။ ဓာတ်အားမရရှိသေးတဲ့ ပြည်တွင်းဒေသအသီးသီးကိုလည်း အမြန်ဆုံး ဓာတ်အားရရှိစေပါမယ်။ ပြည်ပကို အထိုက်အလျောက် ဓာတ်အားရောင်းခြင်းဖြင့် နိုင်ငံလည်း ပြည်ပဝင်ငွေရရှိမယ်။ ဓာတ်အား စနစ်မှာ ဓာတ်အားပြတ်တောက်တာ ပိုတာတွေကို ထိန်းညှိစရာထွက်ပေါက်တစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ ဒီလိုပြည်ပရောင်းလို့ ရလာတဲ့ ဝင်ငွေရှိပါမှ အခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တွေကို နိုင်ငံတော်က ဆောင်ရွက်နိုင်ပါမယ်။

ဆက်လက်ဖော်ပြပါမည်။