တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၂)၊ တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၆)နှင့် တပ်မတော်(ရေ) အမျိုးသမီး အရာရှိငယ်သင်တန်းအမှတ်စဉ်(၈)သင်တန်းဆင်းပွဲကျင်းပ

တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၂)၊ တပ်မတော်(ရေ) အရာရှိငယ် (အင်ဂျင်နီယာ)သင်တန်း အမှတ်စဉ်(၅၆)နှင့် တပ်မတော်(ရေ) အမျိုးသမီး အရာရှိငယ်သင်တန်းအမှတ်စဉ်(၈)သင်တန်းဆင်းပွဲကျင်းပ

၂၀၂၃/ဇန်(၂၇)ရက်

    တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၂)၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၆)နှင့် တပ်မတော်(ရေ) အမျိုးသမီး အရာရှိငယ်သင်တန်းအမှတ်စဉ်(၈) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

     အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ ၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်၊  ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တပ်မတော်(ရေ)မှအရာရှိကြီးများ၊ ရန်ကုန်တပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ တပ်မတော်အရာရှိကြီးများ၊ ကျောင်းဆင်းအရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

     ဦးစွာ ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း ချီတက်နေရာယူကြပြီး နိုင်ငံတော်အလံအား အလေးပြုကြသည်။

     ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ  မိုးအောင်က ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။

     ထို့နောက်ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေးဦးစီးချုပ်(ရေ)အား အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။ ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်မတော်(ရေ)အရာရှိငယ် (စီမံခန့်ခွဲရေး) သင်တန်း အမှတ်စဉ်(၈၂)မှ အကောင်းဆုံး ကျောင်းသားဆုရ ရေ ၅၆၅၄ ဗိုလ် စိုင်းခန့်သူရိန် နှင့် ရေကြောင်းပညာစာပေထူးချွန်ဆုရ ရေ ၅၆၃၈ ဗိုလ် ပြည်သိန်းကျော် တို့အား လည်းကောင်း၊ တပ်မတော်(ရေ) အရာရှိငယ်(အင်ဂျင်နီယာ) သင်တန်းအမှတ်စဉ်(၅၆)မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၆၆၂ ဗိုလ် နိုင်ဦး နှင့် ရေကြောင်း အင်ဂျင်နီယာပညာ စာပေထူးချွန်ဆုရ ရေ ၅၆၆၈ ဗိုလ် ကျော်မင်းဟိန်း တို့အား လည်းကောင်း၊ တပ်မတော်(ရေ) အမျိုးသမီးအရာရှိငယ် သင်တန်းအမှတ်စဉ်(၈) မှ အကောင်းဆုံးကျောင်းသားဆုရ ရေ ၅၆၇၄ ဗိုလ် ဒေါ်ခိုင်ခန့်ခန့်ကျော် နှင့်ရေကြောင်း ပညာစာပေထူးချွန်ဆုရ ရေ ၅၆၇၅ ဗိုလ် ဒေါ်လဲ့နန္ဒာထွန်း တို့အား လည်းကောင်း  ထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူ မိုးအောင် က သင်တန်းဆင်း မိန့်ခွန်းပြောကြားရာတွင် “သင်တန်းသားများကို သင်တန်း ကာလအတွင်းမှာ နိုင်ငံတကာ ရေတပ်စံနှုန်းများနှင့်အညီ ရေကြောင်းဆိုင်ရာ ပညာရပ် များ၊ ရေတပ်စက်မှုလက်မှု ပညာရပ်များ၊ ရေတပ်လက်နက်နှင့် လက်နက်စနစ်ပညာရပ်များနှင့် ရေတပ်အုပ်ချုပ်ထောက်ပံ့မှု ပညာရပ်များကို စာတွေ့၊လက်တွေ့လေ့ကျင့် သင်ကြားပေးခဲ့ပြီးဖြစ်၍ စစ်ရေယာဉ်ကြီးများတွင် တွဲဖက်ပဲ့စင် တာဝန်ကျအရာရှိ(Junior Officer of the Watch)နှင့် တွဲဖက်စက်မှုလက်မှု တာဝန်ကျအရာရှိ( Junior Engineer Officer of the Watch)များအဖြစ် လက်တွေ့လုပ်ငန်းခွင်တွင် ဆက်လက်လေ့လာ ဆည်းပူး သွားရဦးမှာ ဖြစ်ကြောင်း၊ လုပ်ငန်းခွင်လက်တွေ့ လေ့ကျင့်မှုများ ပြီးဆုံးသွားသည့် အချိန်တွင်အရည်အချင်းပြည့်မီသူများကိုသာ စစ်ရေယာဉ်များမှာ တာဝန်ပေးအပ်သွားမှာဖြစ်ပြီး ထိုက်သင့်သည့် ပင်လယ်ပြင်လုပ်သက်နှင့် လုပ်ငန်း အတွေ့အကြုံရရှိ ပြီးချိန်တွင် အထူးပြုဘာသာရပ်ဆိုင်ရာ သင်တန်း (Specialized Course)များကိုထပ်မံ တက်ရောက်လေ့လာ သင်ကြားကြရမှာဖြစ်ကြောင်း၊    ယနေ့ခေတ် အမျိုးသမီးအရာရှိ၊စစ်သည်များ အနေဖြင့် ခက်ထန်ကြမ်းတမ်းသည့် ပင်လယ်သမုဒ္ဒရာကို မိုင်ထောင်ချီဖြတ်ကျော်ကာ ပြည်ပနိုင်ငံချစ်ကြည်ရေးခရီးစဉ် များနှင့် ပူးတွဲလေ့ကျင့်ခန်းများတွင် အမျိုးသား အရာရှိ၊စစ်သည်များနည်းတူ ရင်ပေါင်တန်း ပါဝင်ဆောင်ရွက်နိုင်ခဲ့ကြကြောင်း၊ မျိုးဆက်သစ် အမျိုးသမီးအရာရှိငယ်များ အနေဖြင့် ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ပြီး အများက အားကျအတုယူရတဲ့ စစ်သမီးတွေဖြစ်အောင် အလေးအနက်ထားကြိုးစား တာဝန်ထမ်းဆောင်သွားရန် လိုကြောင်း၊ မြန်မာ့ပင်လယ်ပြင်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တို့နှင့် ဆက်စပ်တည်ရှိနေပြီး မဟာဗျူဟာအရ အရေးပါသည့်နေရာ တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများအတွက် အခွင့်အလမ်းများစွာ ဖော်ဆောင်ပေးနိုင်သည့် အနေအထားဖြစ်သကဲ့သို့ ပဋိပက္ခအသွင်ဆောင်သည့် ခြိမ်းခြောက်မှုအလားအလာများလည်းရှိနေ ကြောင်း၊တပ်မတော်(ရေ)အနေဖြင့် နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွား၊ အခွင့် အလမ်းများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နေသကဲ့သို့ ခြိမ်းခြောက်မှုတုံ့ပြန် ကာကွယ်နိုင်ရေး အတွက်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိကာ “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဆိုသည့် ဆောင်ပုဒ်နဲ့အညီ မြန်မာ့ပင်လယ်ပြင်ကို စောင့်ရှောက် ကာကွယ်ဖို့ ဖြစ်သည်ကို အမြဲနှလုံးသွင်း ခံယူချက် ပြင်းပြနေဖို့ အလေးအနက်ထား မှာကြားလို ကြောင်း၊၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့နဲ့ စစ်ရေယာဉ်များတပ်တော်ဝင်အခမ်းအနားမှာနိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဌ၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက် ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊  စစ်ရေယာဉ်များ တည်ဆောက်ဖြည့်တင်းပေးရန်၊ လူသားအရင်းအမြစ်များ ပိုမိုတိုးတက် ကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လိုက်လျောညီထွေ ဖြစ်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြွက်ကြားခဲ့ကာ စစ်ရေယာဉ်များ တည်ဆောက်ရေးနဲ့ပတ်သက်ပြီး ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ဆယ်စုနှစ်တစ်စုကျော် ကာလအတွင်း စစ်ရေယာဉ်အစီး ၁၀၀ ကျော်ကို တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ကြောင်း၊လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခေတ်မီ Ship Handling Simulator များ၊ Engine Room Simulator ၊ Damage Control Simulator နှင့် War Game Simulator ကိုလည်း အဆင့်မြှင့်တင်ပေးခဲ့ပြီး လေ့ကျင့်ရေးစနစ်၏ ထိရောက်မှုနဲ့ စွမ်းဆောင်မှုများကို ပိုမိုတိုးတက်လာစေခဲ့ကြောင်း၊တစ်ဦးချင်း အရည်အချင်း တိုးတက်စေရန်အတွက် ပြည်တွင်း သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များကို ပြည်ပနိုင်ငံများသို့ စေလွှတ် တက်ရောက်စေလျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများမှကျွမ်းကျင်သူMobile Training Team နည်းပြများကို ခေါ်ယူကာ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ တပ်မတော်(ရေ) ၏မျှော်မှန်းချက်အမြင် (Vision) မှာ မြန်မာ့ပင်လယ်ပြင် သီးသန့် စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ်နိုင်ရေးအတွက် သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိ တဲ့ တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy) အဖြစ်မျှော်မှန်း တည်ဆောက်လျက်ရှိကြောင်း၊ စစ်ရေယာဉ် တစ်စီးချင်း၏ စွမ်းရည် မြင့်မားလာမှုနှင့်အတူ တပ်မတော်(ရေ)၏ စွမ်းရည်လည်း တိုးတက် မြင့်မားလာမည် ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းမှသည် အဖွဲ့အစည်း စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ဖြင့် စွမ်းရည်တိုးတက်သည့် ရေတပ်ဖွဲ့ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကာကွယ်ရေးရဲ့ သဘောသဘာ၀ဟာ ကြိုတင်မျှော်တွေးပြင်ဆင် လေ့ကျင့်နေရ တာဖြစ်လို့ အမြဲလေ့ကျင့်နေမှသာ ပင်လယ်ပြင်မှ ကျူးကျော်လာတဲ့ မည်သည့် ရန်သူကိုမဆို အချိန်အခါမရွေး တုံ့ပြန်ချေမှုန်းနိုင်မှာဖြစ်ပြီး မြန်မာ့ပင်လယ်ပြင် ကာကွယ်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း”ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ တွင်မိန့်ကြားခဲ့ကြောင်း။ အရာရှိများ အနေဖြင့် ပင်လယ်ရေကြောင်း ဥပဒေများ၊ နိုင်ငံတကာ ရေကြောင်းဥပဒေများနှင့် ပြည်တွင်းရေကြောင်းဥပဒေများကိုပါ သိရှိလိုက်နာရမည့်အပြင် စစ်ပွဲဆိုင်ရာဥပဒေ (Law of Armed Conflict)နှင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း(Rules of Engagement)များကိုလည်း သိရှိလိုက်နာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ အရာရှိငယ်ဘဝမှာကတည်းက တပ်မတော်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများ၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ ရုံးလုပ်ငန်းများကို တိတိကျကျ နားလည်လိုက်နာဆောင်ရွက်နိုင်မှသာ အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းများအဖြစ် အဆင့်မြင့်တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်မှာ ဖြစ်ကြောင်း၊ အနာဂတ် တပ်မတော်(ရေ)ကိုပခုံးပြောင်း တာဝန်ယူကြရမည့် ခေါင်းဆောင်ငယ်များပီပီ မိမိတို့ တာဝန်ကျရာဒေသနှင့် ကဏ္ဍအသီးသီးတို့တွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် “လှေခွက်ချည်းကျန် အလံမလဲစိတ်ဓာတ်”ဖြင့် တက်တက်ကြွကြွဝိုင်းဝန်း ကြိုးစား လုပ်ဆောင်သွားကြပါလို့ တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားခဲ့သည်။

      ၎င်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)သည် ကျောင်းဆင်းတပ်ခွဲနှင့် ဂုဏ်ပြု တပ်ခွဲများ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ သွားသည်။ အခမ်းအနားအပြီးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့် အခမ်းအနားသို့ တက်ရောက်လာသော အရာရှိကြီးများသည် ကျောင်းဆင်းအရာရှိများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

    ထို့အတူ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်လာသော တပ်မတော် (ရေ)အငြိမ်းစား အမျိုးသမီးအရာရှိ၊စစ်သည်များနှင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိ သည့် မျိုးဆက်သစ် အမျိုးသမီး အရာရှိ၊စစ်သည်များသည် ရေတပ်လေ့ကျင့်ရေးဌာန ချုပ်ရှိ Department of Maritime Operations(DMO)ခန်းမ၌ တွေ့ဆုံကာ ရေကြောင်းဆိုင်ရာ ဗဟုသုတနှင့်အတွေ့အကြုံများကို အပြန်အလှန် နှီးနှောဖလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။