စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ် (၃၆)
မြန်မာ့ရေအားလျှပ်စစ်ဖက်စပ်တချို့
မြန်မာနိုင်ငံရဲ့ လက်ရှိဓာတ်အားခဖြန့်ဖြူးမှုနှုန်းဟာ ဖြစ်သင့်တာထက် ဈေးနည်းတဲ့အတွက် ပြည်တွင်းသုံးဖို့အတွက်သာ ရင်းရမယ် ဆိုရင် အရင်းကျေကာလကြာပါမယ်။ စီးပွားရေးတွက်ခြေကိုက်မှုနည်းပါမယ်။ ဒါကြောင့် ရေအားလျှပ်စစ်ရင်းနှီးမြှုပ်နှံသူတွေအတွက် အများကြီးစဉ်းစားစရာ ဖြစ်နေပါတယ်။ လက်ရှိလက်မှတ်ရေးထိုးထားပြီး ကုမ္ပဏီများအားလုံးနီးပါး ရှေ့မတိုး၊ နောက်မဆုတ်ဖြစ် နေကြတာဟာလည်း ဓာတ်အားခဈေးနှုန်း အကျပ်အတည်းက အဓိကပါ။ ထုတ်လုပ်နိုင်တဲ့ပမာဏရဲ့ ၉၀ ရာခိုင်နှုန်းနဲ့အထက် မဝယ်တာရယ်၊ ဓာတ်အားခ ပေးချေတဲ့အခါ မတည်ငြိမ်တဲ့ မြန်မာငွေနဲ့ပဲ ပုံသေနှုန်းထားတစ်ခုသတ်မှတ်ပြီး ပေးချေလိုတာ ရယ်ကြောင့် အဓိကအဟန့်အတားတွေ ဖြစ်နေတာပါ။ ထွက်မယ့်ဓာတ်အားရဲ့ ၉၀ ရာခိုင်နှုန်း အနည်းဆုံးထားပြီး ရင်းနှီးမြှုပ်နှံသူကို ရောင်းခွင့်ပေးရမှာပါ။ နယ်စပ်က စီမံကိန်းတွေထဲကနေလည်း ထက်ဝက်လောက်ထိ နိုင်ငံခြားကိုရောင်းပါစေ၊ ပြည်တွင်းကို ထက်ဝက်လောက်ရောင်းပါစေ၊ ဒီလိုလုပ်ရင် ရင်းတဲ့သူလည်း နိုင်ငံခြားငွေရမယ်၊ စီးပွားရေးတွက်ခြေကိုက်မှုလည်း ပိုကောင်းလာ မယ်။ ထွက်သမျှရဲ့ ၉၀ ရာခိုင်နှုန်းထိလည်း ရောင်းခွင့်ရကြမယ်။ မိမိတို့လည်း ဈေးနှုန်းသက်သာမယ်၊ မိမိနိုင်ငံကလည်း ရှယ်ယာတွေ ပါနေလို့ ရှယ်ယာကြောင့် ရမယ့် နိုင်ငံခြားငွေရလာမယ်။ ကုန်သွယ်ခွန် အမြတ်ခွန်လည်း နိုင်ငံခြားငွေနဲ့ရလာမယ်။ ၁၅ နှစ်လောက် အတွင်း ဖက်စပ်စက်ရုံ တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်သွားရင် စက်ရုံပေါင်းမြောက်မြားစွာက ထွက်လာတဲ့ဓာတ်အားနဲ့ တစ်နိုင်ငံ လုံးလည်း ဓာတ်အားလုံလောက်သွားပါလိမ့်မယ်။ ဒေသအတွင်း ဓာတ်အားဈေးကွက်ကိုပါစောစောအုပ်စီးမိပါလိမ့်မယ်။ လာအိုနဲ့ အိန္ဒိယဟာ ဒီနည်းကိုသုံးနေတာပါ။ အခုဖက်စပ်စီမံကိန်းအချို့ရဲ့ နှစ်ဖက်သဘောတူညီထားမှု နမူနာအချို့ကို ဖော်ပြပါမယ်-
(၁) စက်ရုံများ
(က) ရွှေလီ(၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ
- တပ်ဆင်အင်အား ၆၀၀ မဂ္ဂါဝပ်
- နိုင်ငံတော်မှ ထည့်ဝင်ခြင်းရှယ်ယာ ၁၀ ရာခိုင်နှုန်း (နိုင်ငံတော်မှ ထည့်ဝင်ထား၍)
- နိုင်ငံတော်မှရသည့် အခမဲ့ရှယ်ယာ ၁၀ ရာခိုင်နှုန်း
- နိုင်ငံတော်မှရသည့် အခမဲ့ဓာတ်အား ၁၅ ရာခိုင်နှုန်း
- စီမံကိန်းကုန်ကျစရိတ် ၄၇၅ ဒေါ်လာသန်း
- လုပ်ကိုင်ခွင့်သက်တမ်း ၃၀ နှစ် + (5 Year Extendable)
- မြန်မာနိုင်ငံအတွက် ဓာတ်အားသုံးစွဲမှု ၄၀၀ မဂ္ဂါဝပ် (၁၀၀x၄)
- ပြည်ပသို့ ရောင်းချမှု ၂၀၀ မဂ္ဂါဝပ် (၁၀၀x၂)
- စက်စတင်လည်ပတ်သည့်နှစ် ၂၀၀၈ ခုနှစ်
- ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိရရှိပြီးမှုများ
- အခွန်ရငွေ ၁၇.၅၁၇ သန်း
ယူရိုငွေ
၂၈၈.၇၅ သန်း
တရုတ်ယွမ်
၁၈.၁၄ သန်း
အမေရိကန်ဒေါ်လာ
- အမြတ်ဝေစုရငွေ ၁၀.၆၅၂ သန်း
အမေရိကန်ဒေါ်လာ
- အခမဲ့ဓာတ်အားရရှိမှု ၃၈၅၉.၅၄၁ သန်း
ကီလိုဝပ်နာရီ
- တစ်ယူနစ်ရောင်းဈေး(ပျမ်းမျှ) 4 US cent (ဝ.၀၄ US ဒေါ်လာ)ခန့်
(ခ) တာပိန်(၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ
- တပ်ဆင်အင်အား ၂၄၀ မဂ္ဂါဝပ်
- နိုင်ငံတော်မှရသည့် အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း
- နိုင်ငံတော်မှရသည့် အခမဲ့ဓာတ်အား
- ပထမ ၂၂ နှစ် ၈ ရာခိုင်နှုန်း
- ကျန်ကာလ ၁၀ ရာခိုင်နှုန်း
- လုပ်ကိုင်ခွင့်ကာလ ၃၅ နှစ် +( 5 Year Extendable)
- စတင်လည်ပတ်သည့်နှစ် ၂၀၁၀ ပြည့်နှစ် (လုံခြုံရေးအရ ၂၃ လ ရပ်ထားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဧပြီလတွင် ပြန်လည် လည်ပတ်သည်။)
- ဗန်းမော်ထိ ဓာတ်အားလိုင်းသွယ်တန်းထား၍ ဗန်းမော်၊ မန်စီ၊ မိုးမောက်မြို့အားလုံးကို ဓာတ်အားပို့လွှတ်ထားသည်။
- ဗန်းမော်နှင့် ပြည်မချိတ်ဆက်ဓာတ်အားလိုင်းမရှိသေး၍ ၂၀၁၈ ခုနှစ်အထိ နိုင်ငံတော်မှရရှိမည့် အခမဲ့ဓာတ်အားအပြည့်အ၀ မယူနိုင်သေးပါ။
- ဓာတ်အားလိုင်းသွယ်တန်းပြီးပါက ထုတ်သမျှအကုန်ယူရန် ညှိနှိုင်းပြီးဖြစ်သည်။
- ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလအထိ နိုင်ငံအတွက်ရရှိပြီး
- အခမဲ့ဓာတ်အား ၁၁၆.၉၁၂ သန်း ကီလိုဝပ်နာရီ
- အခွန်အခ ၉.၆၄၇ သန်း အမေရိကန်ဒေါ်လာ
ဝ.၁၁ သန်း ယွမ်
- အခမဲ့ရှယ်ယာ ၂.၀၄ သန်း အမေရိကန်ဒေါ်လာ
- တစ်ယူနစ် ရောင်းဈေး(ပျမ်းမျှ) 4 US cent (အမေရိကန်ဒေါ်လာ ဝ.၀၄)ခန့်
(၂) စီမံကိန်းများ
(က) အထက်သံလွင်(ကွမ်းလုံ) စီမံကိန်း
- တပ်ဆင်အင်အား ၁၄၀၀ မဂ္ဂါဝပ်
- အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်း
- အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း
- စီမံကိန်းလုပ်ကိုင်ခွင့်ကာလ ၃၅ နှစ် +( 5 Year Extendable)
- မြန်မာဘက်မှ သုံးမည့်ဓာတ်အား ၅၀ ရာခိုင်နှုန်း(လိုအပ်ပါက ညှိနှိုင်းနိုင်)
- ဓာတ်အားခတစ်ယူနစ်ရောင်းဈေး 5.5 US cent
(ညှိနှိုင်းမှု) (အမေရိကန်ဒေါ်လာ ဝ.၀၅၅)
(ခ) ဂေါလန်(ငေါ်ချန်းခမြစ်) စီမံကိန်း
- တပ်ဆင်အင်အား ၁၂၀ မဂ္ဂါဝပ်
- အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်း
- အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း
- စီမံကိန်းလုပ်ကိုင်ခွင့်ကာလ ၃၀ နှစ် +( 5 Year Extendable)
- ပြည်တွင်းသုံးမည့်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း
- ဓာတ်အားခတစ်ယူနစ်ရောင်းဈေး 6 UScent
(ညှိနှိုင်း) (အမေရိကန် ဒေါ်လာ ဝ.၀၆)(ဝိုင်းမော်အထိ ဓာတ်အားလိုင်းဖိုးပါပြီး)
(ဂ) တုံရှင်းချောင်(ငေါ်ချန်းခမြစ်) စီမံကိန်း
- တပ်ဆင်အင်အား ၃၄၀ မဂ္ဂါဝပ်
- အခမဲ့ဓာတ်အား ၁၀ ရာခိုင်နှုန်း
- အခမဲ့ရှယ်ယာ ၁၅ ရာခိုင်နှုန်း
- စီမံကိန်းလုပ်ကိုင်ခွင့်ကာလ ၃၀ နှစ် + (5 Year Extendable)
- ပြည်တွင်းသုံးမည့်ဓာတ်အား ၁၀၀ ရာခိုင်နှုန်း
- ဓာတ်အားခတစ်ယူနစ်ရောင်းဈေး 6 US cent
(ညှိနှိုင်း) (အမေရိကန်ဒေါ်လာ ဝ.၀၆) ဝိုင်းမော်အထိ ဓာတ်အားလိုင်းဖိုးပါပြီး
ဆက်လက်ဖော်ပြမည်။
မော်သာထွေး(မန္တလေး)