ထူးမြတ်သာမြဲတပို့တွဲ
တပို့တွဲလသည် မြန်မာပြက္ခဒိန်၏ ဧကာဒသမမြောက်လဖြစ်သည်။ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းကျရောက်၏။ ဆောင်းဥတု၏နောက်ပိုင်းကာလဖြစ်ပြီး ရက်မစုံသောလဖြစ်သည်။ တပို့တွဲဟူသောဝေါဟာရသည် တပိုင် ဟူသော စကားမှဆင်းသက်လာခြင်းဖြစ်ပြီး ထန်းဖူးကိုဆိုလိုခြင်းဖြစ်၏။ ကာလရှည်သောအခါ တပို့ အဖြစ်သို့ပြောင်းလဲသွားသည်။ တွဲဟူသည်ကား အသီးအခိုင်တွဲလောင်းကျသည်ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် တပို့တွဲလဆိုသည်မှာ ထန်းဖူးများထွက်သောလဟု အဓိပ္ပာယ်ရသည်။ ကျောက်စာအရေးအသားတို့တွင် တပိုင်တွဲ၊ တပိုင်ထွယ်၊ တပို့ထွယ်ဟု ရေးသားလေ့ရှိသည်။ ဗေဒင်အခေါ်အဝေါ်အားဖြင့် ကုံရာသီဖြစ်၏။ ထိုရာသီတွင် နေမင်းသည် မာဃနက္ခတ်နှင့် စန်းယှဉ်ကာမွန်းတည့်သည်။ ရာသီအရုပ်မှာ ရေထမ်းသမားဆင်းရဲသားပုံဖြစ်၍ ရာသီပန်းမှာ ပေါက်ပန်းဖြစ်သည်။
တပို့တွဲလတွင် ကျွဲများ၏ ချိုဖျားအထိအေးသည်ဟုအဆိုရှိခဲ့သည်။ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက တပို့တွဲလတွင် မီးမလှုံရန် ရဟန်းတို့ကိုတားမြစ်တော်မူခဲ့ဖူးသည်။ ထိုကဲ့သို့တားမြစ်ရခြင်းမှာ ထင်းမီးအပူရှိန်နှင့် မျက်စိမသင့်ခြင်း၊ မီးလှုံခြင်းကြောင့် အသားပပ်ခြင်း၊ ခွန်အားဆုတ်ယုတ်ခြင်း၊ မီးလှုံစဉ်အပေါင်းအဖော်တို့နှင့် မွေ့လျော်တတ်ကာ အကျိုးမရှိသောစကားများကို ပြောဆိုတတ်ခြင်းတို့ကြောင့်ပင်ဖြစ်သည်။ သို့ရာတွင် တပို့တွဲလအကုန်တပေါင်းလအကူး ကြားကာလ ၈ ရက်သည် အလွန်အင်မတန်ချမ်းအေးသောကြောင့် ထိုရက်များအတွင်းရဟန်းများကို မီးလှုံရန်ခွင့်ပြုရုံမျှမက ဘုရားရှင်ကိုယ်တော်တိုင်သည်ပင် မီးလှုံတော်မူ၏။ ဤသည်ကိုအစွဲပြု၍ တပို့တွဲလ၌ မီးပုံပွဲကိုဆင်ယင်ကျင်းပကြသည်။ မီးပုံပွဲကျင်းပပုံမှာ အလှူရှင်များသည် တော
တောင်များသို့ သွားရောက်ကာ နံ့သာထင်းများကိုခုတ်ယူကြ၏။ ထို့နောက် ၎င်းထင်းများကိုစုပုံ၍ မီးရှို့ကာ ဘုရားစေတီများအား အပူဓာတ်ဖြင့်လှူဒါန်းပူဇော်ကြသည်။ ယနေ့ခေတ်ကျင်းပပုံမှာ ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့နေအိမ်မှအမွှေးတိုင်များ၊ သနပ်ခါးတုံးများကိုယူဆောင်၍လည်းကောင်း၊ အသင့်ရောင်းချသောထင်းစည်းငယ်များကိုဝယ်ယူ၍ လည်းကောင်းစေတီအနီးတွင်ပြုလုပ်ထားသော မီးဖိုအတွင်းသို့ ထည့်၍မီးပူဇော်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ယနေ့ထက်တိုင်ကျင်းပမြဲဖြစ်၏။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ တန်ဖိုးထားသောထမနဲပွဲကို တပို့တွဲလတွင်ကျင်းပကြသည်။ ထမနဲပွဲပေါ်ပေါက်လာပုံမှာ တစ်ရံခါသော် မြတ်စွာဘုရားသည် များစွာသောသံဃာတော်တို့နှင့်အတူ အန္ဓဝိန္ဒရွာသို့ ဒေသစာရီကြွချီတော်မူသည်။ ရွာသူရွာသားတို့သည် ဆန်၊ ဆီ၊ ဆား၊ ဆေး စသောလှူဖွယ်ဝတ္ထုတို့ကို လှည်းဖြင့်တင်ဆောင်၍မြတ်စွာဘုရားကြွချီရာသို့လာရောက်ကာ ကပ်လှူကြ၏။ ထိုအချိန်တွင်မြတ်စွာဘုရားရှင်၌ လေနာနှိပ်စက်ခြင်းခံရလေသော် အရှင်အာနန္ဒာအား ယာဂုဆွမ်းအလှူခံရန် မိန့်တော်မူသဖြင့် မာတုဂါမတစ်ဦးထံ အလှူခံလိုက်၏။ ထိုအလှူရှင်မှ ချင်းစိမ်း၊ ငရုတ်၊ ကြက်သွန်၊ နှမ်း၊မြေပဲ၊ အုန်းသီးဆန်၊ သစ်ကြားသီးတို့ဖြင့် စီရင်ထားသော ယာဂုဆွမ်းကိုကပ်လှူ၏။ ထိုယာဂုဆွမ်းကိုဘုရားရှင်မှ ဘုဉ်းပေးခဲ့ရာ လေနာရောဂါပျောက်လေသည်။ ထိုအချိန်သည် တပို့တွဲလဖြစ်ပြီး ယာဂုကိုချက်ပြုတ်ကပ်လှူမှုကို အစွဲပြုရာမှ ထမနဲပွဲဖြစ်ပေါ်လာ၏။ ကောက်ညှင်းထမင်းကို နှဲခြင်းသို့မဟုတ် ကြေညက်အောင်ပြုလုပ်ရာမှ ထမနှဲဟူသောစကားလုံးမှကာလကြာသောအခါ ထမနဲအဖြစ်ပြောင်းလဲလာသည်။ နှမ်းလှော်အနည်းငယ် ထည့်ခြင်းကြောင့် နှမ်းမနဲဟုလည်း ခေါ်ဆိုကြသည်။ ထမနဲထိုးရာ၌ အချိန်အဆရှိသည်။ ထမနဲသည် စား၍ကောင်းရုံသာမက ရက်ရှည်လည်းအထားခံ၏။ ထမနဲထိုးသည့်အခါ ထည့်ရမည့်အချိုးအစားကို စားတော်ရထည်ပေါက်ဝါ၊ လေးပြည်သာထည့်မြဲ၊ ချိန်ပိဿာလျှံကြည်ရွှဲအောင်လို့၊ နှမ်းဆီလည်းထည့်ပြန်၊ မြေပဲ
ဆန် အဌ သုညငယ်နှင့်ဒုပတ္တိံ သတိ လ ဗီ ဇံ၊ အုန်းသီးစိတ်ကျပ်ဝီသံငယ်၊ လေကတန်ချိန်သတ်နှင့်၊ ချင်းနုဖတ်သိင်္ဂီမျှင်ရွှေ၊ သုံးကျပ်မသွေဟုတေးထပ်ဖြင့် စပ်ဆိုခဲ့ကြသည်။ အဓိပ္ပာယ်မှာ ထမနဲထိုးသောအခါ ပထမဦးစွာကောက်ညှင်းဆန်လေးပြည်ကိုရေစင်အောင်ဆေးထားရ၏။ ထို့နောက် ဆီတစ်ပိဿာကို ဒယ်အိုးတွင်ထည့်ကာ ချင်းသုံးကျပ်သားနှင့် ဆီသတ်၍ကောက်ညှင်းနှပ်ရသည်။ ကောက်ညှင်းနှပ်၍ ဆီပြန်သည်ထိ ကြေအောင်နှဲရသည်။ ယင်းသို့နှဲရာတွင် ယောက်မနှစ်လက်ဖြင့် ပွတ်ခြေသဖြင့် ကြေသွားသောကောက်ညှင်းတွင် မြေပဲဆန်အကျက် ၈၀ ကျပ်သား၊ နှမ်းလှော် ၃၂ ကျပ်သား၊ အုန်းသီးစိတ်၂၀ ကျပ်သားနှင့် ဆား ၇ ကျပ်သားတို့ကို နှံ့အောင်ထည့်၍မွှေလျှင် ထမနဲအဖြစ်သို့ ရောက်ရှိတော့သည်။ အေးချမ်းသောရာသီဥတုဒဏ်ကိုခံနိုင်ရန်အတွက် ချင်း၊ ကောက်ညှင်း၊ နှမ်းဆီ စသော ပူစေသည့်အရာများဖြင့် စီမံထားသည်မှာ မြန်မာ့ရိုးရာအစားအစာ၏ လိုက်လျောညီထွေမှုတစ်ခုပင်ဖြစ်သည်။ ထမနဲကို သွားမကောင်းသော အဘိုးအဘွားများပင် တမြုံ့မြုံ့ဖြင့်စားနိုင်၏။ နှင်းဝေသောအချိန်တွင် ထမနဲထိုးပြိုင်ပွဲကို ဆင်နွှဲရသည်မှာ ပျော်ရွှင်ဖွယ်ရာကောင်းလှ၏။ မီးဖိုတွင်တည်ထားသော ဒယ်အိုးကြီး၏အနီးတွင် အားကောင်းမောင်းသန်ယောကျ်ားနှစ်ဦးသည် ခါးတောင်းကို မြှောင်အောင်ကျိုက်၍ ထမနဲထိုးရန်ယောက်မကြီးကို ကိုင်ကာအဆင်သင့်စောင့်နေ၏။ ၎င်းတို့နှစ်ဦးကြားတွင် ရေကိုင်ဟူသော ယောကျ်ားတစ်ဦးက ဆောင့်ကြောင့်ထိုင်လျက်ရှိပြီး ထမနဲထိုးရန်အချက်ပေးလိုက်သောအခါ ထမနဲထထိုးခြင်းကို စတင်လုပ်ဆောင်ပါတော့သည်။ အနီးအနား၌ အိုးစည်ဝိုင်းကလည်း မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ်ကခုန်နေသည်။ ရေကိုင်ဆရာသည် ထင်းမီးအလျော့အတင်းပြုလုပ်ရန် ဆော်သြပေးခြင်း၊ ကောက်ညှင်းများ နူးနပ်ညီညာမှုရှိစေရန် ရေတောက်ပေးခြင်း၊ ထမနဲထိုးသူများ၏ လ်အားစိုက်မှု အနေအထားတို့ကို ပြောဆိုပေးခြင်းတို့ကိုဆောင်ရွက်၏။ ထမနဲထိုးရာတွင် ရေကိုင်ဆရာသည် အဓိကအခရာပင်ဖြစ်သည်။ ထမနဲကောင်းတစ်ဒယ်ဖြစ်ပေါ်လာစေရန်မှာ ရေကိုင်ဆရာအပေါ်တွင်မူတည်၏။ ထမနဲထိုးပြီးသောအခါ ဒိုင်လူကြီးများမှ ကောင်းသင့်ညံ့တို့ကိုရွေးချယ်ပြီး အဆင့်အလိုက်ဆုများ ချီးမြှင့်ပေးကြသည်။ ဆွမ်းတော်ကပ်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ ပို့ဆောင်လှူဒါန်းခြင်းတို့ဆောင်ရွက်ပြီးသောအခါ စားပွဲဝိုင်းတွင် ပန်းကန်ပြားဖြင့်ထည့်၍ ဝိုင်းဖွဲ့စားကြ၏။ တစ်အိမ်တက်ဆင်းပေးဝေကြ၏။ နံနက်စောစောထမနဲရနံ့သင်းပျံ့နေသည်မှာ စားချင်စိတ်ကို နှိုးဆွပေးသည်။
တပို့တွဲလတွင် မြန်မာတိုင်းရင်းသားအားလုံး၏စည်းလုံးညီညွတ်မှုကိုပြသသော နေ့ထူးနေ့မြတ်တစ်ရက်လည်း ရှိသေးသည်။ ထိုနေ့သည်ကာ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ပင်ဖြစ်၏။ ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံမှာဤသို့ဖြစ်သည်။ မြန်မာနိုင်ငံသည် နယ်ချဲ့ဗြိတိသျှတို့၏ လက်အောက်သို့ကျရောက်ခဲ့စဉ် လွတ်လပ်ရေးကိုမဖြစ်မနေပေးရမည်ဆိုသောအခါ တောင်ပေါ် ဒေသများကိုချန်လှပ်ထားလိုသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ရွှေတိဂုံကုန်းတော်အလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးက မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် တိုင်းရင်းသားအားလုံးလက်တွဲ၍ အတူတကွလွတ်လပ်သော ပြည်ထောင်စုနိုင်ငံထူထောင်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။
ရှမ်းပြည်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့၏ ဗဟိုချက်ဖြစ်သော ပင်လုံမြို့လေးတွင် ရှမ်းစော်ဘွားများ ညီလာခံကို သခင်နု၊ ဦးဘဂျမ်းနှင့်မန်းဘခိုင်တို့တက်ရောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံသို့သွားရောက်ကာ ပြည်မအပါအဝင် တောင်တန်းဒေသများကိုပါ လွတ်လပ်ရေးပေးရန် အရေးဆိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ဝင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ပင်လုံညီလာခံကြီးသို့ တက်ရောက်၍ ပြည်မနှင့် တောင်တန်းဒေသပူးပေါင်းရေးကိုဆွေးနွေးကြ၏။ ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းတွင်
တိုင်းရင်းသားပေါင်းစုံခေါင်းဆောင်များနှင့်ပေါင်းစည်းညီညွတ်မှုကိုရရှိခဲ့သည်။ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်တို့သည် တောင်တန်းဒေသများက ပြည်မကြီးနှင့်ပူးပေါင်းရန် သဘောတူညီမှုရရှိသော ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ယင်းသို့ တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသားပေါင်းစုံ၏သွေးစည်းညီညွတ်မှုကိုပြသနိုင်ခဲ့သော ထိုနေ့ကို ပြည်ထောင်စုနေ့ဟု ခေါ်ဝေါ်သမုတ်ခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းကာလတွင် သမ္မတကြီးများဖြစ်ကြသော စဝ်ရွှေသိုက်၊ ဒေါက်တာ ဘဦးနှင့်မန်းဝင်းမောင်တို့လက်ထက်တွင် ဗိုလ်ရှုခံအခမ်းအနားကိုကျင်းပခဲ့ကြသည်။ ၁၉၅၄ ခုနှစ်မှစတင်၍ ပြည်ထောင်စုအလံတော်ကို အလှည့်ကျရာပြည်နယ်နှင့်တိုင်းအသီးသီးမှ ပြည်ထောင်စုနေ့သဘင်ကျင်းပချိန်အထိ ရန်ကုန်မြို့သို့ လက်ဆင့်ကမ်းသယ်ယူစေခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ဧည့်သည်တော်များကို တက်ရောက်စေခဲ့ပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြသီဆိုကြသည်။ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက်
စိန်ရတုပြည်ထောင်စုနေ့ကို နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ တပို့တွဲလတွင် ပေါက်ပင်၊ လက်ပံပင်တို့သည်တစ်ပင်လုံးရဲရဲနီအောင်ပွင့်ဖူးကြသည်။ ပင်ယံထက်တွင် ဆက်ရက်ငှက်များမှာ ဘာသာဘာဝသံစုံကျူးရင့်၍ပျော်မြူးနေကြ၏။ လေအဝေ့တွင် လက်ပံပွင့်များသည် တစ်ဝဲဝဲဖြင့်ကြွေကျလာသည်ကိုမြင်တွေ့ရသည်မှာ အလွန်ကြည်နူးဖွယ်ကောင်းလှ၏။အသစ်ထွက်သော လက်ပံရွက်စိမ်းနုနုနှင့်အနီရောင်လက်ပံပွင့်တို့ယှဉ်တွဲ၍ တည်ရှိနေပုံမှာ ပန်းချီကားတစ်ချပ်ပမာအလွန်လှပ၏။ ထို့ကြောင့် စာဆိုရှင်မဟာဂီတဦးပြုံးချိုက ပေါက်လဲရယ်တဲ့ ပွင့်စီစီဝတ်ပန်းသူရာရေကြောင့်၊ ဆက်ရက်တွေသံစုံကြူးတယ် မြူးသည့်ရာသီ၊ ငွေသော်တာကြယ်မာဃငယ်နှင့် ထွန်းလျှံပပြည့်ကာညီ၊ ပြာရည်လဲ့မြူခိုး၊ယာဂုပွဲကိုတဲ့၊ လှမြဲအလွန်ရွှင်လို့ ဆူးပန်းတွေဝေဝေပွင့်ကြတယ်၊ ထူးတင့်မညှိုးဟု မဟာဂီတပေါင်းချုပ်တွင်စပ်ဆိုခဲ့သည်။ ဆောင်းဥတုသည် ကုန်လွန်ရန်အချိန်ကျရောက်လျက်ရှိရာ အစွမ်းကုန်လက်စွမ်းပြသည့်အလား ထင်မှတ်မှားရလောက်အောင်ချမ်းအေးလှသည်။ တပို့တွဲလအေးမြပုံကို ဆောင်းကာလအထွက်၊ ထွက်ခတ်ခတ်သည် ဟုလည်း ပြောဆိုကြသည်။ နှာရည်ယိုရွဲတပို့တွဲဟူသော စကားနှင့်အညီ ရာသီဥတုမှာ အအေးပိုသောကြောင့် အအေးမိခြင်း၊ နှာစေးခြင်းများဖြစ်ပေါ်တတ်သည်။
တပို့တွဲလတွင် မြန်မာ့အစားအစာကို အမြတ်တနိုးတန်ဖိုးထားသည့် ရိုးရာထမနဲပွဲဆင်နွှဲခြင်း၊ မြန်မာလူမျိုးတို့၏ သဒ္ဓါတရားထက်သန်စွာ ထင်းမီးကိုပင်လှူဒါန်းတတ်သော ချစ်စရာဓလေ့စရိုက်ဖြစ်သည့်မီးပုံပွဲကျင်းပခြင်း၊ ရာသီဥတုမှာ အေးမြကြည်လင်ခြင်းနှင့် ပြည်ထောင်စုတိုင်းရင်းသားအားလုံး၏ချစ်ကြည်စည်းလုံးမှုကိုပြသသည့် ပြည်ထောင်စုနေ့ကျင်းပခြင်းတို့ကြောင့် ထူးမြတ်သာမြဲတပို့တွဲ ဟု ခေါ်ဆိုရေးသားလိုက်ရပါတော့သည်။ ။
စိန်ဌေးလှိုင်(ပခုက္ကူ)