တိုင်းပြည်ကောင်းကျိုး မြတ်နိုးပူဇော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး၊ ဘုရားဒါယကာ၊ ဒါယိကာမ တို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ထားပူဇော်လျက်ရှိသော မင်္ဂလာကောင်းသတင်းမှာ ဗုဒ္ဓဘာသာဝင်ရဟန်းရှင်လူတို့အတွက် ဝမ်းမြောက်ကြည်နူးဖွယ်ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ပေါ်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပို့တွဲလဆန်း ၆ ရက်(ခရစ်နှစ် ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၂၆ ရက်) တွင် အဆိုပါ ဥယျာဉ်တော်အတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသနှင့်သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာ ရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက် အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
မင်္ဂလာအချိန်တော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စက်ခလုတ်နှိပ်၍ မင်္ဂလာစက်ယန္တရားများဖြင့် စတင်ပင့်ဆောင်ပူဇော် သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိသည်။
ယခုပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း(၁/၂/၃)တို့ကို တွဲဆက်ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီး၏ စုစုပေါင်း အလေးချိန်မှာ တန် ၁၇၀၀ ဖြစ်သည်။ အဆိုပါ ဆင်းတုတော် အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင် ဝန်ချီစက်အသုံးပြု၍ ရတနာ ပလ္လင်တော်ပေါ်သို့ စတင်ပင့်ဆောင်ခြင်းဖြစ်ပြီး ရတနာပလ္လင်တော်ပေါ်သို့ ရောက်ရှိရန် ပင့်ဆောင်ချိန် ၇၂ နာရီခန့်ကြာမြင့်မည် ဖြစ်ကြောင်းသိရှိရသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် ဗဟိုမဏ္ဍိုင်ဌာန၌ ဌာပနာတော်သွင်းလှူ ပူဇော်ခြင်းမဟာ မင်္ဂလာ အခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပို့တွဲလဆန်း ၇ ရက်၊ (ခရစ်နှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၇ ရက်) နံနက် ၈ နာရီတွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော်ရေရှည် တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာ ကုသိုလ်ပြုနိုင်ရန် လှူဒါန်းပူဇော်လိုသည့် ခုနစ်ရက်သားသမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် အချိန်မီ သွင်းလှူပူဇော်နိုင်ရေးအတွက် ဆက်သွယ်လှူဒါန်းရန် ဖုန်းနံပါတ်များကိုဖော်ပြကာ နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော် ထားပြီးဖြစ်သည်။
ကုသိုလ်ကောင်းမှုများ ကြီးကျယ်ခမ်းနားစွာပြုရသော အချိန်အခါသည် အလွန်ပင် ကျက်သရေမင်္ဂလာအပေါင်းနှင့် လွန်စွာပြည့်စုံ သော အချိန်ကာလဖြစ်သည်။ လွန်စွာကြီးကျယ်ခမ်းနား၍ အံ့မခန်းသော တည်ဆောက်လှူဒါန်းမှုဖြစ်သည်။ ထိုသို့ကြီးကျယ်ခမ်းနား သောလှူဒါန်းမှုတစ်ခုကို စာရေးသူတို့တစ်သက်တွင် ကြုံတွေ့ရသည်မှာ ကြုံတောင့်ကြုံခဲအခွင့်အခါကောင်းဖြစ်သည်။ မြန်မာလူမျိုး တို့သည် အလှူရေစက်လက်နှင့်မကွာ ရှိကြသူများ ဖြစ်သည်။
ကံ-ကံ၏အကျိုးသက်ဝင် ယုံကြည်ကြသူများဖြစ်ကြ၍ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုကိုပြုကြသည်။ ထိုသို့ကုသိုလ်ပြုရာ တွင် ဦးဆောင်သူမှာ အဓိကဖြစ်သည်။ သာမန်လူ ပုဂ္ဂိုလ်တိုင်းမှာ ဦးဆောင်မှုပြုနိုင်သည်မဟုတ်ပါ။ ဘဝအဆက်ဆက်၊ သံသရာ အဆက်ဆက်မှာ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ ဆယ်လီသုံးစုံကုသိုလ်ဟုန်နှင့် ပြည့်စုံသူများသာ ဦးဆောင်နိုင်ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ဦးဆောင်မှုမှာလည်း ဘဝအဆက်ဆက်က ပါရမီဖြည့်ကျင့်ထားခြင်းကြောင့်သာ ဤမျှကြီးမားသော လုပ်ငန်း ဆောင်တာကုသိုလ်တော်ကို အောင်မြင်စွာပြုနိုင်ခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာကို လေးစားတန်ဖိုးထားကာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထား ပူဇော်ခြင်းမှာ လူသာမန်တို့ မစွမ်းဆောင်နိုင်သော ကိစ္စရပ်ဖြစ်သည်။ လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံပြီး ဘုန်းကံကြီးမားခြင်း ကြောင့်သာ အောင်မြင်ပြီးမြောက်ခြင်းဖြစ်သည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ခြင်း၏ ရည်ရွယ်ချက်ကပင် လွန်စွာမွန်မြတ်လှသည်။ “မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူ ဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်” စသည့် ကောင်းမြတ်သော ရည်မှန်းချက်များဖြင့် တည်ထား ပူဇော်ခြင်းဖြစ်သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်မှုတွင် ကုသိုလ်ပါဝင်လှူဒါန်းသူများမှာလည်း လွန်စွာ များပြားလှသည်။ လှူဒါန်းမှုအစုစုပြုသည့် အလှူရှင်ဘုရားဒါယကာ၊ ဒါယိကာမ စာရင်းကိုလည်း နေ့စဉ်ထုတ် သတင်းစာများ တွင်ဖော်ပြပေးလျက်ရှိသည်။
“သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ” ဟူသောပါဠိတော်အရ အလှူဒါနအားလုံးတို့တွင် ဓမ္မဒါနသည် အမြတ်ဆုံးဖြစ်သည်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မဟာရံအတွင်းမှ ကျောက်စာဓမ္မစေတီတော်များရှိ ကျောက်စာချပ်(၁၄၄၀)ချပ်အပေါ်တွင် ကျောက်ထက် အက္ခရာတင် ရေးထိုးထားသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ပါဠိတော် ၅၃ ကျမ်း(၄၀ အုပ်)တို့ကို ပါဠိမြန်မာ၊ ပါဠိရိုမန်အက္ခရာနှစ်မျိုးဖြင့် ကျမ်းစာအုပ်တစ်အုပ်တွင် ပါဝင်ရမည့် အင်္ဂါရပ်များနှင့်အညီ အကောင်းမွန်ဆုံးချုပ် လုပ်ထားရာတစ်စုံလျှင် ၁၂ သိန်းကျပ်နှုန်းဖြင့် အစုံ ၅၀၀ (၂၀၀၀၀ အုပ်) အတွက် လှူဒါန်းပြီးစီးကြောင်းသိရသည်မှာလည်း အမြတ်ဆုံးအလှူကို ပါဝင်လှူဒါန်းကြခြင်းဖြစ်၍ ဝမ်းသာမိပါ သည်။
မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓသာသနာအထွန်းကားဆုံးနိုင်ငံအဖြစ် ခိုင်ခိုင်မာမာရပ်တည်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သာသနာပြု မင်းကောင်းမင်းမြတ်များပေါ်ထွန်းတိုင်း ဘာသာသာသနာတော်အရှည်ခံ့၍ တည်တံ့ရေးကို ကြိုးပမ်းစွမ်းဆောင်ခဲ့ ကြသည်။ ပထမမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့သော အနော်ရထာမင်းမြတ်၏ လက်ထက်တွင် ရှင်အရဟံ၏ ဟောကြားလမ်းညွှန်မှု ဖြင့် ဘာသာသာသနာထွန်း လင်းတောက်ပခဲ့သည်။ လက်ညှိုးထိုးမလွဲသော စေတီပုထိုးပေါင်းမြောက်မြားစွာမှာ ပုဂံခေတ်က သာသနာ စည်ပင်ထွန်းကားမှုကို ဖော်ညွှန်းနေခြင်းဖြစ်သည်။ ဗုဒ္ဓသာသနာ၏ ခရီးတစ်လျှောက်တွင် သာသနာပြု မင်းကောင်း မင်းမြတ်တို့၏ အထောက်အပံ့ကိုရရှိသည့်အခါ သာသနာတော်ကြီးမှာ နေအရောင်၊ လအရောင်ကဲ့သို့ ထွန်းလင်းတောက်ပခဲ့သည်။ မြန်မာနိုင်ငံတွင်သာသနာပြုမင်းကောင်းမင်းမြတ်များသည် ဆရာတော်ကြီးများ၏ သြဝါဒကိုနာယူကာဓမ္မစက်ကို အာဏာစက်ဖြင့် ကူညီပံ့ပိုး၍ ပစ္စည်းလေးပါး ထောက်ပံ့ခဲ့ကြသည်။
မြန်မာဘုရင်တို့၏ နောက်ဆုံးခေတ်ဟုဆိုနိုင်သော ကုန်းဘောင်ခေတ်ကိုတည်ထောင်သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ သည် တိုင်းပြည်ဖျက်သည့် ရန်သူအပေါင်းကို ချေမှုန်းရန်အတွက်စစ်ထွက်သည့်အခါတိုင်း “ငါသည်လည်းကောင်း၊ ငါ၏ရန်သူသည် လည်းကောင်း သာသနာကို ပို၍ချီးမြှောက်နိုင်သူကသာ ဤစစ်ပွဲတွင် အနိုင်ရပါစေ” ဟူ၍ သစ္စာအဓိဋ္ဌာန်ပြုခဲ့သည်။ မိမိထက်ပိုမို၍ သာသနာပြုနိုင်သူ၊ သာသနာကို ပိုမိုစောင့်ရှောက်နိုင်သူကို ဦးစားပေးကာ ဘာသာသာသနာပြန့်ပွားရေးကို ဦးထိပ်ပန်ဆင်ခဲ့သည်။ ဘာသာသာသနာကို စောင့်ရှောက်ရန်မေ့လျော့သူ၊ မိမိ၏ အမျိုးဘာသာသာသနာကို တန်ဖိုးထားရမှန်းမသိသူတို့မှာ နောက်ဆုံးတွင် ဆုံးရှုံးခြင်းဖြင့်သာ ရင်ဆိုင်ကြရသည်မှာ သမိုင်းတွင် အထင်အရှားရှိခဲ့သည်။
မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက်ခံဘဝသို့ကျရောက်ခဲ့သော်လည်း ဗုဒ္ဓဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသော ဆရာတော်အရှင်သူမြတ်များကျေးဇူးကြောင့် သာသနာကွယ်ပျောက်ခြင်းမျိုးမရှိခဲ့ပေ။ ရှေးမြန်မာများသည် လုံ့လ၊ ဝီရိယကြီးမားစွာ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သဗ္ဗညုတ မြတ်စွာဘုရားရှင်အားရည်မှန်း၍ စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများကို တည်ထားကိုးကွယ်ပူဇော်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓရုပ်ပွားတော်များ တည်ထားကိုးကွယ်မှုနှင့်ပတ်သက်၍ ပျူခေတ်တွင် အစောဆုံးတွေ့ရှိရသည်။ ၁၉၀၆ ခုနှစ်တွင် ဘောဘောကြီးစေတီအနီးမှတွေ့ရသော ကျောက်ချပ်ပေါ်မှ မြတ်စွာဘုရားသည် ပလ္လင်ပေါ်၌ ခြေတော်ကိုထပ်လျက် တင်ပလ္လင်ခွေကာ စံပယ်တော်မူသည်ကို တွေ့ရသည်။ ပုဂံခေတ်တွင်လည်း အနော်ရထာ မင်းကြီး ကိုယ်တိုင် သံသရာမှလွတ်မြောက်ရန်အလို့ငှာ ဤဘုရားကို မိမိလက်ဖြင့်သာလျှင် ပြုလုပ်တော်မူအပ်၏ ဟူသော ပါဠိဘာသာဖြင့် အုတ်ခွက်ဘုရား၏ ကျောဘက်မျက်နှာစာတွင် ရေးထိုးထားသည်ကို တူးဖော်တွေ့ရှိရသည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်၍ စာရေးသူ သိရှိထားသည့် အကြောင်းအရာ အချက်အလက်တို့ကို စာဖတ်သူ အားမျှဝေလိုပါသည်။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စကျင်တောင်မှထွက်ရှိသည့် စကျင်ကျောက်တော် ကြီးအား ရုပ်ပွားတော်ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေရှိ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင်ရေး Shwe Foundation ၏လွှဲအပ်ချက်အရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တသဒ္ဓိယနှင့် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသတို့ထံမှ သြဝါဒခံယူပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်၍ အများစုပေါင်းလှူဒါန်းမှုဖြင့် တပ်မတော်မှစတင်ဆောင်ရွက်ပါသည်။
အဆိုပါ စကျင်ကျောက်ဘူမိဖဿမုဒြာဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ၂၀၂၀ ပြည့်နှစ် ဇွန် ၆ ရက်နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရနှင့်အတူ သွားရောက်ကြည့်ရှု၍ ထုဆစ် ကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများကို ဆရာတော်ကြီးထံတင်ပြလျှောက်ထားပြီး ဆရာတော်ကြီး၏ လမ်းညွှန်မှုသြဝါဒကို ခံယူပါသည်။
ဦးစွာ သီတဂူဆရာတော်ဘုရားကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရန် ကျောက်များတူးဖော်လျက်ရှိ သည့် မတ္တရာမြို့နယ် စကျင်တောင်သို့ရောက်ရှိကြပြီး သီတဂူဆရာတော်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရှင်းလင်း ဆောင်၌ ဆောင်ရွက်နေမှု အခြေအနေများကို ရုပ်ပွားတော်ပုံစံငယ်များဖြင့် တင်ပြလျှောက်ထားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက စကျင် ကျောက်တော်ကြီးတူးဖော်ခြင်း၊ ထုဆစ်ခြင်းလုပ်ငန်းဆောင်ရွက်မှုများ၊ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင်ရေး ရေလမ်း၊ ကုန်းလမ်းတို့မှ သယ်ယူပို့ဆောင်သွားမည့် အခြေအနေများ၊ နေပြည်တော်တွင် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ဆက်လက်တင်ပြလျှောက်ထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရုပ်ပွားတော် မြတ်ကြီးကို “မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှု ကိုအထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးပွားစေရန်” စသည့်ရည်ရွယ်ချက် ၄ ချက်ဖြင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း လျှောက်ထားသည်။
စကျင်ကျောက်တော်ကြီးကို အလှူရှင် Angelo Mining Co.,Ltd. မှ ဦးအောင်ခိုင်သန်းက Shwe Foundation သို့ ၂၀၁၃ ခုနှစ်တွင် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ပလ္လင်တော်အတွက်လိုအပ်သည့် ကျောက်များကို ထပ်မံဝယ်ယူဖြည့်တင်းခဲ့ရကြောင်း၊ ရုပ်ပွားတော်အတွက် လိုအပ်သည့် ကျောက်သားတူးဖော်ခြင်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ နေရာချထားခြင်းနှင့် တည်ထားကိုးကွယ်မည့် ဥယျာဉ် တော်အတွင်း သာယာလှပရေးတို့အား စနစ်တကျတွက်ချက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဥယျာဉ်တော်အတွင်း၌ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေးအတွက် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်၊ ပုတ်တလုတ်ရေကန်၊ ရေပန်းများ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ဂန္ဓကုဋိတိုက်အတွင်း၌လည်း ဗုဒ္ဓယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များကို စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်သွား မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်ဇူလိုင်လမှစတင်၍ ပင့်ဆောင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် မူလဉာဏ်တော်မထိခိုက်စေဘဲ ထုံးတမ်းစဉ်လာများနှင့်အညီ ပင့်ဆောင်သွားမည်ဖြစ်ကြောင်း တင်ပြလျှောက် ထား ခဲ့ပါသည်။
သီတဂူဆရာတော်ဘုရားကြီးက မြတ်စွာဘုရား၏ ရုပ်ဆင်းအင်္ဂါလက္ခဏာတော်ကြီး ၃၂ ပါးနှင့် အနီးစပ်ဆုံးတူညီအောင် ထုဆစ်ရမည် ဖြစ်ပြီး သင်္ကန်းအကျကအစ လက်ချောင်းများညီညာနေရမည်ဖြစ်ကြောင်း၊ ကျောက်သား ကောင်းရန်၊ ကျောက်အရောင်ညီ ရမည်ဖြစ်ပြီး လက်ရာကောင်းမွန်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သုဓမ္မာဇရပ်ဆောက်လုပ်ရာတွင် မန္တလေးရှိ သုဓမ္မာဇရပ်အတိုင်း ပုံစံယူပြီး ကျွန်းတိုင်များ ထည့်သွင်းဆောက်လုပ်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်းနှင့် ဗုဒ္ဓသာသနာ တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်သည်ဖြစ်၍ အလွန်ကောင်းမွန်သည့် အလုပ်ဖြစ်ကြောင်း မိန့်ကြားတော်မူသည်။
ထို့နောက် သီတဂူဆရာတော်ဘုရားကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စကျင်တောင်တော်မှ စကျင် ကျောက်တော်ကြီးအား ရုပ်ပွားတော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ၊ စုစုပေါင်း ဉာဏ်တော်အမြင့် ၈၁ ပေရှိ မြတ်စွာဘုရား ၏ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ကိုးကွယ်ရန် နေပြည်တော်သို့ ပို့ဆောင်နိုင်ရေးလုပ်ငန်း ၈ ခုခွဲ၍ ဆောင်ရွက်နေသည့် အခြေအနေများအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ နယ် စကျင်ကျေးရွာအနီး စကျင်တောင်မှ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏ သီရိမြို့နယ်သို့သယ်ဆောင်ရာတွင် စကျင်တောင်မှ မြောင်မြစ်အတွင်းသို့လည်းကောင်း၊ မြောင်မြစ်မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်း၍ ဆီမီးခုံဆိပ်ကမ်း၊ ဆီမီးခုံ ဆိပ်ကမ်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းမကြီးအတိုင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့် ဒက္ခိဏသီရိမြို့ နယ်သို့လည်းကောင်း အဆင့်ဆင့် ပင့်ဆောင်မည့်လမ်းကြောင်းကို ရဟတ်ယာဉ်ဖြင့်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
မြတ်ဗုဒ္ဓထုဆစ်ပုံဖော်ပူဇော်မည့် စကျင်ကျောက်တော်ကြီးကို ဗုဒ္ဓရုပ်ပွားတော်ထုဆစ်နိုင်ရန် လေးဖက်ရိုက်ပုံစံ ဖြတ်တောက်ပြီး စီးသည့် အနေအထားအရ ကျောက်တော်ကြီး၏ အရွယ်အစားမှာ ဉာဏ်တော်အမြင့် ၆၅ ပေ၊ ရှေ့အလျား(ဗြက်) ၅၄ ပေ၊ ထု ပေ၂၀ ရှိသည်။ အလေးချိန်တန် ၃၇၀၀ ရှိသည့်အတွက် နေပြည်တော်သို့သယ်ယူပင့်ဆောင်မည်ဆိုပါက ထုထည်ပမာဏကြီးမားလွန်းခြင်း၊ အလေးချိန်များပြားလွန်း ခြင်းတို့ကြောင့်ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများတွင် ကန့်သတ်ချက်များစွာနှင့်ကြုံတွေ့နိုင်သည်။ ထို့ကြောင့်ကျောက်တော်ကြီးကို အပိုင်းလိုက်ပင့်ဆောင်နိုင်ရေးအတွက် နိုင်ငံတော်သြဝါဒါစရိယဆရာတော်များ၏လမ်းညွှန်ချက်အရ ရုပ်ပွားတော်မြတ်ကြီး၏ ဦးခေါင်းတော်နှင့် ပကတိဉာဏ်တော်တို့ကို မထိခိုက်စေဘဲ အပိုင်းလိုက်ပင့်ဆောင်ပူဇော်ခဲ့ရသည်။
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ရန်ကျောက်တော်ကြီးအပိုင်းများ၏ စုစုပေါင်းအလေးချိန်မှာ တန်ချိန် ၈၁၅၈ တန်ရှိသည်။ နေပြည်တော်သို့ ပင့်ဆောင်ရာတွင် စကျင်တောင်မှ မြောင်မြစ်အထိ ၁ မိုင်ကို တူးမြောင်းဖောက်လုပ်၍လည်းကောင်း၊ မြောင်မြစ်မှ ဧရာဝတီမြစ်အထိ ၂ မိုင် ၅ ဖာလုံကို မြစ်ကြောင်းအတိုင်းပင့်ဆောင်၍လည်းကောင်း၊ ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့အနီး ဆီမီးခုံဆိပ်ကမ်းအထိ ၈၅ မိုင်ကို မြစ်ကြောင်းအတိုင်းလည်းကောင်း ပင့်ဆောင်ခဲ့ရသည်။ စုစုပေါင်းရေလမ်းကြောင်းအရှည်မှာ ၈၈ မိုင် ၅ ဖာလုံရှည်လျားသည်။
ဤနေရာတွင် တူးမြောင်းဖောက်လုပ်မှု အကြောင်းကို ဖော်ပြလိုပါသေးသည်။ တူးမြောင်းဖောက်လုပ်ရန်အတွက် တူးမြောင်း ပုံစံဒီဇိုင်းရေးဆွဲရန် လိုအပ်သည့် ရေအနက် (Design Water Level) သတ်မှတ်နိုင်ရန်အတွက် မြောင်မြစ်၏ မြစ်ရေအမှတ် များ၊ သယ်ယူပင့်ဆောင်မည့် ရတနာရွှေဖောင် (Barge) ရေယာဉ်၏ အတိုင်းအတာ အချက်အလက်များကို အခြေခံ၍ မိုးရာသီ ကာလအတွင်း သင်္ဘောဝပ်ကျင်း (Dock) အတွင်းသို့ ရတနာရွှေဖောင်တော် ရေယာဉ်ဝင်နိုင်မည့် အခြေအနေ၊ စကျင်တောင် တူးမြောင်းအတွင်းမှ ကျောက်တော်ကြီးအပိုင်းများ တင်ဆောင်၍ ပြန်လည်ထွက်ခွာနိုင်မည့် အခြေအနေနှင့် ဆီမီးခုံဆိပ်ကမ်းသို့ အရောက်တွင် ကျောက်တော်ကြီးအပိုင်းများ ကိုမြေပြင်ထက်သို့ ပြန်လည်ပင့်ဆောင်နိုင်မည့် အခြေအနေစသည့် အခြေအနေ သုံးရပ်ကို ဟန်ချက်ညီစေရန် အကြိမ်ကြိမ် တွက်ချက်သုံးသပ်ခဲ့ကြသည်။
ထိုသို့တွက်ချက်သုံးသပ်နိုင်ရန် အဓိကလိုအပ်သည့် စကျင်တောင်ရှိ မြောင်မြစ်၏ မြစ်ရေအမှတ်နှင့်ဆီမီးခုံဆိပ်ကမ်းရှိ ဧရာဝတီမြစ်၏ မြစ်ရေအမှတ်တို့ကိုရရှိနိုင်ရန် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၁၀)နှစ်တာကာလအတွင်း နှစ်စဉ်လအလိုက် ပျမ်းမျှအနိမ့်ဆုံး၊ အမြင့်ဆုံးဖြစ်ခဲ့သည့် မြစ်ရေအမှတ်အသားကို အထောက်အထားပြုကာ တွက်ချက်ခဲ့ကြကြောင်း သိရှိရပါသည်။ ရရှိခဲ့သည့် အချက် အလက်များအရ ထိပ်ဝအကျယ် ၁၄၄ ပေ၊ အောက်ခြေအကျယ်ပေ ၉၀ နှင့်ရေအနက် ၁၈ ပေရှိသည့် တူးမြောင်းတစ်ခုကို ဖောက်လုပ်ခဲ့ကြသည်။ ထို့နောက်စကျင်တောင်တွင် ရတနာရွှေဖောင်တော် ရေယာဉ်ဆိုက်ကပ်၍ ကျောက်တော်ကြီးအပိုင်းများ တင်ဆောင်နိုင်ရန်အတွက်အလျား ပေ ၄၀၀၊ အနံပေ ၄၀၀ရှိသည့် သင်္ဘောဝပ်ကျင်းတစ်ခုကို တည်ဆောက်ခဲ့ရသလို ဆီမီးခုံ ဆိပ်ကမ်းတွင် အလျားပေ၃၅၀၊ အနံပေ ၂၄၀ ရှိသည့် သင်္ဘောဝပ်ကျင်းတစ်ခုကို တည်ဆောက်ခဲ့ကြရသည်။
ကုန်းလမ်းကြောင်းတွင် ဆီမီးခုံဆိပ်ကမ်းမှ မြို့သာစက်မှုဇုန်အထိ ၁၈ မိုင်ကို မူလဖောက်လုပ်ပြီးဖြစ်သည့် မြေသားလမ်းမှလည်း ကောင်း၊ မြို့သာစက်မှုဇုန်မှ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် (၃၅၂/ဝ)စကားအင်းအဝိုင်းအထိ ၂၂ မိုင် ၅ ဖာလုံကို မြေသားလမ်း အသစ်ဖောက်လုပ်၍လည်းကောင်း စကားအင်းအဝိုင်းမှ မိုင်တိုင်အမှတ်(၂၀၄/ဝ)အထိ ၁၄၈ မိုင်ကို မန္တလေး-နေပြည်တော် အမြန်လမ်းမှ လည်းကောင်း၊ မိုင်တိုင်အမှတ်(၂၀၄/ဝ)မှ တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်အထိ ၇ ဖာလုံကို မြေသားလမ်း အသစ်ဖောက်လုပ်၍လည်းကောင်း သယ်ယူပင့်ဆောင်ခဲ့သည်။ စုစုပေါင်းကုန်းလမ်းကြောင်း အရှည်မှာ ၁၈၉ မိုင် ၄ ဖာလုံရှည်လျားကြောင်း သိရှိရသည်။
စကျင်ကျောက်တုံးတော်ကြီးများကိုရေလမ်းကြောင်းမှ စတင်သယ်ဆောင်ခြင်းအား ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင်စတင်ခဲ့ပြီး အရန်ကျောက်တော်ကြီးအပိုင်းများအပါအဝင် ကျောက်တော်ကြီး အပိုင်းများကို ကိုးခေါက်တိတိပင့်ဆောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မတ္တရာမြို့နယ် ဆီမီးခုံဆိပ်ကမ်းသို့ အောင်မြင်စွာ ပင့်ဆောင်ရောက်ရှိခဲ့သည်။ ကျောက်တော်ကြီး အပိုင်းများကို အနားညှိအလေးချိန်လျှော့ချခြင်း ဆောင်ရွက်ခဲ့ရာ တန်ချိန် ၈၁၅၈ တန်မှ၅၂၆ တန်လျှော့ချခဲ့ရာ တန်ချိန် ၇၆၃၂ တန်သို့ ရောက်ရှိခဲ့သည်။ ကုန်းလမ်းကြောင်းမှ ပင့်ဆောင်ခြင်းကို ၂၀၂၁ ခုနှစ်ဇန်နဝါရီ ၂၅ ရက်တွင်စတင်ခဲ့ပြီး ကျောက်တော်ကြီး အပိုင်းများ ကို ခုနစ်ခေါက်တိတိ ပင့်ဆောင်ခဲ့ရသည်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် တည်ထားကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်သို့ အောင်မြင်စွာ ပင့်ဆောင်ရောက်ရှိခဲ့သည်။
ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှပင့်ဆောင်ရာတွင် ရုပ်ပွားတော်အပိုင်း(၁)မှာ တန်ချိန် ၁၀၉၀ တန်ဖြစ်သည့်အတွက် ကမ္ဘာပေါ်တွင် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းတို့မှ အလေးချိန်(တန်ချိန်) အများဆုံးနှင့် ခရီးအကွာအဝေး အရှည်လျားဆုံး သယ်ယူခဲ့သည့် သယ်ယူပို့ဆောင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထိုကဲ့သို့ အလေးချိန်အများဆုံးနှင့် အဝေးဆုံးသယ်ယူခဲ့သည့် လုပ်ငန်းများတွင် တပ်မတော်သားများ၏ ကြိုးစားဆောင်ရွက်မှုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားအကူအညီ လုံးဝမပါဝင်ခဲ့သည့် အတွက် ခေတ်မီတိုးတက်လျက်ရှိသည့် နိုင်ငံကြီးများကပင် အံ့သြစရာဖြစ်ခဲ့ကြောင်း သိရှိရသည်။
ဤဆင်းတုတော်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် ရုပ်ပွားတော်ကြီးဖြစ်ကြောင်း သိရှိနိုင်သည်။ ကမ္ဘာ့အကြီးဆုံးဖြစ်လာမည့် စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဘွဲ့အမည်ကိုလည်း နိုင်ငံတော်သြဝါဒါ စရိယ ဆရာတော်ကြီးများထံ သြဝါဒခံယူ၍ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး” (MARAVIZARA) ဟူ၍ ပူဇော်သမုတ်ခဲ့သည်။ မာရဝိဇယဟူသည့်ဘွဲ့တော်၏ အနက်အဓိပ္ပာယ်မှာ “မာရ်နတ်မင်း၏ အနှောင့်အယှက် ရန်စွယ်အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော်မူသော မြတ်စွာဘုရား” ဟူ၍ဖြစ်သည်။
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပူဇော်ရန်အတွက် ရုပ်ပွားတော်အပိုင်းတွင် ကျောက်တော်ကြီးလေးပိုင်း(တန်ချိန် ၁၇၈၂ တန်)နှင့် ပလ္လင်တော်အပိုင်းတွင် ကျောက်တော်ကြီးငါးပိုင်း(တန်ချိန် ၃၅၁၀ တန်)ရှိသည်။ စုစုပေါင်းအလေးချိန်မှာတန်ချိန် ၅၂၉၂ တန်ဖြစ်သည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားနိုင်ရန်ကျောက်တော်ကြီး အပိုင်းကိုးပိုင်းတို့ကို ထုဆစ်တွဲဆက်ရမည် ဖြစ်သည်။ ထုဆစ်ခြင်းအတွက် နောက်ဆုံးပေါ် ကျောက်ဆစ်နည်းပညာဖြစ်သည့် Computer Numerical Control(CNC) နည်းပညာသုံး ခေတ်မီစက်ကြီးများဖြင့် ထုဆစ်ကြသည်။ ကျောက်တော်ကြီးအပိုင်းများ တွဲဆက်ရာတွင် သမားရိုးကျ နည်းလမ်းများ အပြင် ရေရှည်တည်တံ့စေရန်ရည်ရွယ်၍ ခေတ်မီနည်းပညာရပ်များ ပေါင်းစပ်ကာ ခေတ်မီနည်းလမ်းများ ဖြင့်ဆောင်ရွက်ခြင်း ဖြစ်သည်။ အချောသပ်ထုဆစ်ပြီး ဖြစ်တည်လာမည့် စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဉာဏ်တော် အမြင့်မှာ ၆၃ ပေဖြစ်ပြီး ပလ္လင်တော်အမြင့်မှာ ၁၈ ပေဖြစ်သည့်အတွက် စုစုပေါင်းဉာဏ်တော်အမြင့် ၈၁ ပေရှိမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် စကျင်ကျောက်သားဖြင့် ထုဆစ်သည့် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးနှင့် တန်ချိန်အများဆုံး ရုပ်ပွားတော်မြတ် တစ်ဆူဖြစ်သည်။
နိုင်ငံသူ၊ နိုင်ငံသားအားလုံး ဘေးရန်ပယ်ဖျောက်၊ ချမ်းသာရောက်၍ အောင်မြင်ခြင်းမင်္ဂလာအပေါင်းတို့နှင့် ပြည့်စုံစေရန် ရည်စိတ် သန်၍ ဘူမိဖဿမုဒြာဟန်ဖြင့်ထုဆစ်တည်ထားခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့သည် သက်တော်ထင်ရှား မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ ရုပ်ပွားဆင်းတုတော်များကို ထုလုပ်ကိုးကွယ်ကြသည်။ စေတီလေးမျိုးတွင် ဥဒ္ဒိဿစေတီဆိုသည်မှာ ရုပ်ပွားဆင်းတုတော်များကို ဆိုလိုခြင်းဖြစ်သည်။ ဥဒ္ဒိဿဟူသောပါဠိစကားသည် ရည်မှန်း၊ ရည်ညွှန်း၊ အာရုံပြုသည်ဟူ၍ အဓိပ္ပာယ်ရသည်။ ရုပ်ပွားဆင်းတုတော်ကိုးကွယ်မှုသည် သက်တော်ထင်ရှား မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို ရည်မှန်း၍ မြတ်စွာဘုရားရှင် ကိုယ်စားထုလုပ် ကိုးကွယ်ပူဇော်ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများ၏ လမ်းညွှန်ချက်များနှင့်အညီ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံးနှင့် မြန်မာ့ရိုးရာထုံးများနှင့် အညီ မြတ်စွာဘုရားရှင်၏ ၃၂ ပါးသောလက္ခဏာကြီး၊ အပါး ၈၀ သောလက္ခဏာငယ်တို့နှင့် ကြည်ညိုသပ္ပာယ်စွာ ထုဆစ် တည်ဆောက်ခြင်းဖြစ်သည်။ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းတွင် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်ဟူသည့် သာသနိက အဆောက်အအုံများကိုလည်း ခမ်းနားပြည့်စုံစွာ တည်ဆောက်လျက်ရှိသည့်အတွက် သာသနာ့နယ်မြေ တစ်ခုတည်းတွင် အစုံလင်ဆုံး နေရာတစ်ခုဖြစ်လာပေမည်။ သာသနိကအဆောက်အအုံများ တည်ဆောက်ရာတွင် မြန်မာအနုသုခုမ လက်ရာများဖြစ် သည့် ပန်း ၁၀ မျိုးအတတ်ပညာများဖြင့် ထုံမွှမ်းအလှဆင်ထားသည်။ ဘာသာ၊ သာသနာဆိုင်ရာ အခမ်းအနားများ ကျင်းပနိုင်ရန် ရည်ရွယ်၍ “အဂ္ဂါဓိပတိ” သိမ်တော် ကြီးတစ်ဆောင်ကိုလည်း တည်ဆောက်ထားသည်။ သိမ်တော်ကြီးတွင် ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ် ၂၂၀၀ ဦးကျော်ဝင်ဆံ့မည်ဖြစ်သဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးသောသိမ်တော်ကြီးအဖြစ်ပေါ်ထွက်လာမည်ဖြစ်သည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမျက်နှာမူရာ ရှေ့တူရူအရပ်တွင် မြတ်ဗုဒ္ဓ၏ သာသနာတော်သုံးရပ်ဖြစ်သည့် ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတို့၏ ဆဋ္ဌသင်္ဂါယနာမူဖြစ်သည့် ပိဋကတ်ဓမ္မကျမ်းစာများကို ကျောက်ထက်အက္ခရာတင်၍ ပူဇော်ထားရှိသည်။ ပါဠိဘာသာအပြင် ရိုမန်ဘာသာဖြင့်ပါ ရေးထွင်းပူဇော်ထားသည်။ ဝိနည်းပိဋကတ်တော်များကို ကျောက်စာစေတီ ၉၆ ဆူ၊ အဘိဓမ္မာ ပိဋကတ် တော်များကို ကျောက်စာစေတီ ၂၁၆ ဆူနှင့် သုတ္တန်ပိဋကတ် ကျောက်စာစေတီ ၄၀၈ ဆူတည်ဆောက်ထားသည်။
ရဟန်းရှင်လူ များပြည်သူတို့အတွက် မာရဝိဇယ ဗုဒ္ဓဥယျာဉ်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ပိဋကတ် ကျောက်စာ စေတီများ၊ သာသနိကအဆောက်အအုံများမှာ ကမ္ဘာတည်သရွေ့ ဆက်လက်တည်ရှိနေမည်ဖြစ်သဖြင့် ဗုဒ္ဓသာသနာတော်အတွက် ရှေးမင်းကောင်းမင်းမြတ်များနည်းတူ သာသနာ့မော်ကွန်း ရေးထိုးနိုင်ခဲ့ပြီးဖြစ်သည်။ ဘာသာ၊ သာသနာကို အလေးထား ကြည်ညို ကြသည့် မင်းကောင်းမင်းမြတ်များလက်ထက်တွင် ဗုဒ္ဓသာသနာမှာနေတစ်ဆူ၊ လတစ်ဆူပမာထွန်းလင်းတောက်ပခဲ့ သည့်နည်းတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ဦးဆောင်မှုဖြင့် သာသနာ့သမိုင်းတစ်ခေတ် ထာဝရကုသိုလ်ကို စိုက်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူဝင့်ကြွားဝမ်းမြောက် ဝမ်းသာပီတိအဖြာဖြာဖြင့် ရေးသားလိုက်ရပေသည်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)