ရေဝပ်ဒေသများတည်တံ့ဖို့၊ ခုချိန်ကစ ပြန်လည် တည်ထောင်ထိန်းသိမ်းစို့
ရေဝပ်ဒေသများ
ရေဝပ်ဒေသများဆိုသည်မှာ ဒီရေကျချိန်တွင် ရေအနက် ၆ မီတာထက် ပိုမနက်သည့် အဏ္ဏဝါရေပြင်များ အပါအဝင် ရေသေ သို့မဟုတ် စီးဆင်းနေသော ရေချို၊ ရေငန်၊ ဆားငန်ရေများရှိသော၊ ယာယီ သို့မဟုတ် အမြဲတမ်းရှိနေသော၊ သဘာ၀ သို့မဟုတ် လူတို့ပြုလုပ်ဖန်တီးထားသော ရွှံ့နွံမြေ၊ သစ်ဆွေးမြေ၊ စိမ့်မြေနှင့် ရေပြင်ဧရိယာများကိုခေါ်ဆိုသည်။ ရေဝပ်ဒေသ များကို ပင်လယ်ကမ်းခြေ ရေဝပ်ဒေသများ၊ လူတို့ပြုလုပ် ဖန်တီးထားသော ရေဝပ်ဒေသများနှင့် ကုန်းတွင်း ရေချိုရေဝပ်ဒေသများ ဟူ၍ သုံးပိုင်းခွဲခြားထားသည်။ ရေဝပ်ဒေသများတွင် မြစ်၊ ချောင်းများ၊ အင်း၊ အိုင်၊ ကန်နှင့် ရေအောင်းလွှာများ၊ နွံအိုင်များနှင့် ရွှံ့မြေများ၊ စိုစွတ်သည့် မြက်ခင်းလွင်ပြင်များ၊ ပင်လယ်သဲသောင်ကမ်းပါးများ၊ ကမ်းလွန်ကျွန်းစုငယ်များ၊ ပင်လယ်၀ ဧရိယာများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၊ ဒီရေရောက်ကမ်းခြေများ၊ ဒီရေတောများ၊ ကမ်းရိုးတန်း ဒေသများ၊ သန္တာကျောက်တန်းများ၊ ငါးကန်၊ ပုစွန်ကန်များ၊ စပါးကွင်းများ၊ ဆားကွင်းများ၊ ဆည်၊ရေလှောင်တမံများ၊ ဆည်ရေသောက်ဧရိယာများ စသည့်နေရာများပါဝင်သည်။
ရေဝပ်ဒေသများ၏ အရေးပါမှုများ
ရေဝပ်ဒေသများသည် လူသားတို့အတွက် အရေးပါသည့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိသည်။ အဓိကအားဖြင့် မြေဆီလွှာများအတွင်း ကာဗွန်သိုလှောင်မှု တိုးပွားပြီး ရာသီဥတု ပြောင်းလဲမှုလျှော့ချနိုင်ခြင်း၊ ရေကြီးခြင်း၊ ရေလျှံခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်း၊ ရေပျော်ငှက်များ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်း၊ ရေထုညစ်ညမ်းမှုများကို သန့်စင်ပေးခြင်း၊ ရေချိုများပံ့ပိုးပေးခြင်း၊ ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးရေး ထုတ်ကုန်များနှင့် တိရစ္ဆာန်မွေးမြူရေး စသည့်လုပ်ငန်းများအတွက် အထောက်အပံ့ပြုပြီး စားနပ်ရိက္ခာ ဖူလုံစေရန် ပံ့ပိုးပေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် အရေးပါခြင်း၊ ဒေသခံပြည်သူများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေခြင်း စသည့် အကျိုးကျေးဇူး များစွာကို ပံ့ပိုးပေးလျက်ရှိသည်။
နိုင်ငံတကာအသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသများ
ရေဝပ်ဒေသများသည် နိုင်ငံတစ်နိုင်ငံချင်းစီ အတွက်သာမက ဒေသတွင်းနှင့် ကမ္ဘာ့ရာသီဥတုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဂေဟစနစ် တည်ငြိမ်ရေးအတွက်လည်း အထူးအရေးပါသည့် အလျောက် တစ်ကမ္ဘာလုံး အဆင့် ရေဝပ်ဒေသများ ဝိုင်းဝန်းထိန်းသိမ်းကြရန် အတွက် “ရေဝပ်ဒေသများ ကွန်ဗင်းရှင်း (Convention on Wetlands)” ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အီရန်နိုင်ငံ ရမ်ဆာမြို့ (Ramsar)၌ ဖွဲ့စည်းခဲ့သည်။ ယနေ့အချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ နိုင်ငံရှိပြီး နိုင်ငံတကာအဆင့် အရေးပါသော ရေဝပ်ဒေသပေါင်း ၂၄၇၁ ခု၊ စုစုပေါင်း ဧရိယာ ၂၅၆၁၉၂၃၅၆ ဟက်တာကို သတ်မှတ် ထိန်းသိမ်းထားလျက်ရှိသည်။ “ရမ်ဆာ (Ramsar) ရေဝပ်ဒေသများ”ဟုလည်း ခေါ်ဆိုသည်။
ဇီဝဘူမိထူးခြားသည့် ဒေသအတွင်း၌ သဘာဝအတိုင်းတွေ့ရသည့် သို့မဟုတ် သဘာဝနီးပါးရှိနေသည့် ထူးခြားရှားပါးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ ထူးခြားသော ဇီဝဘူမိဒေသ၏ ဇီဝမျိုးစုံမျိုးကွဲများကိုထိန်းသိမ်းရန် အတွက် အပင်နှင့်တိရစ္ဆာန် မျိုးစိတ်များကို ထောက်ပံ့ပေးသည့် ရေဝပ်ဒေသဖြစ်ခြင်း၊ အပင်နှင့်တိရစ္ဆာန် မျိုးစိတ်များ၏ အသက်ရှင်နေထိုင်မှု၌ အကောင်းဆုံး အခြေအနေကိုပေးနိုင်သော သို့မဟုတ် မတူညီသော အသက်ရှင်နေထိုင်မှု၌ ခိုလှုံခွင့်ပေးနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း၊ ရေပျော်ငှက်ပေါင်း ၂၀၀၀၀ နှင့်အထက် ပုံမှန်ကျက်စားနိုင်သော ရေဝပ်ဒေသဖြစ်ခြင်း အပါအဝင် စံသတ်မှတ်ချက် (၉) ချက်အနက် အနည်းဆုံး တစ်ချက်နှင့်ကိုက်ညီသော ရေဝပ်ဒေသများကို နိုင်ငံတကာအသိ အမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခြင်း ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ရေဝပ်ဒေသများ အားလုံးကို အကျိုးရှိစွာ စနစ်တကျအသုံးချခြင်း၊ နိုင်ငံတကာအဆင့် အရေးပါသည့် ရေဝပ်ဒေသများ (ရမ်ဆာရေဝပ်ဒေသများ)ကို ထိန်းသိမ်းခြင်းနှင့် နိုင်ငံတကာ ပူးပေါင်းမှုများဖြင့် နယ်နိမိတ်ထိစပ်လျက် ရှိသော ရေဝပ်ဒေသများ၊ အဆိုပါရေဝပ်ဒေသများရှိ သားငှက်တိရစ္ဆာန် မျိုးစိတ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ် မတ် ၁၇ ရက်တွင် ရမ်ဆာရေဝပ်ဒေသ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် စတင်ပါဝင်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများ စီမံအုပ်ချုပ်သည့် အဖွဲ့အစည်း (Administrative Authority)အဖြစ် ရေဝပ်ဒေသထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ရမ်ဆာရေဝပ်ဒေသများကို တည်ထောင်ထိန်းသိမ်း လျက်ရှိရာ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၀၄ ခုနှစ်တွင်လည်းကောင်း၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ မုတ္တမပင်လယ်ကွေ့ဒေသ (မွန်ပြည်နယ်အပိုင်း)ကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း၊ နံ့သာကျွန်းနှင့် မေယုမြစ်ဝဒေသကို ၂၀၂၀ ပြည့်နှစ်တွင် လည်းကောင်း နိုင်ငံတကာ အသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသများအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတကာ အသိအမှတ်ပြုရေဝပ်ဒေသ စုစုပေါင်းဧရိယာ ၂၇၈၆၉၇ ဟက်တာကျော်ကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ရေဝပ်ဒေသ များစွာရှိသည့်အနက် ရမ်ဆာရေဝပ်ဒေသ စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ရေဝပ်ဒေသများ ရှာဖွေဖော်ထုတ်ပြီး ထိန်းသိမ်းလျက်ရှိရာ မန္တလေးမြို့နှင့် စဉ့်ကိုင်မြို့အနီးရှိ ပလိပ်အင်း ရေဝပ်ဒေသ၊ တံတားဦးမြို့အနီးရှိ ပျူကန်ရေဝပ်ဒေသ၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးနယ်မြေ (ဧရာဝတီမြစ် စဉ့်ကူး-ပုဂံအပိုင်း)၊ ခန္တီးမြို့အနီး ချင်းတွင်းမြစ် အထက်ပိုင်း ဒေသတို့သည် အလွန်အရေးပါသော ရေဝပ်ဒေသများဖြစ်သဖြင့် နိုင်ငံတကာ အသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသအဖြစ် အသိအမှတ်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ရေဝပ်ဒေသများပျက်စီးဆုံးရှုံးမှုများ
ရေဝပ်ဒေသများသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ ဂေဟစနစ် တည်ငြိမ်ရေး၊ ရေကြီးရေလျှံခြင်း အပါအဝင် ရေနှင့်ပတ်သက်သော သဘာဝဘေး အန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေသယံဇာတ ထိန်းသိမ်းရေးနှင့် စားနပ်ရိက္ခာဖူလုံရေး စသည့် အကျိုးကျေးဇူးများစွာ ပံ့ပိုးပေးလျက်ရှိသော်လည်း နိုင်ငံ၏ လူဦးရေ တိုးတက်လာမှု၊ မြို့ပြများနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ အဆောက်အအုံများ တိုးချဲ့လာမှု၊ အမှိုက်သရိုက်များ၊ ပလတ်စတစ်များ၊ စိုက်ပျိုးရေး၊ စက်မှု၊ရွှေနှင့် ဓာတ်သတ္တုတူးဖော်ခြင်း လုပ်ငန်းများမှ ဓာတုစွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုအပါအဝင် ပတ်ဝန်းကျင် အလွန်အမင်း ညစ်ညမ်းလာမှု၊ အိမ်ထောင်စုများမှ အညစ်အကြေးများ စွန့်ပစ်မှုနှင့် အခြားမြေအသုံးချမှုသို့ ပြောင်းလဲမှုများကြောင့် ရေဝပ်ဒေသများ ပျောက်ကွယ်ခြင်းနှင့် ပျက်စီးယိုယွင်းကာ အရည်အသွေး ကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
ဥပမာအားဖြင့် ရေဝပ်ဒေသများမှ ရေကိုအလွန်အကျွံ ထုတ်ယူ၍ စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ရေနက်ကွင်း စိုက်ပျိုးမြေများ ဖော်ထုတ်ခြင်း၊ ရွှေနှင့်ဓာတ်သတ္တု အမျိုးမျိုး တူးဖော်ထုတ်လုပ်ခြင်း စသည်တို့သည် မြစ်၊ ချောင်းများ၊ အင်းအိုင်များအပါအဝင် ရေဝပ်ဒေသများ အတွင်းသို့ ရေစီးဆင်းမှုနှင့် ရေဝပ်ဒေသ၏ရေလွှမ်း လွင်ပြင်ဧရိယာများကို ပြောင်းလဲစေပြီး ပံ့ပိုးလျက်ရှိသော ဝန်ဆောင်မှုများကို ထိခိုက်ပျက်စီးစေပါသည်။
မြန်မာနိုင်ငံတစ်ဝန်း အချို့သောမြို့များ၊ ဒေသများတွင် နှစ်စဉ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ အကြောင်းရင်း အမျိုးမျိုးအနက် ရေဝေရေလဲဒေသ သစ်တောများ ပြုန်းတီးခြင်း၊ မြစ်၊ ချောင်းများ တိမ်ကောလာခြင်းနှင့် ရေလျှံကွင်းများ၊ ရေဝပ်ဒေသများပျက်စီးခြင်း၊ ပျောက်ကွယ်လာခြင်းသည် အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် မြို့ပြများနှင့် ဆက်စပ်နေသော ရေဝပ်ဒေသများ၏ ရေစီးဆင်း သိုလှောင်နိုင်မှု စွမ်းရည်များ ကျဆင်းပြီး ရေကြီးရေလျှံခြင်းများ မကြာခဏဖြစ်ပေါ်ရခြင်း ဖြစ်ပါသည်။ ရေဝပ်ဒေသဂေဟစနစ် ယိုယွင်းပျက်စီးခြင်းကြောင့် ရေနေသတ္တဝါ အမျိုးမျိုး၊ ဒေသမျိုးရင်း ငါးမျိုးစိတ်များနှင့် ရေနေအပင်များ ဆုံးရှုံးပျောက်ကွယ်သကဲ့သို့ ရေလုပ်ငန်းများကို မှီခိုနေရသော ဒေသခံ ရေလုပ်ငန်းများ၏ လူမှုစီးပွား ကျဆင်းစေပြီး နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေနိုင်သည်။
အမျိုးသား ရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ
ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဂေဟစနစ် တည်ငြိမ်ရေးအတွက် အလွန်အရေးပါသော ရေဝပ်ဒေသများ ထိန်းသိမ်းရေးကို နိုင်ငံအဆင့် စဉ်ဆက်မပြတ် အကောင်အထည်ဖော်နိုင်ရန် “အမျိုးသား ရေဝပ်ဒေသမူဝါဒနှင့် မဟာဗျူဟာ လုပ်ငန်းများ”ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
ရေဝပ်ဒေသများကို ကာကွယ်ခြင်း၊ အကျိုးရှိစွာ အသုံးချခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်များတွင် ရေဝပ်ဒေသတန်ဖိုးများကို ထည့်သွင်းခြင်း၊ အစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပုဂ္ဂလိက ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း၊ သိမြင်နိုးကြားမှု မြှင့်တင်ခြင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေဝပ်ဒေသအစီအစဉ်များတွင် ပါဝင်ခြင်း စသည့် ရေဝပ်ဒေသမူဝါဒများနှင့်အညီ နှစ်တို၊ နှစ်ရှည် စီမံကိန်းများရေးဆွဲကာ ရေဝပ်ဒေသများ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ ရေဝပ်ဒေသထိန်းသိမ်း စီမံအုပ်ချုပ်ခြင်းဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ (National Wetland Committee)) ကိုလည်း ၂၀၁၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဆက်စပ်ဌာနများအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ဆောင်းခိုငှက်များ နားခိုရာ ရေဝပ်ဒေသများ
မြန်မာနိုင်ငံသည် ဂေဟစနစ်အရ အရေးပါသော ရေဝပ်ဒေသများ ပေါများသဖြင့် ဌာနေ ဒေသမျိုးရင်းငှက်မျိုးစိတ်များ ပေါကြွယ်ဝသကဲ့သို့ ကမ္ဘာ့အအေးပိုင်း ဒေသများမှ လာရောက်ကြသော ဆောင်းခိုငှက်များကိုလည်း တွေ့နိုင်သည်။ မြန်မာနိုင်ငံသည် အရှေ့ အာရှ-သြစတြေးလျ ဒေသငှက်ပျံသန်းရာ လမ်းကြောင်း (East Asian-Australian Flyway Site Network)တွင် ကျရောက်သဖြင့် သဘာဝဂေဟစနစ်များ ကောင်းမွန်ပြီး အစားအစာများနှင့် နားခိုရာနေရာ ပေါများသော မြန်မာနိုင်ငံ၏ ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်များ နှစ်စဉ်လာရောက် နားခိုကြပါသည်။ သစ်တောဦးစီး ဌာန၏ နှစ်စဉ်ငှက်စာရင်း ကောက်ယူမှုများအရ ၂၀၂၂ ခုနှစ်အတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရေဝပ် ဒေသတွင် ငှက်မျိုးစိတ် ၁၅၁ မျိုးနှင့် ကောင်ရေ ၄၁၅၆၃၊ မိုးယွန်းကြီးအင်းတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၁၉ မျိုးနှင့် ကောင်ရေ ၂၇၄၄၇၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရေဝပ်ဒေသတွင် ငှက်မျိုးစိတ် ၁၈၇ မျိုးနှင့် ကောင်ရေ ၃၂၁၅၁ နှင့် မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရေဝပ် ဒေသ၌ ငှက်မျိုးစိတ်ပေါင်း ၁၀၃ မျိုး၊ ကောင်ရေ ၃၀၅၂ တို့ နေထိုင်ကျက်စားကြောင်း တွေ့ရှိရသည်။
ဆောင်းခိုငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံရှိ ရေဝပ်ဒေသများသို့ နှစ်စဉ် အောက်တိုဘာလမှ ဧပြီလအထိ ကျရောက် ကျက်စားကြသည်။ အဆိုပါ ငှက်မျိုးစိတ်များအနက် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေအရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် စာရင်းဝင်နှင့် အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့ ((International Union for Conservation of Nature-IUCN) ၏ Redlist စာရင်းဝင်ဖြစ်သော မျိုးသုဉ်းလုနီး အန္တရာယ်ရှိနေသော မျိုးစိတ် ရေညှောင့် နှုတ်သီးဝိုင်း ((Spoon billed Sandpiper - Calidris pygmaea (CR))၊ မျိုးသုဉ်းရန် အန္တရာယ်ရှိသောမျိုးစိတ် နော်မန်ခြေစိမ်း (Nordmann's Greenshank-Tringa guttifer (EN))၊ နော့ (Great Knot Calidris tenuirostris(EN))၊ မျိုးသုဉ်းရန်ချိန်းခြောက်မှု အဆင့်သို့ နီးကပ်နေသောမျိုးစိတ် အမြီးနက်ဂေါ့ဒွစ်(Black-tailed Godwit (NT))များသည် မုတ္တမပင်လယ်ကွေ့၊ နံ့သာကျွန်း(မေယုမြစ်ဝ)နှင့် မိန်းမလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောများတွင် တွေ့ရှိရသည်။
မျိုးသုဉ်းလုနီးအန္တရာယ်ရှိနေသော မျိုးစိတ် ပို့ချပ်ခေါင်းစိမ်း (Baer's Pochard - Aythya baeri (CR))၊ မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သောမျိုးစိတ် ပို့ချပ်ဘဲ (Common Pochard - Aythya ferina (VU)၊ မျိုးသုဉ်းရန်ချိန်းခြောက်မှု အဆင့်သို့ နီးကပ်နေသော မျိုးစိတ် ဘဲနီစပ် (Ferruginous Pochard - Aythay nyroca (NT))၊ ခရုစုပ်အနက် (Black-headed Ibis -Threskiornis melanocephalus (NT))၊ နှုတ်သီးကောက်ကြီး (Eurasian Curlew- Numenius arquata(NT))၊ ဘဲတောင်ရှည်(Falcated Duck Anas falcate (NT))နှင့် ဌာနေရေပျော်ငှက်များတွင် မျိုးသုဉ်းရန်အန္တရာယ် ကျရောက်နိုင်သော မျိုးစိတ် ကြိုးကြာခေါင်းနီ(Surus Crane - Antigone Antigone (VU))၊ မျိုးသုဉ်းရန် ချိန်းခြောက်မှုအဆင့်သို့ နီးကပ်နေသော မျိုးစိတ် ငှက်ကြီးဝန်ပို (Spot-billed Pelican- Pelicanus philippensis (NT))၊ ဥပန်း (Oriental Darter- Anhinga melanogaster (NTွှ)) မျိုးစိတ်များအား အင်းတော်ကြီး၊ မိုးယွန်းကြီးအင်းနှင့် အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောများတွင် တွေ့ရှိနိုင်သည်။
ကမ္ဘာ့ရေဝပ်ဒေသများနေ့ (World Wetlands Day)
ကမ္ဘာ့ရေဝပ်ဒေသများနေ့ သည် ရေဝပ်ဒေသများ၏ တန်ဖိုးကို မီးမောင်းထိုးပြရန် အတွက် နှစ်စဉ် ဖေဖော်ဝါရီ ၂ ရက်တွင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေး လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ဖေဖော်ဝါရီ ၂ ရက်သည် ၁၉၇၁ ခုနှစ်တွင် ချမှတ်ခဲ့သော အစိုးရ အချင်းချင်း သဘောတူစာချုပ်ဖြစ်သည့် Wetlands Convention ၏ နှစ်ပတ်လည်နေ့ ဖြစ်ပြီး ကမ္ဘာလုံး ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၇၂ က ရေဝပ်ဒေသ ထိန်းသိမ်းရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်အတွက် ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဦးတည်ချက်ဆောင်ပုဒ်မှာ “ရေဝပ်ဒေသများ တည်တံ့ဖို့၊ ခုချိန်ကစ ပြန်လည် တည်ထောင် ထိန်းသိမ်းစို့” (It's time for Wetland Restoration) ဖြစ်ပါသည်။ ကမ္ဘာ့ရေဝပ်ဒေသများ၏ ၃၅ ရာခိုင်နှုန်းသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ယခုနှစ်၏ ဆောင်ပုဒ်သည် ရေတိမ်ဒေသများ ပြန်လည်ထူထောင်ရေးကို ဦးစားပေး လုပ်ဆောင်ရန် အရေးတကြီး လိုအပ်မှုကို မီးမောင်းထိုးပြပြီး ပျက်စီးသွားသော ရေတိမ်ဒေသများ ပြန်လည်ရှင်သန်ရန်နှင့် ပြန်လည်ထူထောင်ရန် အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် မျိုးဆက်သစ် တစ်ရပ်လုံးအား တိုက်တွန်းထားခြင်းဖြစ်သည်။
ကမ္ဘာ့ရေဝပ်ဒေသများနေ့ ဆောင်ပုဒ်သည် ကုလသမဂ္ဂ ဂေဟစနစ်ပြန်လည် ထူထောင်ရေး ဆယ်စုနှစ် (၂၀၂၁-၂၀၃၀) ကို ပံ့ပိုးပေးလျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ ဂေဟ စနစ်အမျိုးမျိုး ပြန်လည်ထူထောင်ရေး အတွက်လည်း လှုံ့ဆော်ပေးလျက်ရှိသည်။ ရေဝပ်ဒေသများက လူသားမျိုးနွယ်များနှင့် ကမ္ဘာမြေအတွက် အကျိုးပြုမှုများကို ပြည်သူများသိရှိနားလည်မှု တိုးမြင့်လာစေရန် ရည်ရွယ်ပြီး ရေဝပ်ဒေသများ ထိန်းသိမ်းခြင်း၊ အကျိုးရှိစွာ အသိအလိမ္မာနှင့် အသုံးပြုခြင်းနှင့် ပြန်လည် ထူထောင်ခြင်းတို့ကို ဖြစ်ပေါ်စေမည့် ဆောင်ရွက်ချက်များကို အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်ပြီး ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် လှုပ်ရှားမှုများကို ကျင်းပခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ကမ္ဘာ့ရေဝပ်ဒေသများနေ့ ကျရောက်တိုင်း သစ်တောဦးစီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ပူးပေါင်းပြီး “ကမ္ဘာ့ရေဝပ်ဒေသများနေ့” အထိမ်းအမှတ် အခမ်းအနားများကို အနှစ်သာရ ပြည့်ဝစွာ ကျင်းပနိုင်ခဲ့သည်။ အထူးသဖြင့် ရေဝပ်ဒေသများ ထိန်းသိမ်းရေးအတွက် အရေးကြီးသည့် သတင်းအချက်အလက်များ ပြည်သူများ၊ အကျိုးဆက်စပ် ပတ်သက်သူများထံ သတင်းပါးနိုင်ရေးအတွက် သတင်းမီဒီယာ အမျိုးမျိုးဖြင့်ဖြန့်ဝေခြင်း၊ ဆွေးနွေးပွဲများ၊ ပြပွဲပြိုင်ပွဲများ ကျင်းပခြင်း၊ ပညာရေး အစီအစဉ်များတွင် ပေါင်းစပ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်း၊ ဒေသခံပြည်သူများ အပါအဝင် အကျိုးဆက်စပ် ပတ်သက်သူများ ပူးပေါင်းပါဝင်စေခြင်းနှင့် ရေဝပ်ဒေသဆိုင်ရာ သိမြင်နိုးကြားမှု တိုးပွားလာစေရန် ဆောင်ရွက်ခြင်း (Communication, Education, Participation and Awareness-CEPA) တို့ကို ဆောင်ရွက်လျက် ရှိသည်။
ရေဝပ်ဒေသများ ထိန်းသိမ်းရာတွင် အကောင်းဆုံးသော နည်းလမ်း(၇)သွယ်ကို အကောင်အထည်ဖော်ရန် ကမ္ဘာ့ရေဝပ်ဒေသ ကွန်ဗင်းရှင်းက တိုက်တွန်းထားပါသည်-
(က) ရေဝပ်ဒေသများမှ ပံ့ပိုးထောက်ပံ့သော ဝန်ဆောင်မှုတစ်ခု သို့မဟုတ် နှစ်ခုကို သာမက အမျိုးမျိုးသော အကျိုးကျေးဇူးများနှင့် ဝန်ဆောင်မှုများကို ရယူသုံးစွဲ နိုင်ရန် စဉ်းစားဆောင်ရွက်ခြင်း၊
(ခ) ရေဝပ်ဒေသဂေဟစနစ်များ သဘာဝအလျောက် ပြန်လည်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း၊
(ဂ) ရေဝပ်ဒေသများ ထိန်းသိမ်းရာတွင် စီမံချက် ရေးဆွဲခြင်းမှသည် အကောင်အထည်ဖော်သည်အထိ ဒေသခံပြည်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပါဝင် ဆောင်ရွက်စေခြင်း၊
(ဃ) ရေဝပ်ဒေသများ ပျက်စီးဆုံးရှုံးရခြင်း အကြောင်းရင်းများကို ရှာဖွေဖော်ထုတ် ဖြေရှင်းခြင်း၊ လျော့ပါးစေရန် ကန့်သတ်ခြင်းနှင့် ပင်မဧရိယာမှ ဖယ်ထုတ်ခြင်း၊
(င) ပျက်စီးနေသော ရေဝပ်ဒေသများကို ရှင်းလင်းခြင်းနှင့် ဖြစ်နိုင်သမျှ ပြန်လည် ထူထောင်ခြင်း၊
(စ) ဒေသမျိုးရင်း တောရိုင်းတိရစ္ဆာန်များ၊ အပင်မျိုးစိတ်များ ထိန်းသိမ်းခြင်းနှင့် ပြင်ပမှ မျိုးစိတ်များကိုဖယ်ရှားခြင်း၊
(ဆ) ရေဝပ်ဒေသများအတွင်း ဂေဟစနစ်အပေါ် မူတည်၍ ဝင်ရောက်သွားလာမှု ကန့်သတ် ဧရိယာများခွဲခြားထားခြင်း၊ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးနယ်မြေများ၊ ပြည်သူများ လာရောက်လည်ပတ်နိုင်သော နေရာများ ခွဲခြားထားခြင်း၊ ရေဝပ်ဒေသများ ထိန်းသိမ်းရေးတွင် အဓိက အခန်းကဏ္ဍမှ ဦးဆောင်နေသော ပြည်ထောင်စုအစိုးရ အဖွဲ့စည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များ၊ ရေဝပ်ဒေသများ ထိန်းသိမ်းရေးတွင် စိတ်အားထက်သန်စွာ ဆောင်ရွက်လျက်ရှိသော ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့အစည်းများ အပါအဝင် ရန်ပုံငွေကြေး ပံ့ပိုးလျက်ရှိသော အဖွဲ့အစည်းများ၊ ဂေဟစနစ် ထိန်းသိမ်းရေးကို ဦးဆောင်မှုပြုနေသော ဒေသခံပြည်သူအစုအဖွဲ့ ခေါင်းဆောင်များ၊ ရေဝပ်ဒေသများနှင့် ဆက်စပ်လျက်ရှိသော ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ ပညာရေးကဏ္ဍမှ ဆရာ၊ ဆရာမများ၊ ဂေဟစနစ် ထိန်းသိမ်းရေး ပညာရှင်များနှင့် လက်တွေ့ဆောင်ရွက်နေသူများ အားလုံး တက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ရေဝပ်ဒေသများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်သည်။
ရေဝပ်ဒေသများတည်တံ့ဖို့၊ ခုချိန်ကစ ပြန်လည်တည်ထောင်ထိန်းသိမ်းစို့
လူဦးရေတိုးတက်လာမှု၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ အရေးကြီးသော ရေဝပ်ဒေသများ ပျက်စီးပျောက်ကွယ်လာခြင်းကြောင့် ရေကြီးရေလျှံခြင်း အပါအဝင် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို ရင်ဆိုင်ကြရလျက်ရှိသည်။ ရေဝပ်ဒေသများ အပါအဝင် ဆက်စပ်ဂေဟစနစ်များကို ထိန်းသိမ်းခြင်းဖြင့် လူ့ဘောင် အဖွဲ့အစည်းများက ရင်ဆိုင်နေရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်း အဆင့်မှသည် အဖွဲ့အစည်းအဆင့်၊ ရပ်ကွက်/ကျေးရွာအဆင့်မှသည် နိုင်ငံတော် အဆင့်အထိ ဆောင်ရွက်နိုင်သော လုပ်ငန်းများလည်း ဖြစ်သည်။ ရေဝပ်ဒေသများ ထိန်းသိမ်းခြင်း လုပ်ငန်းများကို မိမိတို့လုပ်နိုင်သည့် အဆင့်မှ စတင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြု ရမ်ဆာရေဝပ်ဒေသများတွင် ဆောင်ရွက်ဆဲ ရေဝပ်ဒေသ ထိန်းသိမ်းရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ အခြားအလားအလာကောင်းသော ရေဝပ်ဒေသများကိုလည်း ယခုချိန်မှစတင်ကာ ဝိုင်းဝန်းထိန်းသိမ်းကြရန် အလွန်အရေးကြီးပါသည်။ သို့မှသာ ရေဝပ်ဒေသများ ရေရှည်တည်တံ့ပြီး ရေဝပ်ဒေသများမှ ပံ့ပိုးသော အကျိုးကျေးဇူးများစွာကိုလည်း အပြည့်အဝ ရရှိခံစားနိုင်မည်ဖြစ်ကာ နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း “၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ရေဝပ်ဒေသများနေ့”ကို ဂုဏ်ပြုတင်ပြအပ်ပါသည်။ ။
သစ်တောမောင်