ဖြည့်ဆည်းရမည့်ဘီများ

ဖြည့်ဆည်းရမည့်ဘီများ

“အလိမ္မာ စာမှာရှိ”ဆိုသည့်အတိုင်း အသိ၊ အလိမ္မာ၊ ပညာတို့သည် စာပေမှာရှိသည်။ ရှိကြောင်း သိသူလည်းရှိသည်။ မသိသူလည်းရှိသည်။ သို့သော် တူညီသောအချက်မှာ သိသူ၊ မသိသူ နှစ်မျိုးစလုံး အသိ၊ အလိမ္မာ၊ ပညာရမည့်စာပေကို မဖတ်ကြခြင်းဖြစ်သည်။

အများစုမှာ ဖုန်းများဖြင့်သာအချိန်ကုန်နေကြသည်။

မိမိလိုချင်သော   အချက်အလက် ပညာရပ်များ အကြောင်းကို အင်တာနက်စာမျက်နှာတွင် ရှာဖွေရယူနိုင်သော်လည်း  တခြားသော အကြောင်းအရာများဖြင့်သာ အချိန်ကုန်သည်က များပါသည်။

စာဖတ်ခြင်းသည် မည်သည့်ခေတ် မည်သည့်အခါမဆို အမြဲပြုကျင့်ရမည့် အလေ့အထကောင်း တစ်ခုဖြစ်သည်။ စာဖတ်ခြင်းအလေ့အထကို အလေ့အကျင့် ပြုလုပ်ယူပါက ဖြစ်တည်လာပေမည်။  ထိုသို့အလေ့အကျင့်ပြုလုပ်ရန် စာအုပ်စာပေများနှင့် နီးစပ်ရမည်။

စာအုပ်စာပေ ရယူဖတ်ရှုနိုင်ရန်  အခွင့်အလမ်းများ ဖန်တီးပေးရမည်။ ယင်းအခွင့်အလမ်း ရရန် စာအုပ်စာပေများကို လူတိုင်းဖတ်နိုင်အောင် စီစဉ်ပေးရမည်။

ဖတ်ချင်စိတ်ဖြစ်လာအောင် စည်းရုံးသိမ်းသွင်းရမည်။ စာအုပ်စာပေများ စဉ်ဆက်မပြတ်ရရှိရန်နှင့် ဖတ်ရှုခွင့်ရရန် စာပေဘဏ်တိုက်ဖြစ်သော စာကြည့်တိုက်များ တည်ထောင်ဖွင့်လှစ်ခြင်းဖြင့် ဖော်ဆောင်ပေးရမည်။

စာကြည့်တိုက်တစ်တိုက် ဖြစ်တည်လာရန်၊ စာကြည့်တိုက်တစ်တိုက် ရေရှည်တည်တံ့ခိုင်မြဲရန် B ၅ လုံးနှင့် ပြည့်စုံရမည်ဟု ဆရာဇော်ဂျီက မှာကြားခဲ့ဖူးသည်။ B ၅ လုံးဆိုသည်မှာ -

(၁) Building - အဆောက်အအုံ

(၂) Book  - စာအုပ်

(၃) Brain - စာကြည့်တိုက်မှူး

(၄ Budget - ငွေကြေး

(၅) Borrower - ငှားရမ်းဖတ်ရှုသူတို့ဖြစ်သည်။

  ရပ်ကွက်အချို့၊ ရွာအချို့၊ ကျောင်းအချို့တွင် Building  ဟုခေါ်သော စာကြည့်တိုက် အဆောက်အအုံမဆိုထားနှင့် စာအုပ်ထားရန် အခန်းပင်မရှိပေ။ စာအုပ်ထားရန် နေရာမရှိ၍ စာအုပ်များ စုစည်းသိုမှီးထားရန်  ခက်ခဲသွားသည်။ စာရေးသူတို့ ငယ်စဉ်က ရွာနှင့်ရွာကျောင်းတွင် စာကြည့်တိုက်မရှိ၍ အချင်းချင်း စာအုပ်အပြန်အလှန် ငှားဖတ်ရသည်။ ငှားဖတ်၍ ပြီးစီးသွားသောအခါ အသစ်အသစ်သော စာအုပ်များ ဖတ်ရှုနိုင်ရန် စာအုပ်ဆိုင်သို့သွား၍ ကောင်းနိုးရာရာ စာအုပ်များ တစ်နိုင်တစ်ပိုင် ဝယ်ရပြန်သည်။ စာအုပ်များကို မိမိအိမ်မှာ မိမိသိုလှောင် စုဆောင်းရသည်။  ဤနည်းအားဖြင့် ကိုယ်ပိုင်စာကြည့်တိုက် ကလေးဖြစ်အောင် ကြိုးစားဖန်တီးရသည်။ စာပေအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ စာပေဝါသနာပါသော ရပ်ရွာလူကြီးများက စာကြည့်တိုက် တည်ထောင်နိုင်ရန် ကြိုးပမ်းကြသည်။

ငွေကြေးလှူဒါန်းကြသည်။ စေတနာရှင်တို့ကလည်း စာကြည့်တိုက် ဆောက်လုပ် လှူဒါန်းကြသည်။ ထို့ကြောင့် စာကြည့်တိုက်အချို့ တည်ရှိပေါ်ပေါက်လာကြသည်။ ဝမ်းသာစရာဟု ဆိုရမည်ပင်။

စာကြည့်တိုက် ရှိလာသည့်အခါ စာအုပ်များ စုဆောင်းရသည်။ အလှူရှင်အချို့က  စာအုပ်များ လှူဒါန်းလာကြသည်။ စာကြည့်တိုက်ရန်ပုံငွေ Budget  ကိုလည်း လှူဒါန်းကြသည်။ သို့သော် စာကြည့်တိုက် လုပ်ငန်းများ ပီပီပြင်ပြင် လည်ပတ်နိုင်သည့် အဆင့်ရောက်ရန်စာကြည့်တိုက်မှူး Brainနှင့် စာအုပ်ငှားရမ်းဖတ်ရှုသူ Borrowers  တို့ လိုအပ်လာသည်။ ထို့ကြောင့် စာကြည့်တိုက်မှူးအဖြစ် တစ်ဦးဦးကို တာဝန်ပေး၍ ဆောင်ရွက်စေသည်။ စာကြည့်တိုက် ဖွင့်လှစ်ပြီးဖြစ်၍ စာဖတ်ကြရန် တိုက်တွန်းစည်းရုံးမှုဖြင့် စာဖတ်သူများ အသင့်အတင့် ရှိလာသည်။ သို့သော် စာကြည့်တိုက်မှူးက စာပေကိုဝါသနာမပါ၊၊ တာဝန်ပေးမှု၊ လစာပေးမှုကြောင့်သာ လုပ်ရလေရာ အစပိုင်းတွင် အဆင်ပြေသလို ရှိသော်လည်း နောက်ပိုင်းတွင် ပျက်ကွက်ခြင်း၊ အလုပ်ထွက်သွားခြင်းများ ဖြစ်လာတော့သည်။ ထိုအခါ အရှိန်ရတော့မည့် စာကြည့်တိုက်လုပ်ငန်းလေးလည်း ရပ်တန့် ပျက်စီးသွားတော့သည်။

မည်သည့်နေရာဒေသတွင်မဆို စာကြည့်တိုက်ရှိရုံနှင့်တော့ အလုပ်မဖြစ်သေးပါ။ စာအုပ်များကို စနစ်တကျ ထိန်းသိမ်းစီမံပေးမည့်၊ စာအုပ်ငှားရမ်းမှု အဝင်အထွက်ကို ဆောင်ရွက်ပေးမည့် စာကြည့်တိုက်မှူးရှိမှ ဖြစ်မည်။ စာကြည့်တိုက်မှူးလုပ်သူကလည်း  စာပေဝါသနာပါမှ လုပ်ငန်းအဆင်ပြေမည်။ စာကြည့်တိုက်ကို  တစ်စတစ်စ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်နိုင်မည်။

လူအများ စာဖတ်ချင်အောင်လည်း စည်းရုံးလှုံ့ဆော်ပေးနိုင်မည်။

ကျွန်တော်တို့ငယ်ငယ်က အထက်တန်းကျောင်းမှာ စာကြည့်တိုက်ဟူ၍ သီးသန့်အဆောက်အအုံ မရှိပါ။

သို့သော် စာကြည့်တိုက်အဖြစ် သတ်မှတ်ထားသော အခန်းတစ်ခန်းရှိသည်။ ကျွန်တော်တို့၏မြန်မာစာဆရာ ဦးမြင့်ဆွေက စာကြည့်တိုက်မှူး တာဝန်ယူပေးသည်။ ဆရာက အတန်းဝင်ရင်း စာအုပ်စာပေများ ဖတ်ရှုရန် တိုက်တွန်းသည်။ မည်သည့်အကြောင်းအရာဆိုလျှင် မည်သည့်စာအုပ်ကို ဖတ်ဟု လမ်းညွှန်ပေးသည်။

စာကြည့်တိုက်ကတ်ကလေးများ ပြုလုပ်ပေးပြီး ငှားသင့်သော စာအုပ်များကို အိမ်သို့ငှားဖတ်စေသည်။ ကျွန်တော် တို့ကလည်း စာဖတ်မည်မျှ ဝါသနာပါသွားသနည်းဆိုလျှင် ဖတ်သည့်စာအုပ်ကို ကြိုက်လွန်းသဖြင့် အိမ်မှာ အကြာကြီးထား ဖတ်လေရာ   စာအုပ်ပြန်အပ်ရန် ဆရာက သတိပေးရသည်အထိ ဖြစ်သည်။ ကျွန်တော်တို့ အထက်တန်းအောင်ခဲ့ပြီး ကျောင်းနှင့် ခွဲခွာခဲ့ချိန်တွင် ဆရာလည်း သက်ပြည့်ပင်စင်ယူခဲ့ရသည်။ ဆရာမရှိသည့် နောက်ပိုင်းတွင် စာကြည့်တိုက်ကို စိတ်ပါလက်ပါ ဦးစီး လုပ်ဆောင်ပေးမည့်သူ(စာကြည့်တိုက်မှူး) မရှိသဖြင့် စာကြည့်တိုက်ဖွင့်ချိန်  ပုံမှန်မလုပ်ဆောင်နိုင်တော့ကြောင်း ကြားသိခဲ့ရသည်။ ထို့ကြောင့် စာကြည့်တိုက် တစ်တိုက်တွင် စာပေဝါသနာပါပြီး စာကြည့်တိုက် တာဝန်များကို အမှန်တကယ်  စိတ်ပါလက်ပါ ဆောင်ရွက်နိုင်မည့် စာကြည့်တိုက်မှူး(Brain)သည် ဧကန်လိုအပ်လှသည်။

စာပေကို အဘယ်ကြောင့်  ဖတ်သင့်သနည်းဟု ဆိုလျှင် စာပေဖတ်ရှုခြင်းကြောင့်  ဘဝအခြေမြင့်၍ တင့်တယ်ခဲ့ရသူ  များစွာရှိခဲ့သည်ကို ပြနိုင်သည်။ပညာရှိအမတ်ကြီး ဝန်ဇင်းမင်းရာဇာ (စာတိုငညို)၊ အမေရိကန်သမ္မတ အေဗရာဟယ်လင်ကွန်း၊  ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် စသည်ဖြင့် ကမ္ဘာရော မြန်မာမှာပါ အထင်ကရပုဂ္ဂိုလ် များစွာရှိခဲ့သည်။   မိဝေးဖဝေး၊ ဆရာသမားနှင့် ဝေးနေချိန်တွင် ဘဝအဖော်မွန် လမ်းညွှန်ဆရာမှာ စာအုပ်စာပေသာလျှင်ဖြစ်သည်။ စာအုပ်စာပေက မိဘသဖွယ်၊ ဆရာသမားသဖွယ်၊ မိတ်ဆွေကောင်း သဖွယ် ကူညီလမ်းပြ စောင့်ရှောက်နိုင်ပေသည်။ စာပေကြောင့် ဘဝနေနည်းထိုင်နည်းများကို နားလည်သိရှိပြီး အောင်မြင်မှုများ ရရှိနိုင်သည်။

   စာအုပ်စာပေသည် ဘဝအတွက် သိသင့်တတ်သင့်သော အသိပညာ၊ အတတ်ပညာများကို ပေးစွမ်းသည်။ “စာအုပ်စာပေလူ့မိတ်ဆွေ” ၊ “စာတစ်လုံး ဘုရားတစ်ဆူ”၊ “စာမတတ်လျှင် လမ်းမှာဖတ်”ဟူသောဆိုရိုးများသည် စာအုပ်စာပေမှ ပညာများစွာ ရယူနိုင်ကြောင်းပြဆိုသော ဆိုရိုးသက်သေများ ဖြစ်သည်။ စာကြည့်တိုက်များသည် ပြင်ပတက္ကသိုလ်များ၊ ဘဝတက္ကသိုလ်များဖြစ်သည်ဟု ရှေးကပင် ဆိုခဲ့ကြသည်။ စာကြည့်တိုက်သို့ အတန်းပညာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ  ရာထူး၊ လူတန်းစား၊ အသက်အရွယ်မရွေး ဝင်ရောက်စာဖတ်နိုင်သည်။ စာအုပ်စာပေများမှ ဝိဇ္ဇာပညာ၊ သိပ္ပံပညာ၊ စက်မှု၊ စိုက်ပျိုးပညာများ၊ လက္ခဏာဗေဒင် နက္ခတ်ပညာများ စသည်ဖြင့် များပြားလှသော ပညာရပ်များကို ဖတ်မှတ်လေ့လာ စုဆောင်း နိုင်သည်။ စာကြည့်တိုက်သည် ယခုခေတ်မှပေါ်လာသော မီဒီယာဌာနမဟုတ်။ လူတို့သည် စာပေ၏အကျိုးကျေးဇူးများကို သိလာသည့်အချိန်မှစ၍ စာကြည့်တိုက်ကို တည်ထောင်ခဲ့ကြသည်။ အစောဆုံးစာကြည့်တိုက် အဖြစ် လွန်ခဲ့သောနှစ်ပေါင်း ၄၅၀၀ ခန့်က တည်ခဲ့သော ဘေဘီလိုးနီးယား စာကြည့်တိုက်ကြီးကို တွေ့နိုင်သည်။ ယင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် စာပေကို လူတို့လေ့လာခဲ့ကြောင်း သက်သေ အထောက်အထားပင်ဖြစ်သည်။

စာဖတ်သော လူမျိုးသည် တိုးတက်သည်။ စာဖတ်ပြီး အဆိုးမြင်စိတ်များ လျော့ပါး၍ မိမိဘဝ၊ မိမိပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြသည်။ ထို့ကြောင့် လူတိုင်း အလွယ်တကူ စာဖတ်နိုင်အောင် စာကြည့်တိုက်များ ထူထောင်ပေးခြင်း၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်း၊ စာဖတ်သူများပြားအောင် ကြံဆောင်စည်းရုံးခြင်းဟူသော ြ များနှင့် ပြည့်စုံအောင်ပြုလုပ်ရမည်။ ဤသို့လုပ်ဆောင်နိုင်လျှင် လူတစ်ဦးချင်း၏ ရည်မှန်းချက်ပန်းတိုင်၊   နိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်သို့ အောင်မြင်စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။ စာကိုအမြဲဖတ်၍ သုတအသွယ်သွယ် ရယူကာ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲဟူသော ဇွဲနှင့် ကြိုးစားကြရမည်။

“မရွေ့ပုဂံ  ရောက်ဖို့ရန်”

အလိမ္မာ စာမှာရှိ

စာကဝိ ဆိုခဲ့ပါ။

ဖတ်မှတ်ကာ ကြိုးသမျှ

တိုးရ ပညာ။

စာထဲက သုတဖြာဖြာ

တုပကာ အပြင်မှာသုံး။

စာမဖတ်သူနှင့်

စာဖတ်သူ စဉ်ကွာလှတယ်

ထင်စွာပြအုံး (ဦး)။

စာဖတ်နာ လူမျိုးတို့

ဆူဖြိုးလို့ ခေတ်မီ။

ပြည့်ပညာ ဉာဏ်အစွမ်းနှင့်

အောင်ပန်းပန်သည်။

မြန်မာလည်း စာတတ်ညီ

စာဖတ်မည်ဆိုပါက။

အရွေ့ဖန်ဖန်

တစ်နေ့တစ်လံရယ်နှင့်

ပုဂံနယ် နောင်မဝေးတယ်

အောင်ရေး မုချ။

စာပေမွန် လေ့လာမှ

တွေ့မှာက သိလိမ္မာ။

မမှန်ကန် အဆိပ်လွှမ်း

ရှောင်စမ်းထိုစာ။

သုတစစ်  ပေးအပ်ရာ

ရွေးဖတ်ပါ ကိုယ့်အတွက်။

ရသစစ် ပေးသည့်စာ

ရွေးကြည့်ပါ ချို့မပျက်။

စေတနာမှန်

ဖွေရှာကြံ  အသွေးလက်ရာနှင့်

ရေးထွက်လာ ထိုစာမျိုးကိုမှ

မြတ်နိုးတစ်သက်။

အမိုက်မှောင် လမ်းမှားပို့

ရမ်းကားသို့ ထိုစာပေ။

ဘဝကို ဖြိုဖျက်မည့်

စနက်တံတွေ။

တွေးချိန်ဆ ရှောင်ကြဉ်လေ

အောင်မြင်စေ ပန်းတိုင်ထိ။

အဆိပ်စာမှတ်ရင်ဖြင့်

သိက္ခာမြတ် စဉ်ဖယ်ခွာလို့

ကျင်လည်ရာ အမှောင်ခရီးမှာ

နောင်မနီးပါ ရွှေပုဂံနှင့်

သွေဖည်ချန် ပြောင်းပြန်လားမည်မို့

(ကွယ်..)

လမ်းမှားပြီသိ။      ။

    ညွန့်ဝင်း(နတ်တလင်း)

ကျွန်တော်၏ အတွေ့အကြုံအရဆိုရလျှင် ကလေးသူငယ်တို့သည် ငယ်ရွယ်စဉ် ဘဝကတည်းက စာဖတ် ဝါသနာရှိကြသည်။ ထိုဝါသနာကို ဆရာ၊ ဆရာမတို့က ပြုစုပျိုးထောင်ပေးပြီး ကလေးများ စာကြည့်တိုက်သို့ သွားဖြစ်အောင် နှိုးဆော်ပေးရမည်။ ကျွန်တော်အထက် တန်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သော နယ်အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းအုပ်ကြီးနှင့် ဆွေးနွေးတိုင်ပင်၍ ကျောင်းသား၊ ကျောင်းသူများ   အတန်းလိုက်အလှည့်ကျ စာဖတ်ရန်၊ စာဖတ်သော ကျောင်းသား၊ ကျောင်းသူများကို အလှည့်ကျ ဆရာ၊ ဆရာမတစ်ဦးက ကြီးကြပ်ရန်နှင့် ကြီးကြပ်ရင်း ဆရာ၊ ဆရာမပါ စာဖတ်ရန်၊ ကျောင်း Assembly တွင် ဆရာ၊ ဆရာမများ အလှည့်ကျ အသိပညာပေးဆုံးမ စကားပြောရန်စီစဉ်ခဲ့သည်။  

စာဖတ်ခြင်း၏ ရလဒ်အဖြစ် အောင်မြင် တိုးတက်မှု ရသင့်သလောက်ရခဲ့သည်။   ကလေးများ အနာအကြား၊ အရေး၊ အဖတ်၊ အပြောအဆို စွမ်းရည်များ တိုးတက်ခဲ့ခြင်းက သက်သေဖြစ်သည်။

   အချို့က အမှားကိုအမှန်ဟု ထင်နေတတ်ကြသည်။ တစ်ဦးတစ်ယောက် မှားနေခြင်းသည် မသိသာသော်လည်း အများစုမှားလာသော် အနာဂတ်အတွက်  ရလဒ်မကောင်းနိုင်ပေ။

အမှားကို အမှားမှန်းသိအောင် ဝေဖန်ဆုံးဖြတ်နိုင်သော ပညာရှိရမည်။ ထိုပညာရရန် စာဖတ်ရမည်။   စာဖတ်ခြင်းဖြင့် အမှားအမှန်ဝေဖန် ဆုံးဖြတ်နိုင်သော အသိပညာ အရည်အသွေးပြည့်ဝလာမည်။ အမှန်နှင့်အမှားကို ကွဲကွဲပြားပြား ခွဲခွဲခြားခြားမသိသူသည် တွေးခေါ်ယုံကြည်မှုလွဲမှား၍ ကြီးမားသော ဘဝဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ လူသားတိုင်း ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေး   ရှိကြသည်။

သို့သော် လမ်းများများ လျှောက်ဖူးသူ၊ ခရီးများများ သွားဖူးသူသည် အတွေ့အကြုံများစွာရှိပြီး ဗဟုသုတကြွယ်ဝသကဲ့သို့ စာဖတ်သူသည် အသိပညာ ဗဟုသုတကြွယ်ဝပြီး အမှန်တရားကို သိရှိနားလည်ကာ    အမှန်လမ်းစဉ်အတိုင်း လျှောက်လှမ်းလုပ်ကိုင်နိုင်သဖြင့် အောင်မြင်မှု အလီလီရသည်။ ထို့ကြောင့် နေရာအနှံ့အပြားတွင် စာကြည့်တိုက်များ ဖွင့်လှစ်တည်ထောင်၍ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် လိုအပ်နေသော ဘီ(B)များကို အမြဲဖြည့်ဆည်းနေကြရန် လိုအပ်လှပေသည်။

ကိုးကား

၁။ မင်္ဂလာမောင်မယ် စာစောင်များ (စာတည်းချုပ်ဆရာကြီး မင်းယုဝေ)။

၂။ ပညာခေတ်( ဆုရ စာစီစာကုံးများ၊ မင်္ဂလာမောင်မယ်)။

၃။ စာဖတ်ကြမယ်လေ (မောင်ဖျော်-ပေတစ်ပင်) ၂၀၂၂ ခုနှစ် စက်တင်ဘာလ မြဝတီမဂ္ဂဇင်း။

၄။ အမှန်တရားကို ချစ်ခင်မြတ်နိုးတန်ဖိုးထားနိုင်ကြပါစေ (မနောဖြူ)။

ညွန့်ဝင်း (နတ်တလင်း)