ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများ အပေါ်လေ့လာခြင်း (သြစတြီးယားနိုင်ငံ)

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများ အပေါ်လေ့လာခြင်း (သြစတြီးယားနိုင်ငံ)

နိဒါန်း

    သြစတြီးယားသမ္မတနိုင်ငံသည် ဂျာမနီ၊ ဟန်ဂေရီ၊ အီတလီ၊ လစ်ချ်တင်စတိန်း၊ ဆလိုဗားကီးယား၊ ဆိုဗေးနီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အရှေ့အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ နိုင်ငံ၏ အကျယ်အဝန်းမှာ ၈၃၈၇၈ စတုရန်းကီလိုမီတာ (၃၂၃၈၅ စတုရန်းမိုင်) ကျယ်ဝန်းပြီး လူဦးရေ ၈ ဒသမ ၉၅ သန်းခန့်ရှိသည်။ သြစတြီးယားသည်   ပါလီမန် ဒီမိုကရေစီနိုင်ငံဖြစ်သည်။ သြစတြီးယားနိုင်ငံ၏မြို့တော် ဗီယင်နာ (Vienna)သည် လူဦးရေ ၁ ဒသမ ၉ သန်းကျော်ရှိသော အကြီးဆုံး မြို့တော်ဖြစ်သည်။ လူဦးရေအများစုသည် နိုင်ငံ၏တရားဝင် ဘာသာစကားဖြစ်သည့် ဂျာမန်ဘာသာစကားကို ပြောဆိုကြပြီး အခြားဒေသခံ ရုံးသုံးဘာသာစကားများမှာ ခရိုအေးရှား (Croatian)၊ ဟန်ဂေရီ (Hungarian)နှင့် စလိုဘေးနီးယား (Slovene)တို့ဖြစ်သည်။ သြစတြီးယားသည် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး Organization for Economic Co-operation and Development (OECD) တည်ထောင်သူလည်း ဖြစ်သည်။ ၁၉၉၅ ခုနှစ်မှစတင်၍  ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံ     တစ်နိုင်ငံဖြစ်လာခဲ့သည်။ သြစတြီးယားသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ကိုးခုဖြင့် ဖွဲ့စည်းထားသည်။ အမည်အားဖြင့် Burgeland ၊ Carinthia? Lower Austria ၊ Upper Austria ၊ Salzburg ၊ Styria ၊ Tyrol ၊ Vorarlbergနှင့် Vienna တို့ဖြစ်သည်။ ပြည်နယ်များတွင် သီးခြားအုပ်ချုပ်ရေး အာဏာများရှိပြီး   ပြည်နယ်လွှတ်တော်များကို ရွေးချယ်ထားသော ဥပဒေပြု အာဏာများဖြင့် ထိန်းသိမ်းထားသည်။ ၎င်းတို့တွင် ပြည်နယ်ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများရှိသည်။

ရွေးကောက်ပွဲသမိုင်း

သြစတြီးယားနိုင်ငံ ပြည်ထောင်စု လွှတ်တော်တွင် အောက်လွှတ်တော် (National Council) နှင့် အထက်လွှတ်တော် (Federal Council)ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည်။ တစ်နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများ အနေဖြင့်  အမျိုးသားကောင်စီ ရွေးကောက်ပွဲများနှင့် သမ္မတရွေးကောက်ပွဲများ ကျင်းပပြီး ပြည်နယ်ရွေးကောက်ပွဲများတွင်    ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများ၊  မြူနီစီပယ်  ရွေးကောက်ပွဲ များနှင့် မြို့တော်ဝန်ရွေးကောက်ပွဲများ ကျင်းပသည်။

ရွေးကောက်ပွဲအားလုံးသည် တန်းတူညီမျှ၊ တိုက်ရိုက်၊ လျှို့ဝှက်၊ လွတ်လပ်စွာဟူသော ကိုယ်ပိုင်မဲပေးခွင့်၏ အခြေခံမူများနှင့်အညီ ကျင်းပသည်။ သြစတြီးယား နိုင်ငံ၌ ၂၀၀၇ ခုနှစ် ဖက်ဒရယ်ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရှိသည့် အသက်ကို ၁၈ နှစ်မှ  ၁၆ နှစ်သို့ လျှော့ချခဲ့သည်။ အချို့ပြည်နယ်များတွင် ၂၀၀၇ ခုနှစ် မတိုင်မီ   ကျင်းပခဲ့သောပြည်နယ်နှင့်   ဒေသ ရွေးကောက်ပွဲများတွင် မဲပေးရမည့် အသက်ကိုလျှော့ချထားပြီးဖြစ်သည်။

သြစတြီးယားနိုင်ငံ၏  လွှတ်တော်နှင့်  အခြားဥပဒေပြုအဖွဲ့များ အတွက်  ရွေးကောက်ပွဲစနစ်၏ အဓိက ရည်ရွယ်ချက်မှာ နိုင်ငံရေးပါတီများမှ မဲရုံများတွင် ရရှိသည့် ခိုင်လုံမဲများအပေါ် အခြေခံ၍ ကိုယ်စားလှယ်လောင်း နေရာများ အချိုးကျခွဲဝေစေရန် ဖြစ်ပြီး ဥပဒေပြုအဖွဲ့၏ ဖွဲ့စည်းပုံသည်  မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုစေနိုင်ရန်ဖြစ်သည်။ ဤစနစ်သည် မဲဆန္ဒရှင်များ အနေဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများကိုသာ မဟုတ်ဘဲ နိုင်ငံရေးပါတီများကိုပါ ရွေးချယ်ရန် လိုအပ်သည်။

သမ္မတ

    သြစတြီးယားနိုင်ငံ၏ သမ္မတအား ၆ နှစ်လျှင် တစ်ကြိမ်   ဆန္ဒမဲပေး တိုက်ရိုက်ရွေးကောက် တင်မြှောက်သည်။ သမ္မတသည် ၆ နှစ်သက်တမ်းကို  နှစ်ကြိမ်ဆက်တိုက်သာ  တာဝန်ထမ်းဆောင်ခွင့် ရှိသည်။  သမ္မတသည် အမျိုးသားကောင်စီကို ဖျက်သိမ်းခွင့်ရှိပြီး  ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားရေး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ တရားသူကြီးချုပ်များ၊ စစ်အရာရှိများနှင့် အဓိကဗျူရိုကရက် အများစုကို ခန့်အပ်ခွင့်နှင့် သက်တမ်းတိုးခွင့် အာဏာတို့ရှိသည်။ သမ္မတသည်    နိုင်ငံ့ခေါင်းဆောင်ဖြစ်ပြီး တရားဝင်အပ်နှင်းထားသော အာဏာများရှိသော်လည်း လက်တွေ့တွင် ပိုမိုကျယ်ပြန့်သော မူဝါဒပိုင်းများနှင့် ဆုံးဖြတ်ချက်ချသည့် ကိစ္စများတွင် အစိုးရနှင့် တိုင်ပင်ဆွေးနွေးသည်။

သမ္မတရွေးကောက်ပွဲ

သမ္မတရွေးကောက်ပွဲကို နှစ်ကျော့ပြန်စနစ်ဖြင့် ကျင်းပသည်။ ပထမအကျော့တွင် မည်သည့်ကိုယ်စားလှယ်လောင်းကမှ မဲအရေအတွက် ၅၀ ရာခိုင်နှုန်းထက်ပို၍ မရရှိခဲ့ပါလျှင် ဒုတိယအကျော့တွင် ဆန္ဒမဲ အများဆုံး ရရှိသူနှစ်ဦးသာ ဆက်လက် ရပ်တည်နိုင်မည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်း တစ်ဦးသာ ရွေးကောက်ပွဲဝင်ပါက ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပါသည်။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲတွင်  ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည်   သမ္မတရွေးကောက်ပွဲတွင်  မဲပေးခွင့်ရှိသည်။  သမ္မတ ရွေးကောက်ပွဲကြေညာချက်တွင်   ရွေးကောက်ပွဲ ကျင်းပမည့်ရက်နှင့် လျှောက်လွှာ တင်သွင်းရမည့် ရက်တို့ ပါဝင်သည်။ ကိုယ်စားလှယ်လောင်းများ၏ အမည်များကို ရွေးကောက်ပွဲနေ့ မတိုင်မီ ရက်ပေါင်း ၃၀ ထက် နောက်မကျစေဘဲ ပြည်ထောင်စုရွေးကောက်ပွဲ အာဏာပိုင်(ဗဟိုရွေးကောက်ပွဲကော်မရှင်) ထံတင်ပြရသည်။ နိုင်ငံတော်သမ္မတက ကျမ်းသစ္စာကျိန်ဆိုပြီး ရာထူးတာဝန်ယူသည့် အချိန်မှစ၍  သက်တမ်းစတင်သည်။

လွှတ်တော်ဖွဲ့စည်းခြင်း

သြစတြီးယားလွှတ်တော်တွင် အမျိုးသားကောင်စီနှင့် ဖက်ဒရယ်ကောင်စီဟူ၍ လွှတ်တော် ၂ ရပ်ရှိသည်။ အမျိုးသားကောင်စီသည်   အဓိကဥပဒေပြု အဖွဲ့ဖြစ်သည်။  ဥပဒေပြင်ဆင်ရေးနှင့် အကောင် အထည်ဖော်ရေးကို ပြည်ထောင်စုအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများတွင် ဆောင်ရွက်သည်။ ဥပဒေပြုရေး တာဝန်များကို ပြည်ထောင်စုအဆင့်တွင် အမျိုးသား ကောင်စီက ဖက်ဒရယ်ကောင်စီနှင့် တွဲဖက်ဆောင်ရွက်သည်။ အမျိုးသားကောင်စီတွင် အဖွဲ့ဝင် ၁၈၃ ဦးကို ၅ နှစ်တစ်ကြိမ်  သို့မဟုတ်   (တစ်ခါတစ်ရံ ဆောလျင်စွာ) မဲပေးခွင့်ရှိသော  နိုင်ငံသားအားလုံးက ရွေးချယ်တင်မြှောက်သည်။

ဖက်ဒရယ်ကောင်စီသည်    လူထုဆန္ဒမဲဖြင့် တိုက်ရိုက်၏ ရွေးကောက်တင်မြှောက်ခြင်း မဟုတ်ဘဲ ၎င်း၏ဖွဲ့စည်းမှုသည်  ဥပဒေပြုရေး အဆင့်တွင်  ကိုယ်စားပြုသည့် ပါတီများ၏    အင်အားပေါ်တွင် မူတည်သည်။ ဆိုလိုသည်မှာ   ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပပြီးနောက် ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံသည် ပြောင်းလဲနိုင်ခြင်းကြောင့်ဖြစ်သည်။ ဖက်ဒရယ်ကောင်စီသည် ပြည်နယ်အားလုံး၏ အကျိုးစီးပွားကို ကိုယ်စားပြုပြီး ပြည်နယ်လွှတ်တော်များသည် ပြည်နယ်တစ်ခုချင်းစီရှိ နိုင်ငံသားများ၏ အကျိုးစီးပွားကို ကိုယ်စားပြုသည်။ ဖက်ဒရယ်ပြည်နယ်တစ်ခုစီကို  သက်ဆိုင်ရာလွှတ်တော်က  ရွေးကောက်တင်မြှောက်ထားသော ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့က အုပ်ချုပ်သည်။

ဖက်ဒရယ်ပြည်နယ်တစ်ခုစီသို့   ခွဲဝေပေးသော ကိုယ်စားလှယ် အရေအတွက်ကို ယင်း၏ လူဦးရေပေါ်တွင်   အခြေခံသည်။ အကြီးဆုံးပြည်နယ်များကို ကိုယ်စားလှယ် ၁၂ ဦးခွဲဝေပေးကာ အငယ်ဆုံး ပြည်နယ်များကို ကိုယ်စားလှယ်ဦးရေ ၃ ဦး ခွဲဝေပေးသည်။ အထက်လွှတ်တော်တွင် ပြည်နယ်များ၏ လူဦးရေ ပြောင်းလဲလာသည်နှင့်အမျှ ၎င်းတို့ရပိုင်ခွင့်ရှိသော လုပ်ပိုင်ခွင့် အရေအတွက်များလည်း ပြောင်းလဲလာသည်။ လုပ်ပိုင်ခွင့် အရေအတွက်ကို သန်းခေါင်စာရင်းအရ ဆယ်နှစ်တစ်ကြိမ် ပြန်လည် တွက်ချက်သည်။ ယင်းနောက် ပြည်ထောင်စုသမ္မတသည် ပြည်နယ်တစ်ခုစီမှ ကိုယ်စားလှယ်မည်မျှကို အထက်လွှတ်တော်သို့ လွှဲအပ်နိုင်သည်ကို  သတ်မှတ်သည်။

သို့အတွက်ကြောင့်   အထက်လွှတ်တော် (ဖက်ဒရယ်  ကောင်စီ)ရှိ အရေအတွက်ကို ကြိုတင်သတ်မှတ် မထားပေ။ လက်ရှိတွင်  အထက်လွှတ်တော်၌  ကိုယ်စားလှယ်  ၆၁ ဦးရှိသည်။ အထက်လွှတ်တော် (ဖက်ဒရယ်ကောင်စီ)သည်   အောက်လွှတ်တော် (အမျိုးသားကောင်စီ)နှင့် ဆက်စပ်၍  ပြည်ထောင်စု ဥပဒေများကို ထုတ်ပြန်ပြီး   အောက်လွှတ်တော်မှ  အတည်ပြုထားသည့် ကန့်သတ်ထားသော ဗီတိုအာဏာ အသုံးပြုခွင့်ရှိသည်။

လွှတ်တော်ရွေးကောက်ပွဲ

     အမျိုးသားကောင်စီရွေးကောက်ပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ် ၁၈၃ ဦး ကို ၅ နှစ် တစ်ကြိမ် ကျင်းပရွေးချယ်ပေးသည့် အထွေထွေ ရွေးကောက်ပွဲလည်းဖြစ်သည်။ အမျိုးသားကောင်စီ ရွေးကောက်ပွဲများ ကျင်းပရန်အတွက် သြစတြီးယား ပြည်နယ် ၉ ခုကို ဒေသဆိုင်ရာ ရွေးကောက်ပွဲ ခရိုင် ၃၉ ခုအဖြစ် ထပ်မံပိုင်းခြားထားသည်။  ရွေးကောက်ပွဲခရိုင် ၃၉ ခုသာရှိသော်လည်း အဖွဲ့ဝင် ၁၈၃ နေရာ ရွေးချယ်ရမည် ဖြစ်သည့်အတွက်  လူဦးရေ များသည့်ခရိုင်များတွင်  ကိုယ်စားလှယ် အရေအတွက်လည်း များသည်။ ကိုယ်စားလှယ်လောင်းများကို အချိုးကျ ကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ပြီး နိုင်ငံရေးပါတီများ အနေဖြင့်   အနည်းဆုံးရရှိရမည့်  ခိုင်လုံမဲအရေအတွက်သည် ၄ ရာခိုင်နှုန်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းမှု

    သြစတြီးယားနိုင်ငံတွင်   ဖက်ဒရယ်ဘုတ်အဖွဲ့ဟု ခေါ်သော  ထိပ်တန်း ဗဟိုရွေးကောက်ပွဲ ကော်မရှင်ကို  ဖွဲ့စည်းထားသည်။ ဖက်ဒရယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးနှင့် အကဲဖြတ်သူ (အဖွဲ့ဝင်) ၁၇ ဦး (အမျိုးသမီး ၅ ဦးအပါ)တို့ဖြင့်ဖွဲ့စည်းထားပြီး  လွတ်လပ်သော အခွင့်အာဏာ ရှိသည်။ အကဲဖြတ်သူနှစ်ဦးကို တရားစီရင်ရေးမှ ထုတ်ယူပြီး   ကျန်အကဲဖြတ်သူ   ၁၅ ဦးကို အမျိုးသားကောင်စီတွင် ကိုယ်စားပြုပါတီများမှ အမည်စာရင်း တင်သွင်း၍ အချိုးကျခန့်အပ်သည်။ ဖက်ဒရယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့သည်  အမှီအခိုကင်းသော  အစိုးရ အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ဖက်ဒရယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့၏ အဖွဲ့ဝင်များ အားလုံးသည်   အခြားသော ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့် မသက်ဆိုင်ပါ။ ဖက်ဒရယ်ပြည်ထဲရေး ဝန်ကြီးသည်  လက်ထောက်များကို  ခန့်အပ်နိုင်ပြီး အကဲဖြတ်သူတိုင်း ပူးတွဲအကဲဖြတ်သူများကို ရွေးချယ်ခန့်အပ်နိုင်သည်။ ဗဟိုရွေးကောက်ပွဲ ဘုတ်အဖွဲ့သည် နိုင်ငံတစ်ဝှမ်း ရွေးကောက်ပွဲများ အကောင်အထည်ဖော်ရေးတွင်   အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး  ၎င်းတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်နေသည့်  အခြားသောရွေးကောက်ပွဲ အာဏာပိုင်များ အားလုံးကို ကြီးကြပ်ကွပ်ကဲသည်။ ဖက်ဒရယ်ရွေးကောက်ပွဲဘုတ်အဖွဲ့သည် အမျိုးသားကောင်စီ၊ ဥရောပပါလီမန်၊ ဖက်ဒရယ်သမ္မတရုံး၊ ဆန္ဒခံယူပွဲနှင့် လူထုညှိနှိုင်းမှုများ အတွက် ရွေးကောက်ပွဲများကို တာဝန်ယူဆောင်ရွက်သည့်အပြင် အာဏာပိုင်များသည်   အများသူငါ လုပ်ဆောင်မှုများ၏

နောက်ဆုံးရလဒ်များကို ဆုံးဖြတ်ပြီး ဥရောပနိုင်ငံသားများ အတွက် ပံ့ပိုးကူညီမှုဆိုင်ရာ ထုတ်ပြန်ချက်များကို စစ်ဆေးနိုင်သည်။ ရွေးကောက်ပွဲဘုတ် အဖွဲ့၏ အတွင်းရေးမှူးရုံးနှင့်  ပံ့ပိုးရေးဌာနခွဲအဖြစ်   ပြည်ထဲရေး ဝန်ကြီးဌာနတွင်   ရွေးကောက်ပွဲရေးရာဌာနကို ဖွဲ့စည်း၍ ဆောင်ရွက်သည်။    ပြည်နယ်အစိုးရရုံး ၉ ရုံးတွင် ပြည်နယ်ရွေးကောက်ပွဲ အာဏာပိုင် အဖွဲ့တစ်ခုစီ သီးခြားဖွဲ့စည်းထားသည်။ ယင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး သို့မဟုတ်  ဥက္ကဋ္ဌနှင့် ပြည်နယ်မဲရုံ အရာရှိအဖြစ်ခန့်အပ်ရန်  အမြဲတမ်းကိုယ်စားလှယ် တစ်ဦးနှင့် အကဲဖြတ်သူ ၉ ဦးပါဝင်သည်။

ကော်မရှင်အဖွဲ့ဝင်များ အရည်အချင်း သတ်မှတ်ချက်

(၁)ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကော်မရှင်ဥက္ကဋ္ဌ သည် တရားသူကြီးချုပ် အဆင့်ရှိသူ ဖြစ်ရမည်။

(၂)ကော်မရှင်အဖွဲ့ဝင်များသည် အောက်ပါအရည်အချင်းများနှင့် ပြည့်မီသူဖြစ်ရမည်-

      (က)   နိုင်ငံသားဖြစ်သူ

      (ခ)  အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိ ထားသူ၊

      (ဂ) ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ စီမံ ခန့်ခွဲမှု၊ ဘဏ္ဍာရေး၊အုပ်ချုပ်ရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ ဥပဒေ စသည့်နယ်ပယ် များတွင် အတွေ့အကြုံရှိသူ၊

      (ဃ)  ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၆ ပါအချက် များနှင့် ကိုက်ညီမှုရှိသူ။

ရွေးကောက်ပွဲစီမံခန့်ခွဲမှု

    သြစတြီးယားရွေးကောက်ပွဲ အုပ်ချုပ်ရေးတွင် အဆင့် ၅ ဆင့်ရှိပြီး  နိုင်ငံ၏ အုပ်ချုပ်မှုကို ထင်ဟပ်စေသည်။ ယင်းမှာ ဗဟိုရွေးကောက်ပွဲ ဘုတ်အဖွဲ့ (FEB))၊ ပြည်နယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့ ၉ ခု(PEBs)၊ ခရိုင်ရွေးကောက်ပွဲ ဘုတ်အဖွဲ့ ၁၀၀ ကျော် (DEBs)၊ မြူနီစီပယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ ၂၀၀၀ ကျော် (MEBs)နှင့်  မဲရုံဘုတ်အဖွဲ့ ၁၂၀၀၀ (PSBs) ဝန်းကျင်ရှိသည်။ ဘုတ်အဖွဲ့အားလုံးသည် အမြဲတမ်းတည်ရှိပြီး ရွေးကောက်ပွဲ အမျိုးအစားအားလုံးကို စီမံခန့်ခွဲရန် လိုအပ်သလို ခေါ်ယူဆွေးနွေး ညှိနှိုင်းသည်။

အစိုးရအဆင့်အသီးသီးရှိ  အရပ်ဘက်ဝန်ထမ်းများသည်  သက်ဆိုင်ရာ ရွေးကောက်ပွဲဘုတ် အဖွဲ့တွင် ပါဝင်ကူညီ ဆောင်ရွက်ကြသည်။   ပြည်ထဲရေးဝန်ကြီးသည်  ဗဟိုရွေးကောက်ပွဲဘုတ်အဖွဲ့ (FEB)တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။  ပြည်ထဲရေးဝန်ကြီးဌာနသည် မဲလက်မှတ်များ ထုတ်လုပ်ခြင်း၊ ရွေးကောက်ပွဲ အာဏာပိုင်များအတွက် လမ်းညွှန်ချက်နှင့် လေ့ကျင့်ရေး ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေး ပစ္စည်းများ ပြင်ဆင်ခြင်း အပါအဝင် နည်းပညာပိုင်းဆိုင်ရာ  ပြင်ဆင်မှုများကို  တာဝန်ယူ ဆောင်ရွက်သည်။ ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်း၊  ရွေးကောက်ပွဲဘုတ်အဖွဲ့  အဆင့်ဆင့်ကို    ကြီးကြပ်ခြင်း၊ ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များ ကြေညာပေးခြင်းတို့ကိုလည်း ဆောင်ရွက်သည်။

  ပြည်နယ်ရွေးကောက်ပွဲ ဘုတ်အဖွဲ့ (PEBs)၊ ခရိုင်ရွေးကောက်ပွဲဘုတ်အဖွဲ့ (DEBs)နှင့် မြူနီစီပယ် ရွေးကောက်ပွဲ ဘုတ်အဖွဲ့  (MEBs)အားလုံးကို ဥက္ကဋ္ဌ ၁  ဦးနှင့် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းထားသည်။

ယင်းဥက္ကဋ္ဌများသည် အများအားဖြင့် သက်ဆိုင်ရာဒေသ အစိုးရ အကြီးအကဲများ ဖြစ်ကြသည်။ အခြားသော ရွေးကောက်ပွဲဘုတ် အဖွဲ့ဝင်များသည် ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်ရွေးကောက်ပွဲတွင် ၎င်းရရှိသော ဒေသမဲများ အချိုးအစားအလိုက် ကိုယ်စားပြုခန့်အပ်ထားသည်။  မဲရုံဘုတ်အဖွဲ့ (PSBs)) တွင် မြို့တော်ဝန်မှ ခန့်အပ်ထားသော ဥက္ကဋ္ဌ ၁ ဦးနှင့် ပါတီများမှ အဆိုပြု တင်သွင်းထားသော အဖွဲ့ဝင် ၃ ဦး ပါဝင်သည်။ ဘုတ်အဖွဲ့အားလုံး၏ အဖွဲ့ဝင်များအားလုံးကို ၅ နှစ်တာ သက်တမ်းအတွက် ခန့်အပ်သည်။

ပြည်နယ်ရွေးကောက်ပွဲဘုတ်အဖွဲ့ (PEBs)) အဓိက အခန်းကဏ္ဍမှာ ရွေးကောက်ပွဲရလဒ်များကို စုစည်းရန်ဖြစ်သည်။ ခရိုင်ရွေးကောက်ပွဲ ဘုတ်အဖွဲ့(DEBs)စာတိုက်မဲများကို ရေတွက်ရန် တာဝန်ရှိသည်။ မြူနီစီပယ် ရွေးကောက်ပွဲဘုတ်အဖွဲ့  (MEBs) မဲရုံမှရလဒ်များကို စုစည်းပြီး မဲဆန္ဒရှင်စာရင်းများကို ကြီးကြပ်ရန် တာဝန်ရှိသည်။ မဲရုံဘုတ်အဖွဲ့ (PSBs) သည် ဆန္ဒမဲပေးခြင်းနှင့် မဲရေတွက်ခြင်းကို စီစဉ်ဆောင်ရွက်သည်။

နိုင်ငံရေးပါတီများဆိုင်ရာ

    သြစတြီးယားနိုင်ငံတွင် မှတ်ပုံတင်ထားသော  နိုင်ငံရေး ပါတီပေါင်း ၁၀၀၀ ကျော်ရှိပြီး လက်ရှိ၌ သြစတြီးယားပြည်သူ့ပါတီ (OVP)၊ သြစတြီးယားဆိုရှယ် ဒီမိုကရက်တစ်ပါတီ (SPO)၊ သြစတြီးယား လွတ်လပ်ရေးပါတီ (FPO)၊ ဂရင်း (GREEN)နှင့် NEOSဟူသည့် အဓိက ပါတီကြီး ၅ ခု ရှိသည်။ မတူညီသော နိုင်ငံရေးပါတီ အများအပြား တည်ရှိမှုသည် ဒီမိုကရေစီ၏ အမှတ်အသားတစ်ခုဖြစ်ပြီး ၎င်းတို့၏ အရေးပါမှုသည် နိုင်ငံရေးဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် ၎င်းတို့ပါဝင်သည့် အခန်းကဏ္ဍ တစ်ခုကြောင့်ဖြစ်သည်။

သြစတြီးယားနိုင်ငံရေး ပါတီများ၏ ကုန်ကျစရိတ်များနှင့် ငွေကြေးထောက်ပံ့မှုများကို စာရင်းစစ် တရားရုံးက စစ်ဆေးသည်။ နိုင်ငံရေးပါတီများသည် ရန်ပုံငွေရရှိသည်ဖြစ်စေ မရရှိသည်ဖြစ်စေ ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ်လည် တာဝန်ခံမှု အစီရင်ခံစာများကို ပြုစုပေးရသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများဆိုင်ရာ

    သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းသည်  ပါဝင် ယှဉ်ပြိုင်ရန်အတွက် အသက် ၃၅ နှစ်ပြည့်ရန် လိုအပ်ပြီး လွှတ်တော်ရွေးကောက်ပွဲ အတွက် ဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်သည်။ ဖက်ဒရယ် သမ္မတအဖြစ် အရွေးချယ်ခံရန် လွှတ်တော်ကိုယ်စားလှယ်လောင်း အနေဖြင့်  မဲဆန္ဒရှင်များ၏ တရားဝင်ခိုင်လုံမဲ လက်မှတ် အနည်းဆုံး ၆၀၀၀ ၏ ထောက်ခံချက်ကို ပြည်ထဲရေး ဝန်ကြီးဌာနမှ တရားဝင် ဖွဲ့စည်းထားသော ဖက်ဒရယ်ရွေးကောက်ပွဲ အာဏာရှိသည့် အဖွဲ့အစည်းထံသို့ ကြေညာချက်နှင့်အတူ တင်ပြရသည်။ တစ်ချိန်တည်းတွင် လွှတ်တော်ကိုယ်စားလှယ် ဝင်ကြေး ယူရို ၃၆၀၀ ကို  ပေးဆောင်ရသည်။ အလားအလာရှိသော ကိုယ်စားလှယ်လောင်းများ အနေဖြင့် ၂၀၂၂  ခုနှစ် ရွေးကောက်ပွဲအတွက် လက်မှတ်များကို ၂၀၂၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှစတင်၍ စုဆောင်းနိုင်သည်။     နောက်ဆုံးတင်သွင်းရမည့်နေ့မှာ ရွေးကောက်ပွဲမတိုင်မီ ၃၇ ရက်နေ့ (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့) ၁၇၀၀ နာရီအချိန်တွင်ဖြစ်သည်။ အမျိုးသားကောင်စီ ကိုယ်စားလှယ်လောင်း နေရာခွဲဝေရန်အတွက် ခရိုင်မဲဆန္ဒနယ် ၉ ခု ( ပြည်နယ် ၉ ခုနှင့်ထပ်တူ ) ခွဲကာ ဒေသဆိုင်ရာ မဲဆန္ဒနယ် ၃၉ ခုသို့ ထပ်မံပိုင်းခြားထားသည်။

မဲဆန္ဒရှင်စာရင်းပြုစုခြင်း

    မဲဆန္ဒရှင်စာရင်းကို မြူနီစီပယ်အာဏာပိုင်များမှ ၎င်းတို့နေထိုင်ရာ နေရာဒေသအလိုက် ပြုစုသည်။ မြူနီစီပယ်များသည် ၎င်းတို့မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ နယ်နိမိတ်အလိုက် စဉ်ဆက်မပြတ် ထိန်းသိမ်းထားရှိသည်။     ဤစာရင်းများသည် ရွေးကောက်ပွဲမတိုင်မီ ထုတ်ပေးသည့် ဗဟိုမဲဆန္ဒရှင် စာရင်းနှင့်  ချိတ်ဆက်ထားသည်။ မဲဆန္ဒရှင်အနေဖြင့် မိမိ၏အမည်စာရင်း မှားယွင်းမှုများအား ပြင်ဆင်ရန် သက်ဆိုင်ရာမြူနီစီပယ်များ အလိုက် မဲဆန္ဒရှင်စာရင်း ကပ်ထားချိန် ၁၀ ရက်အတွင်း တောင်းဆိုခွင့်ရှိပြီး   မြူနီစီပယ်၏ ဆုံးဖြတ်ချက်ကို  အယူခံ လျှောက်ထားပါက အုပ်ချုပ်ရေး တရားရုံးသို့ ဆက်လက် လျှောက်ထားနိုင်သည်။နိုင်ငံရေးပါတီများနှင့်  လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ မြူနီစီပယ်၏ မဲဆန္ဒရှင်စာရင်းများကို စာရင်းများ၏ ကုန်ကျစရိတ်အတိုင်း မိတ္တူကူးယူခွင့်ရှိသည်။

ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒရှင်စာရင်း

    ပြုစုခြင်းနှင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးခြင်း လုပ်ငန်းစဉ် များကို အောက်ဖော်ပြပါ အချိန်များမှလွဲ၍ အမြဲမပြတ်ဆောင်ရွက်ရသည် -

-        အထွေထွေရွေးကောက်ပွဲ သို့မဟုတ် ဖွဲ့စည်းပုံ  အခြေခံဥပဒေ ပုဒ်မ ၁၃၈  (၅) အရ ကျင်းပသော ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲမကျင်းပမီ ရက်ပေါင်း ၆၀ အတွင်း၊

-        ကြားဖြတ်ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာ လစ်လပ်နေရာများနှင့် ယင်းရွေးကောက်ပွဲ  ကျင်းပမည့် နေ့ရက်ကို ကြေညာသည့် အချိန်အတွင်း၊ အခြားကိစ္စရပ်များတွင် လစ်လပ်နေရာကြေညာ  ပြီးချိန်နှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာသည့် အချိန်အတွင်း။

မဲဆန္ဒရှင်များဆိုင်ရာ

    ရွေးကောက်ပွဲကျင်းပသည့် နေ့တွင်  အသက် ၁၆ နှစ်ပြည့်ပြီးသော ဥပဒေအရ တားမြစ်ခြင်းမခံရသည့် သြစတြီးယားနိုင်ငံသားများ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသည်။ သက်ဆိုင်ရာ မဲရုံ၏ မဲဆန္ဒရှင် စာရင်းတွင်ပါဝင်ပြီး မဲဆန္ဒရှင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လက်ခံရရှိသူသည် ယင်းမဲရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ မဲဆန္ဒရှင်နှင့်ပတ်သက်သည့် စာရွက်စာတမ်း ဆိုသည်မှာ မဲဆန္ဒရှင် စာရင်းသွင်းချိန်တွင် ထုတ်ပေးသော စာရွက်စာတမ်းဖြစ်သည်။ နိုင်ငံသားများသည် တစ်နှစ်ထက် မပိုသော   ရာဇဝတ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်း ခံရမှသာလျှင် ၎င်းတို့၏ မဲပေးခွင့် ဆုံးရှုံးမည်ဖြစ်သည်။

ဆန္ဒမဲပေးခြင်း

    သြစတြီးယားနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ရွေးကောက်ပွဲများတွင်  မဲဆန္ဒရှင်များသည် ၎င်းတို့၏ အမြဲတမ်းနေရပ်နှင့် သတ်မှတ်ထားသော မဲရုံတွင် မဲပေးရန် ပျက်ကွက်နေသူများသည် သြစတြီးယားရှိ မဲရုံတိုင်းတွင်မဲပေးရန် သို့မဟုတ် စာတိုက်မှ မဲပေးရန်အတွက် အသုံးပြုနိုင်မည့် “မဲကတ်” ကို ရယူခွင့်ရှိသည်။ သြစတြီးယား နိုင်ငံသားများသည် စာတိုက်မှ မဲပေးနိုင်သည်။ စာတိုက်မဲပေးခြင်းသည် နိုင်ငံရပ်ခြားနှင့် သြစတြီးယား၏ ကန့်သတ်ချက်များ အတွင်း ညီတူညီမျှဖြစ်သည်။ စာတိုက်မှမဲပေးရာတွင် အသုံးပြုသည့်မဲကတ်များ အားလုံးသည် ညနေ ၅ နာရီတွင် ခရိုင်ရွေးကောက်ပွဲ အာဏာပိုင်ထံသို့ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။ မဲရုံသို့လာရောက် မဲမပေးနိုင်သည့် ပုဂ္ဂိုလ်များ ဥပမာ- သက်ကြီးရွယ်အိုများ၊ အိပ်ရာထဲ လဲနေသူများ၊   အကျဉ်းသားများတို့သည် ရွေးကောက်ပွဲ အာဏာပိုင်တစ်ဦးထံ တင်ပြ၍ ဝန်ဆောင်မှုများ ရယူနိုင်သည်။  တစ်နည်းအားဖြင့် စာတိုက်မဲပေးခြင်းကိုလည်း အသုံးပြုနိုင်သည်။ မဲဆန္ဒရှင်များသည် ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်များကို စာတိုက်မှ (mail) ပေးပို့ရာတွင် ဆန္ဒမဲလက်မှတ်နှင့်အတူ ၎င်းတို့၏ ဆန္ဒမဲကို မည်သည့်လွှမ်းမိုးမှုမရှိဘဲ မိမိဆန္ဒအရပေးသည့် မဲဖြစ်ကြောင်း   သက်သေ အထောက်အထားကိုပါ ပူးတွဲပေးပို့ရမည်ဖြစ်သည်။

မျက်မမြင်မဲဆန္ဒရှင်များ သို့မဟုတ် ဆိုးရွားသော အမြင်အာရုံ ချို့ယွင်းနေသူများအား ၎င်းတို့၏ ချို့ယွင်းမှုကို မခွဲခြားဘဲ  ကိုယ်တိုင်မဲပေးပိုင်ခွင့်ရှိစေရန် အထောက်အကူပစ္စည်း (ပုံစံခွက်)ကို ရွေးကောက်ပွဲ ကော်မရှင်က စီစဉ်ထားရှိပေးသည်။ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ မသန်စွမ်း မဲဆန္ဒရှင်များအတွက် မဲပေးရာတွင် လမ်းညွှန် ကူညီပေးနိုင်ရန် လူတစ်ဦး ခေါ်ဆောင်နိုင်သည်။ ထိုကဲ့သို့  ယုံကြည်ရသူကို မဲဆန္ဒရှင်က ရွေးချယ်ခွင့်ရှိပြီး   အရာရှိထံ တင်ပြရသည်။

ရွေးကောက်ပွဲရလဒ်များရေတွက်ခြင်း၊ ကြေညာခြင်း

    သြစတြီးယားနိုင်ငံတွင်   မဲများကိုဒေသဆိုင်ရာ ရွေးကောက်ပွဲအာဏာပိုင် (မြူနီစီပယ်နှင့် ခရိုင် ရွေးကောက်ပွဲ အာဏာပိုင်များ)မှ သီးသန့်ရေတွက်သည်။ ခြွင်းချက်အနေဖြင့်  စာတိုက်မဲများကို ခရိုင်ရွေးကောက်ပွဲ အာဏာပိုင်များက  ရေတွက်သည်။ ဒေသရွေးကောက်ပွဲ ဘုတ်အဖွဲ့၏  အဖွဲ့ဝင်အရေအတွက်သည် ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားသည့် ရပ်ရွာတစ်ခု၏ ပရိဝုဏ်အား ရွေးကောက်ပွဲ ဘုတ်အဖွဲ့များအဖြစ် ထပ်မံခွဲခြားထားခြင်းရှိ/မရှိ အပေါ်မူတည်သည်။ မြူနီစီပယ်အဖွဲ့၏ ရွေးကောက်ပွဲ အာဏာပိုင်သည်  ဒေသဆိုင်ရာအာဏာပိုင်အဖြစ် ဆောင်ရွက်ပါက ဥက္ကဋ္ဌ ၁ ဦး နှင့်အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သည်။   ပရိဝုဏ်တစ်ခုအတွက် ဒေသဆိုင်ရာ ကော်မရှင်ဥက္ကဋ္ဌ တစ်ဦးနှင့် တစ်ခုတွင် အဖွဲ့ဝင် ၃ ဦး ၎င်းတို့အတွက် အစားထိုးရန် တစ်ဦးပါဝင်သည်။ မြူနီစီပယ်အဖွဲ့၏ ဥက္ကဋ္ဌများ (များသောအားဖြင့် သက်ဆိုင်ရာမြို့တော်ဝန်)သည် ဥပဒေအရ ကော်မရှင်၏ အကြီးအကဲဖြစ်လာသည်။ ပါတီတစ်ခုအတွက် ကိုယ်စားလှယ် အရေအတွက်ကို ရွေးကောက်ပွဲရလဒ်အား D'Hondt စနစ်ဖြင့် တွက်ချက်သည်။

ကော်မရှင်သည်  မဲရုံပိတ်ပြီးသည်နှင့်တစ်ပြိုင်နက်  ရွေးကောက်ပွဲ ရလဒ်များကို  ရေတွက်ဆုံးဖြတ်ခြင်း၊ ကြေညာခြင်းနှင့် ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရသည်။ ရွေးကောက်ပွဲဥပဒေ အပိုဒ်ခွဲ (၁) အရ ကော်မရှင်သည် ရွေးကောက်ပွဲ နောက်ဆုံးရလဒ်ကို မကြေညာမီ ရွေးကောက်ပွဲ လတ်တလောရလဒ် (ယာယီရလဒ်)များကို ကြေညာနိုင်သည်။ ကော်မရှင်သည် ရွေးကောက်ပွဲ ရလဒ်များအားလုံး စိစစ် တွက်ချက်ပြီးမှသာ နောက်ဆုံးရလဒ်ကို ကြေညာရသည်။

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများနှင့် နောက်ဆုံး ကျင်းပခဲ့သည့် ရွေးကောက်ပွဲ     

    သြစတြီးယားနိုင်ငံတွင် ၂၀၁၀ ပြည့်နှစ်၊  ၂၀၁၆ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၉ ခုနှစ်တို့တွင် လွှတ်တော်ရွေးကောက်ပွဲ များကို အသီးသီး ကျင်းပခဲ့သည်။ လက်ရှိ အစိုးရ လက်ထက်တွင် ဝန်ကြီး ၁၂ ဦးအနက် ၆ ဦးသည် အမျိုးသမီးများဖြစ်သည်။     ယေဘုယျအားဖြင့် လွှတ်တော်နှစ်ရပ်စလုံးရှိ လက်ရှိလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၄၀ ရာခိုင်နှုန်းသည် အမျိုးသား ကောင်စီ  ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စုကောင်စီ ဒုတိယဥက္ကဋ္ဌတို့အပါအဝင် အမျိုးသမီးများ ဖြစ်ကြသည်။ အမျိုးသားကောင်စီအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲရလဒ်မှာ အောက်ပါအတိုင်းဖြစ်သည် -

ပုံ(၁)

နောင်ကျင်းပမည့်ရွေးကောက်ပွဲ

    သြစတြီးယားနိုင်ငံ လာမည့်သမ္မတ ရွေးကောက်ပွဲကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ နိုင်ငံရပ်ခြားတွင် နေထိုင်သော သြစတြီးယားနိုင်ငံသားများ အနေဖြင့်  ရွေးကောက်ပွဲတွင် မဲပေးလိုပါက ၂၀၂၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာ သြစတြီးယား မြူနီစီပယ်၏ ရွေးကောက်ပွဲ မှတ်ပုံတင်စာရင်းတွင် ထည့်သွင်းနိုင်ရန်  လျှောက်ထားရမည်ဖြစ်သည်။ ကြိုတင်မဲများအတွက်  လျှောက်လွှာများကိုလည်း စာရင်းသွင်း လျှောက်ထားစဉ်ကပင် ဆောင်ရွက်နိုင်သည်။ မဲများကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ သြစတြီးယားမြူနီစီပယ်မှ ပေးပို့မည်ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်တွင် ရွေးကောက်ခံရသော လက်ရှိ သမ္မတ Alexander Vander Bellen သည် ပြန်လည်အရွေးခံရန် ကြေညာထားခဲ့သည်။ နိုင်ငံရေးပါတီ များစွာက ယင်းကြေညာချက်ကို  ထောက်ခံကြသည့် အတွက် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ တင်သွင်းခြင်း မပြုကြတော့ပေ။ လာမည့် ရွေးကောက်ပွဲအတွက် ပြည်တွင်း ပြည်ပ မဲဆန္ဒရှင် စုစုပေါင်း ၆.၄ သန်းရှိသည်။

နိဂုံး

သြစတြီးယားနိုင်ငံသည် နိုင်ငံသားများ ဆန္ဒမဲပေးခွင့်ကို အသက် ၁၆ နှစ် သတ်မှတ်ထားသဖြင့် သြစတြီးယား လူငယ်များအကြား နိုင်ငံရေး စိတ်ဝင်စားမှု တိုးလာစေခြင်းသည် နိုင်ငံရေးဖြစ်စဉ်များတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသလို မဲပေးမှုရာခိုင်နှုန်း တိုးတက်သည်ကို တွေ့ရှိရပြီး  ရွေးကောက်ပွဲများ ကျင်းပရာတွင်လည်း ကျွမ်းကျွမ်းကျင်ကျင်နှင့်  ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်နိုင်စေရန် စီမံခန့်ခွဲမှုများကို စနစ်တကျ ဆောင်ရွက်ကြောင်း တွေ့ရှိရသဖြင့်  လေ့လာသင့်ကြောင်း တင်ပြအပ်ပါသည်။           ။

ခိုင်လေးငယ်