လမ်းနှင့်ယာဉ်ပေါ်တွင်  အသိတရားနှင့်ယှဉ်  သတိထားဆင်ခြင်

လမ်းနှင့်ယာဉ်ပေါ်တွင်  အသိတရားနှင့်ယှဉ်  သတိထားဆင်ခြင်

မျက်မှောက်ကာလ ကမ္ဘာပေါ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့်ဖြစ်ရသော   ယာဉ်မတော်တဆမှုများ ကြောက်ခမန်းလိလိ တိုးတက်လာကြောင်းသိရပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် နိုင်ငံအလိုက်အလေးထား ဆောင်ရွက်နေသော်လည်း ဖြစ်စဉ်များ အတောမသတ်ဘဲ ဖြစ်မြဲဖြစ်လျက်ရှိဆဲပင် ဖြစ်သည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုသည်မှာ ယာဉ်မတော်တဆဖြစ်မှုများနှင့် အဆိုပါ မတော်တဆမှုများကြောင့် ဖြစ်ပေါ်ရသည့် ထိခိုက်ဒဏ်ရာရမှုများနှင့်  သေဆုံးမှုများ လျော့နည်းကျဆင်းသွားရန်၊   ထိုမှတစ်ဆင့် လုံးဝပပျောက်သွားအောင်  အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါကိစ္စရပ်သည် ကျယ်ပြန့်သည့်လုပ်ငန်းစဉ်ဖြစ်သည့်အတွက် ပြည်သူတစ်ဦးချင်းစီက စိတ်ရောကိုယ်ပါပူးပေါင်းဆောင်ရွက်မှသာ    တိုးတက်အောင်မြင်နိုင်မည်ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်ခဲ့သည့် Global Status Report on Road Safety(2018) အရ တစ်ကမ္ဘာလုံးတွင် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ်ပျမ်းမျှ လူ ၁ ဒသမ ၃ သန်းခန့် အသက်ဆုံးရှုံးနေကြရပြီး လူဦးရေသန်း ၅၀ ကျော်မှာလည်း ထိခိုက်ဒဏ်ရာရရှိနေကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ လူဦးရေတစ်သိန်းတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုနှုန်း ၁၈ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး အာဖရိကနှင့် အရှေ့တောင်အာရှဒေသများတွင် သေဆုံးမှုနှုန်းအများဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့လူသေဆုံးမှု အကြောင်းရင်းများတွင် ယာဉ်မတော်တဆမှုကြောင့်  သေဆုံးရခြင်းသည် သေဆုံးမှုသတ်မှတ်ဖြစ်စဉ် အားလုံးအနက် အဆင့် ၈ နေရာတွင်ရှိကြောင်း၊ အသက်ငါးနှစ်မှ၂၉ နှစ်အတွင်းရှိ လူ့အဖွဲ့အစည်း၏ အဖိုးတန်ကလေးသူငယ်၊ လူငယ်၊ လူရွယ်များသေဆုံးခြင်းသည် အဆင့် ၁ အကြောင်းရင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။

ရှေးယခင်က မော်တော်ယာဉ်များကို ဇိမ်ခံပစ္စည်းသဖွယ် အသုံးပြုခဲ့ရာမှ မော်တော်ယာဉ်၏   ခရီးတွင် အသုံးဝင်မှုကို လူတို့သိလာသောအခါ  မော်တော်ယာဉ်သည်  လူများအတွက်   လိုအပ်ချက် ဖြစ်လာသည်။  စီးပွားရေးအရ ဖွံ့ဖြိုးမှု နည်းပါးသောနိုင်ငံများနှင့် အလယ်အလတ်နိုင်ငံများ၏ လမ်းများပေါ်တွင် ခရီးသည်တင်ကားများ၊   ဘတ်စကား၊ ကုန်တင်ကားကြီးများ၊  မော်တော်ဆိုင်ကယ်နှင့် စက်အားဖြင့်မောင်းနှင်သည့်  သုံးဘီးယာဉ်တို့သည် ဥဒဟိုလှုပ်ရှားသွားလာလျက်ရှိကြသည်။ ထို့အတူ ခြေကျင်သွားလာသူများ၊ စက်ဘီးစီးသွားလာသူများ၊ တွန်းလှည်းများတွန်း၍ သွားလာသူများလည်း များပြားလာသည်။ ခရီးသည်များသည် မော်တော်ယာဉ်များပေါ်တွင် ရပ်လျက်၊ ထိုင်လျက် စီးနင်းလိုက်ပါကြရာ ထိုသူများအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးအစီအစဉ်  ထားရှိမှုမရှိကြပေ။

ဤအချက်ပေါ်မူတည်၍ ယာဉ်ထိခိုက်မှုတွင် ပုံစံအမျိုးမျိုးကွဲပြားဖြစ်ပေါ်လျက်ရှိသည်။

နိုင်ငံအများစုတွင် ယာဉ်မတော်တဆမှုကြောင့် နှစ်စဉ် GDP ၏ ၃ ရာခိုင်နှုန်းမှ၅ ရာခိုင်နှုန်းခန့်အထိ ဆုံးရှုံးနေရပြီး ထိုသို့ထိခိုက်ဆုံးရှုံးနစ်နာမှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အများဆုံး ရင်ဆိုင်နေကြရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် အချိန်နှင့်အမျှ ယာဉ်အသုံးပြုမှုပိုမိုတိုးတက်များပြားလာပြီး ယာဉ်အရေအတွက် လျင်မြန်စွာ တိုးပွားလာမှုအပေါ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အစီအမံများ လုံလောက်ပြည့်စုံအောင် အချိန်မီဆောင်ရွက်ကြရန် ပျက်ကွက်ခဲ့သည့်အတွက် ထိုကဲ့သို့ ထိခိုက်ဆုံးရှုံးမှုများပြားနေရခြင်း ဖြစ်သည်။

ယာဉ်မတော်တဆမှုဟူသည် အဓိကအားဖြင့် လူ့ပယောဂကြောင့်ပေါ်ပေါက်လာရသည့် ပြဿနာ ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ အသိတရားနှင့်ယှဉ် သတိထားဆင်ခြင်ခြင်း၊ အသုံးပြုသည့် ယာဉ်များကြံ့ခိုင်ကောင်းမွန်ခြင်း၊ လမ်းများသည်လည်း လုံခြုံစိတ်ချရမှုရှိနေခြင်း၊ လမ်းအသုံးပြုသူအားလုံး လမ်းနှင့်ယာဉ်စည်းကမ်းများကို တိတိကျကျလိုက်နာခြင်းတို့ ပြည့်စုံမှသာ ယာဉ်မတော်တဆမှုများ လျော့နည်းသက်သာမည်ဖြစ်သည်။

နိုင်ငံတိုင်းအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လျော့နည်းကျဆင်းရေးအတွက် အမျိုးသားအဆင့် မူဝါဒများ ချမှတ်ခြင်း၊ ဥပဒေထုတ်ပြန်ခြင်း၊ ကော်မတီများ၊  ကောင်စီများဖွဲ့စည်း၍  စစ်ဆေးကြပ်မတ်ခြင်း၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး အစီအမံများ ပြည့်ပြည့်စုံစုံ တပ်ဆင်ခြင်း၊ အသိပညာပေးခြင်းများဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိသည်။ ယာဉ်မတော်တဆမှုများကို လေ့လာရာတွင် အဖြစ်အများဆုံး တွေ့ရှိချက်များမှာ မဆင်မခြင်မောင်းနှင်မှု၊ အရှိန်ပြင်းစွာမောင်းနှင်မှု၊ ခရီးသည်ပေါ့ဆမှု၊ လမ်းအသုံးပြုသူပေါ့ဆမှု၊ အနှေးယာဉ်ကြောင့်ဖြစ်ပွားမှု၊ စက်ကိရိယာချွတ်ယွင်းမှု၊ အရက်သေစာသောက်စား မောင်းနှင်မှု၊ ရာသီဥတုမကောင်းမှု၊ လမ်းအခြေအနေနှင့် ပင်ပန်းနွမ်းနယ်ချိန်တွင် မောင်းနှင်မှုတို့ကြောင့်ပင် ဖြစ်သည်။

လမ်းများပေါ်တွင် ယာဉ်၊ ခြေကျင်သွားလာသူ၊ အနှေးယာဉ် အစရှိသော အသုံးပြုမှုတိုင်းအတွက် သူ့စည်းကမ်းနှင့်သူ သတ်မှတ်ထားရှိပြီးဖြစ်သည်။ လမ်းအသုံးပြုသူတိုင်း စည်းကမ်းသတ်မှတ်ချက်များကို သိရှိထားပြီး သိရှိသည့်အတိုင်း တလေးတစား လိုက်နာပြုကျင့်မှသာ အန္တရာယ်ကင်းမည်ဖြစ်သည်။ မီးပွိုင့်များ၊ လူကူးမျဉ်းကျားများ၊ စင်္ကြံပလက်ဖောင်းလမ်းများ၊ သတိပေးဆိုင်းဘုတ်များသည် အကြောင်းမဲ့ထားခြင်းမဟုတ်။ စည်းကမ်းရှိစေရေး  အသိပေးပြုလုပ်ထားခြင်းဖြစ်သည်။ ခြေကျင်သွားလာသူတို့  ပလက်ဖောင်း မရှိသည့်နေရာများတွင်   လမ်းဘေးမှလျှောက်ခြင်း၊ ယာဉ်နှင့်မျက်နှာချင်းဆိုင်ဘက်မှ လျှောက်ခြင်း၊ လူကူးမျဉ်းကျားသုံးခြင်း၊ လမ်းကူးပါက ရပ်၊ ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့် လမ်းရှင်းမှတည့်တည့်မြန်မြန် ကူးသည့် စနစ်ကျင့်သုံးခြင်းတို့ ဆောင်ရွက်ရပေမည်။ အနှေးယာဉ်များ  လမ်း၏ညာအစွန်ကြောမှ သွားလာခြင်း၊ အချက်ပြစနစ်မှန်မှန်ကန်ကန် အသုံးပြုခြင်းများ ရှိရပေမည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်ပွားမှုများသည်  တဖြည်းဖြည်းကြီးထွားခြိမ်းခြောက်လာသည့်အတွက် ယင်းကိုဟန့်တားထိန်းချုပ်ရန် ကမ္ဘာတစ်ဝန်းလုံးတွင် ယာဉ်မတော်တဆမှုကင်းရှင်းရေးကိစ္စရပ်ကို အထူးအလေးထားဆောင်ရွက်လာကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆယ်စုနှစ်လှုပ်ရှားမှု (၂၀၁၁-၂၀၂၀)ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ယာဉ်အန္တရာယ် ကင်းရှင်းရေးလှုပ်ရှားမှု၏ ဒုတိယဆယ်စုနှစ်ကာလ(၂၀၂၁-၂၀၃၀)ကို အတည်ပြု ထုတ်ပြန်ထားပြီး ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူဦးရေတွက်ချက်မှု အခြေခံနှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ် သေဆုံးမှု၏ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရေး အဓိကရည်မှန်းထားသည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဒုတိယဆယ်စုနှစ်လှုပ်ရှားမှုကာလအတွက် အကောင်အထည် ဖော်ရာတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကြီးကြပ်မှု၊ ပိုမိုအန္တရာယ်ကင်းသော လမ်းများနှင့် ယာဉ်သွားလာမှု၊ ပိုမိုအန္တရာယ်ကင်းသောယာဉ်များ၊ ပိုမိုအန္တရာယ်ကင်းသည့် လမ်းအသုံးပြုသူများနှင့် ယာဉ်ထိခိုက်မှုဖြစ်ပြီးပြီးချင်း တုံ့ပြန်ဆောင်ရွက်မှုဟူသော မဏ္ဍိုင်ကြီး(၅)ရပ်ကို အလေးထားကြိုးပမ်းရမည် ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်နေသော ပညာပေးခြင်း၊ အင်ဂျင်နီယာပိုင်းဆိုင်ရာကောင်းမွန်ခြင်း၊ ဥပဒေအရ အရေးယူခြင်း၊ အရေးပေါ်ဆေးကုသမှုပေးခြင်းနှင့် အကျိုးရလဒ်ကိုသုံးသပ်အကဲဖြတ်ခြင်းတို့ကိုလည်း ထည့်သွင်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။

အသက်ကယ်ထိုင်ခုံခါးပတ်မပတ်ခြင်းသည် ခါးပတ်ပတ်ခြင်းထက် ဒဏ်ရာရမှုနှစ်ဆနီးပါးနှင့် သေဆုံးမှုမှာလေးဆနီးပါးရှိသည်။ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများကို လျှော့ချနိုင်ရန်မှာ ယာဉ်များပေါ်တွင် မောင်းနှင်သူ၊ လိုက်ပါစီးနင်းသူအားလုံး ခါးပတ်ပတ်ခြင်း၊ ခရီးသည်တင် အဝေးပြေးယာဉ်ကြီးများ အားလုံး၏ ထိုင်ခုံတိုင်းတွင်  အသက်ကယ်ထိုင်ခုံခါးပတ်များ ပြည့်စုံစွာပါရှိစေခြင်းနှင့်  မဖြစ်မနေအသုံးပြုခြင်းတို့မှာ အရေးကြီးသည့်အချက်များ ဖြစ်သည်။ ထို့အတူ မော်တော်ဆိုင်ကယ်မောင်းသူ၊  စီးနင်းသူတိုင်း ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုး သေချာစွာ တပ်ဆင်ရမည်ဖြစ်သည်။

မော်တော်ယာဉ်များကြောင့် မတော်တဆဖြစ်ပွားမှုလျော့နည်းကျဆင်းစေရေးအတွက် ၂၀၁၅ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅၅ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် မော်တော်ယာဉ်ဥပဒေကို ရုပ်သိမ်း၍ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက်စွဲပါ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၆ ဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကို အသစ်ပြဋ္ဌာန်းခဲ့သည်။

ယာဉ်မတော်တဆထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ လျော့နည်းလာစေရန်၊ လမ်းအသုံးပြုသူများ သွားလာမှု လွယ်ကူ ချောမွေ့စေရန်တို့အတွက် ဥပဒေပါတားမြစ်ချက်များကို ပြည်သူများ သိရှိထားရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းကာယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်း ပပျောက်ရေးအတွက် အထူးအလေးထားကြိုးပမ်း    ဆောင်ရွက်လျက်ရှိသည်။

အလားတူ  တိုင်းဒေသကြီးနှင့်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီများ၊ ခရိုင်နှင့်မြို့နယ်အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကော်မတီများ အနေဖြင့်လည်း လမ်းညွှန်ချက်များနှင့်အညီ စည်းကမ်းထိန်းသိမ်းရေးနှင့်ယာဉ်ထိခိုက်မှု လျော့နည်းကျဆင်းရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။ ပြည်သူများအနေဖြင့်လည်း လမ်းနှင့်ယာဉ်ကို အသုံးပြုလိုက်သည်နှင့် လမ်းနှင့်ယာဉ်ပေါ်တွင် အသိတရားနှင့်ယှဉ်  သတိထားဆင်ခြင်ကာ  စည်းကမ်းလိုက်နာကြရေး အထူးပင်လိုအပ်ကြောင်း တိုက်တွန်းရေးသား လိုက်ရပါသည်။  ။

လင်းအရုဏ်ဉီး(ပဲခူး)