မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက် ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန် ပင့်ထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ  ၉၀ ဒီဂရီ ပင့်ထောင် ပူဇော်ပြီးစီး

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက် ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန် ပင့်ထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ  ၉၀ ဒီဂရီ ပင့်ထောင် ပူဇော်ပြီးစီး

နေပြည်တော်၊ ဇန်နဝါရီ  - ၂၉

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓ ဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓ ဥယျာဉ်တော်အတွင်း၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဉက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရဘိဝံသနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဉက္ကဋ္ဌ  ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ တို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စေတနာရှင်၊ အလှူရှင်များဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲ ဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ရတနာပလ္လင် တော်ထက်သို့ ပင့်ဆောင်နိုင်ရန်အတွက်  ကနဦးလုပ်ငန်းဖြစ်သည့် ပင့်ထောင်ခြင်းလုပ်ငန်းများကို သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍  ဇန်နဝါရီ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ် အချိန်မှစတင် ပင့်ထောင်လျက်ရှိရာ ဇန်နဝါရီ ၂၆ ရက်နေ့တွင် ဆင်းတုတော်ကြီး လဲလျောင်းနေရာ ၀ ဒီဂရီမှ ၂၆ ဒီဂရီအထိ အမြင့်အားဖြင့် ၃၁ ပေအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ၂၆ ဒီဂရီမှ ၅၁ ဒီဂရီအထိ အမြင့်အားဖြင့် ၅၂ ပေအထိ လည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်နေ့တွင်  ၅၁ ဒီဂရီမှ ၆၈ ဒီဂရီအထိ အမြင့်အားဖြင့် ၆၃ ပေအထိ လည်းကောင်း၊ ယနေ့နံနက် ၉ နာရီတွင် ၉၀ ဒီဂရီအထိ အမြင့်အားဖြင့် ၇၅ ဒသမ ၅ ပေအထိ  ပင့်ထောင်ပူဇော်လျက်ရှိရာ   ဆင်းတုတော် အစိတ်အပိုင်းကြီးအား ပင့်ထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြာမြင့်ချိန် အားဖြင့် ၇၂ နာရီ ၅၀ မိနစ် ကြာမြင့်ခဲ့သည်။

ထိုသို့ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အပိုင်း  (၄)ပိုင်းအား CNC စက်တည်ဆောက်၍ ထုဆစ်ခြင်းလုပ်ငန်းနှင့် အပိုင်း(၁၊ ၂၊ ၃) တွဲဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်၍ ပင့်ထောင်ခြင်းနှင့် ရတနာ ပလ္လင်တော်ထက်သို့ ပင့်ဆောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ သည်။

ထုဆစ်ပြီးစီးသည့် ဆင်းတုတော်ကြီးများကို တွဲဆက်ပြီးနောက် ရတနာ ပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရန်အတွက် ဝန်ချီစက်(၈)လုံးပါ သံမဏိမျှော်စင် တည်ဆောက်ခြင်း၊ ဆင်းတုတော် ပင့်ဆောင်ရာတွင် ထုဆစ်ပြီးကျောက်သားများ ထိခိုက်မှုမရှိစေရန် သံမဏိပန်းတောင်း တည်ဆောက်ခြင်း တို့ကို အချိန်အားဖြင့် (၇)လကြာပြီး သံထည်ပစ္စည်းတန်ချိန်အားဖြင့် ၃၈၀၀ တန် အသုံးပြု၍ မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီနှင့်ပူးပေါင်းကာ တပ်မတော်သားအင်ဂျင်နီယာများက တည်ဆောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ကြီးမားလေးလံသည့် ပစ္စည်းကို  မတင်ရွှေ့ပြောင်းဖူးသည့် နည်းပညာ၊ အတွေ့အကြုံနှင့် စက်ယန္တယားများ အသုံးမပြုခဲ့ ဖူးသော်လည်း ယခု မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ တွင် သက်ဆိုင်ရာ လုပ်ငန်းအင်ဂျင်နီယာ အသီးသီးတို့၏ အတွေ့အကြုံများဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းပြီး ဒီဇိုင်းရေးဆွဲတွက်ချက်ခြင်း၊ စစ်ဆေးခြင်းတို့တွင် ခေတ်မီနည်းပညာများကို အသုံးပြုတွက်ချက်၍ တည်ဆောက်ခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲ ဆက်ထားသည့် ဆင်းတုတော် အစိတ်အပိုင်းကြီးနှင့် ဆင်းတုတော် ထည့်သွင်း ထားသည့် သံမဏိရတနာ ပန်းတောင်းတော်တို့၏  အလေးချိန် ၂၃၆၇  ဒသမ ၅ တန် တို့အား သံမဏိမျှော်စင်တွင် ဝန်ချီစက် ၈ လုံးတို့ကပင့်ဆောင်ထားလျက်ရှိပြီး ဆင်းတုတော်အစိတ် အပိုင်းကြီးအား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်နိုင်ရေး လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများ ပြည်သူများ စိတ်နှလုံးငြိမ်းအေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်စေရန်၊ တရားဘာဝနာများ အေးချမ်းစွာ ပွားများအားထုတ်နိုင်စေရေးနှင့် မြတ်ဗုဒ္ဓ၏ နှုတ်ကပါဌ်တောပိဋကတ်သုံးပုံတို့အား လေ့လာဖူးမြော်ကြည်ညိုနိုင်စေရေးတို့ အတွက်   တည်ဆောက် ပူဇော်လျက်ရှိကြောင်း သတင်းရရှိသည်။